အကူအညီမရပါက ယခုနှစ်အတွင်း နိုင်ဂျီးရီးယား ကလေးငယ် ၄၉,၀၀၀ ကျော် သေဆုံးရတော့မည်ဟု ကုလ သတိပေး

အကူအညီမရပါက ယခုနှစ်အတွင်း နိုင်ဂျီးရီးယား ကလေးငယ် ၄၉,၀၀၀ ကျော် သေဆုံးရတော့မည်ဟု ကုလ သတိပေး

သြဂုတ် ၂၅ ။             ။ နိုင်ဂျီးရီးယားနိုင်ငံ အနောက်မြောက်ပိုင်းတွင် နေထိုင်နေကြသော ကလေးငယ် ငါးသိန်းနီးပါးမှာ ယခုအခါ ဆိုးရွားသည့် အာဟာရချို့တဲ့မှုနှင့် ရင်ဆိုင်နေရကြောင်း ကုလသမဂ္ဂ၏ ယူနီဆက်ဖ်အဖွဲ့က သြဂုတ် ၂၅ ရက်တွင် ပြောကြားသည်။ မိုးခေါင်ရေရှားမှုနှင့် နိုင်ငံအနောက်မြောက်ခြမ်းတွင် ဘိုကိုဟာရမ်စစ်သွေးကြွများ ခုနှစ်ကြာထကြွသောင်းကျန်းနေခြင်းတို့ကြောင့် ကလေးငယ်တို့ ဒုက္ခကျရောက်နေရသည်ဟု ဆိုသည်။

ဘိုကိုဟာရမ်တို့၏ အဓိကလှုပ်ရှားရာနယ်မြေ ဘော်နိုပြည်နယ် ရှိ ကလေးငယ်ပေါင်း ၄၉,၀၀၀ ကျော်မှာ တစ်စုံတစ်ရာ ပြုစုကုသမှုများ မရပါက ယခုနှစ်အတွင်း သေဆုံးသွားရလိမ့်မည်ဟု ကုလအေဂျင်စီက သတိပေးသွားခြင်းဖြစ်သည်။ အဆိုပါ အခက်အခဲကို ဖြေရှင်းနိုင်ရန်အတွက် ကန်ဒေါ်လာ ၃၀၈ သန်း (ပေါင် ၂၃၃ သန်း) အရေးပေါ်လိုအပ်နေကြောင်း အေဂျင်စီက ထုတ်ပြန်ပြောကြားသည်။

အာဖရိကရှိ Lake Chad ကန်နှင့်ထိစပ်နေသော ချက်ဒ်၊ နိုင်ဂျီးရီးယား၊ နိုင်ဂျာ နှင့် ကင်မရွန်း နိုင်ငံတို့ရှိ ထိခိုက်ခံကလေးငယ်များကို အကူအညီပေးနိုင်ရန် လုပ်ဆောင်ရမည်ဖြစ်ကြောင်း အေဂျင်စီက ဆိုသည်။ ယခုလက်ရှိအချိန်ထိ လိုအပ်သည့် ရန်ပုံငွေပမာဏထဲမှ ၁၃ ရာခိုင်နှုန်း ဒေါ်လာ ၄၁ သန်းသာ ရရှိထားသည်ဟုလည်း ပြောသွားသည်။

ယခုအခါ ဘိုကိုဟာရမ်တို့ လှုပ်ရှားခဲ့သည့် နယ်မြေတစ်ချို့ကို နိုင်ဂျီးရီးယားအစိုးရတပ်က ပြန်လည်သိမ်းပိုက်ရယူထားနိုင်ခဲ့ခြင်းကြောင့် ယင်းဒေသများရှိ အကူအညီမဲ့နေသူများကို လိုအပ်သည့် လူသားချင်းစာနာမှု အကူအညီများ စတင်ပေးနိုင်ရန် အကူအညီပေးရေးအဖွဲ့များက လုပ်ဆောင်နေလျက်ရှိသည်။ " ဒီနိုင်ငံက တစ်ချို့ မြို့နယ်တွေနဲ့ ကျေးရွာတွေမှာဆိုရင် အခြေခံဝန်ဆောင်မှုအခွင့်အရေးတွေတောင် ရမနေကြပါဘူး" ဟု ယူနီဆက်ဖ်က ထုတ်ပြန်သည်။

အစိုးရစစ်တပ်က နယ်မြေပြန်လည်သိမ်းပိုက်အောင်မြင်ထားခဲ့သော်လည်း လက်ရှိအချိန်ထိ ဘိုကိုဟာရမ်တို့ထိန်းချုပ်ရာ နေရာများတွင် ပိတ်မိနေသူ ပြည်သူ ၂ ဒသမ ၂ သန်းကျော် ရှိနေကြောင်း သိရသည်။

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly

Tags