ရေပူကျောင်း ဆရာတော်ကို လူဝတ်လဲ ဖမ်းဆီးခဲ့သူများအား သာသနာညှိုးနွမ်းစေမှုဖြင့် တရားစွဲမည်

ရေပူကျောင်း ဆရာတော်ကို လူဝတ်လဲ ဖမ်းဆီးခဲ့သူများအား သာသနာညှိုးနွမ်းစေမှုဖြင့် တရားစွဲမည်
ရေပူ​ကျောင်​းဆရာ​တော် ပြန်လည် လွတ်မြောက်ရေးအတွက်  မိုးကုတ်​မြို့ရှိ ချမ်​းသာကြီးဘုရားတွင် ဆုတောင်းပွဲလုပ်ရန် ချီတက်လာသည့် ဒေသခံများကို ဇွန် ၁၁ရက်က တွေ့ရစဉ်။ (ဓာတ်ပုံ- ကိုစိုးမင်းလှိုင်)

မန္တလေး၊ ဇူလိုင် ၁၁ ။  ။ မိုးကုတ်မြို့ ရေပူကျောင်းဆရာတော် ဦးဣိန္ဒအား  လူဝတ်လဲ ဖမ်းဆီးခဲ့သူများအား သာသနာညှိုးနွမ်းမှုဖြင့် ဇူလိုင်လ အကုန်တွင် တရားစွဲဆိုသွားမည်ဟု ၈၈ ငြိမ်းချမ်းရေးနှင့်ပွင့်လင်းလူ့အဖွဲ့အစည်း (မိုးကုတ်)မှ ကိုစိုးဌေးက ပြောသည်။

ကိုစိုးဌေးက  “ကျွန်တော်တို့ သာသနာညှိုးနွမ်းမှုနဲ့ တရားပြန်စွဲဖို့လုပ်နေတယ်။ အဓိက ကမိုးကုတ်မြို့ကျောက်မျက်ရောင်းဝယ်ရေး ဌာန ကိုစွဲမယ်။ တစ်ဆက်တည်း ဖမ်းဆီးခဲ့တဲ့ သူတွေကိုလည်း တရားစွဲ သွားမယ်။တစ်မြို့လုံးက စွဲမှာပါ။ “ပြောသည်။

မိုးကုတ်မြို့ ရေပူကျောင်းဆရာတော် ဦးဣိန္ဒအား တရားမဝင် ကျောက်မျက်တူးဖော်မှုနှင့် စွပ်စွဲကာ ဇွန်လ ၉ ရက် ည ၁၀ နာရီခန့်က လူဝတ်လဲဖမ်းဆီးခဲ့ခြင်းဖြစ်သည်။

ကိုစိုးဌေး က  “မတရားဖမ်းဆီးခံနေရတဲ့အတွက် ဆရာတော်အမြန်ဆုံးပြန်လွတ်ဖို့နဲ့ တရားပြန်စွဲဖို့အတွက်ကို လာမယ့် ဆရာတော် ရုံးချိန်းမတိုင်ခင် တစ်မြို့လုံးအစည်းအဝေးလုပ်ပြီး ဆုံးဖြတ်မှာပါ။ ဘယ်နေ့လုပ်မယ် ဆိုတာတော့ ရက်မသတ်မှတ် ရသေးဘူ။  “ဟု ပြောသည်။

ဆရာတော်အား  ဇူလိုင်  ၁၇ ရက်တွင် တတိယ ရုံးချိန်းအဖြစ် ပြင်ဦးလွင်ခရိုင်တရားရုံးတွင် စစ်ဆေးသွားမည် ဖြစ်ပြီး ထိုရုံးချိန်း မတိုင်ခင် တရားစွဲဆိုသွားနိုင်ရန် ဆောင်ရွက်သွားမည်ဟု ကိုစိုးဌေး က ဆိုသည်။

ရေပူကျောင်း ဆရာတော်၏ ဒကာရင်းဖြစ်သူ ဦးကြည်ဝင်းကလည်း  “ပြန်လည်တရားစွဲဆိုနိုင်ဖို့ မြို့လုံးကျွတ် အစည်းအဝေး လုပ်ပြီး ဆုံးဖြတ်မှာပါ။ တစ်မြို့လုံးရဲ့ ဆန္ဒအတိုင်းဆောင်ရွက်သွားကြမှာပါ။ ဆရာတော် ဘာ ပြစ်မှု မှကျူးလွန်ထားတာမရှိဘူး။ သက်သက်မဲ့ အမှုဆင်ပြီး ဖမ်းကြတာပါ။ ဒါကို တစ်မြို့လုံးက မခံနိုင်တာပါ။ “ဟုပြောသည်။

ပြန်လည်တရားစွဲဆိုနိုင်ရန်အတွက် အထက်မြန်မာပြည် ရှေ့နေများကွန်ယက်မှ ကူညီသွားမည် ဖြစ်ပြီး လက်ရှိဆရာတော်၏ အမှုကိုလည်း လိုက်ပါဆောင်ရွက်ပေးလျှက်ရှိသည်ဟု တရားလွှတ်တော်ရှေ့နေ ဦးသိန်းသန်းဦး ကဆိုသည်။

ရေပူဆရာတော်အား တရားမဝင်ကျောက်မျက်တူးဖော်မှုသည့်အတွက် ပုဒ်မ ၁၄ (က) (ခ) နဲ့ လူဝတ်လဲ၍ မိုးကုတ်မြို့မရဲစခန်း ဖမ်းဆီးခဲ့ခြင်းဖြစ်သည်။

ရေပူဆရာတော်သည် မိုးကုတ်မြို့တွင် ၂၀၀၇ ရွှေဝါရောင် သံဃာ့လှုပ်ရှားမှုအား ဦးဆောင်လှုပ်ရှားခဲ့သည့်အပြင် မိုးကုတ်မြို့၏ အထင်ကရ မိုးကုတ်အင်း  ပြန်လည်တူးဖေါ်သန့်ရှင်းစေရန်နှင့် အဆိုပါအင်းအတွင်း အဆောက် အဦးများ တည်ဆောက်နေမှု များအား ဦးဆောင်ကန့်ကွက်ခဲ့သည်။

ဆရာတော် ပြန်လည်လွတ်မြောက်ရေးအတွက် မိုးကုတ်မြို့ ဒေသခံ ၅၀၀၀ ခန့်က ဇွန် ၁၁ရက်တွင် ဆုတောင်းပွဲ ကျင်းပခဲ့ကြသေးသည်။

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly