လေးလောင်းပြိုင်လူသတ်မှုဖြစ်ပွားပြီးနောက် မင်္ဂလာဒုံမြို့နယ် ၁ဝ နေရာတွင် CCTV ကင်မရာများ တပ်ဆင်မည်

လေးလောင်းပြိုင်လူသတ်မှုဖြစ်ပွားပြီးနောက် မင်္ဂလာဒုံမြို့နယ် ၁ဝ နေရာတွင် CCTV ကင်မရာများ တပ်ဆင်မည်

ရန်ကုန်၊ သြဂုတ်လ ၂၄ ။             ။ လေးလောင်းပြိုင်လူသတ်မှုဖြစ်ပွားပြီးနောက် မင်္ဂလာဒုံမြို့နယ်တွင် လုံခြုံရေးစနစ် ပိုမိုကောင်းမွန်စေရန်အတွက် တစ်မြို့လုံးအနေအထားဖြင့် အဓိက အချက်အချာကျသည့် ၁၀ နေရာကို အရည်အသွေးမြင့် CCTV ကင်မရာများ စက်တင်ဘာလလယ်တွင် တပ်ဆင်သွားမည်ဟု မင်္ဂလာဒုံမဲဆန္ဒနယ် ပြည်သူ့လွှတ်တော်ကိုယ်စားလှယ် ဦးအောင်လှိုင်ဝင်းက မဇ္ဈိမသို့ ဖြေကြားသည်။

မြို့နယ်အလိုက်သုံးစွဲရန် လွှတ်တော်မှချပေးထားသည့် ဖွံ့ဖြိုးရေးရန်ပုံငွေ ကျပ်သိန်း ၁,၀၀၀ ထဲမှ ကျပ်သိန်း ၁၀၀ ကို CCTV ကင်မရာတပ်ဆင်မှုတွင် အသုံးပြုသွားမည်ဖြစ်ကြောင်း ဦးအောင်လှိုင်ဝင်းက မဇ္ဈိမ၏ မေးမြန်းမှုကို ဖြေကြားခဲ့ခြင်းဖြစ်သည်။

"ပြည်သူတွေသိစေချင်တာ ဒီဖြစ်တဲ့ဖြစ်စဉ်မှာလည်း ပေါ်မှာစိုးလို့သတ်သွားတာပေါ့ ၊ဖော်ထုတ်နိုင်မယ်ဆို လို့ရှိရင် သူတို့က မကျူးလွန်ရဲတော့ဘူး၊ မပေါ်ဘူးဆိုလို့ရှိရင် ရှေ့ဆက်တိုးသူကတိုးရဲမယ်၊ မပေါ်တာကလည်း ဘာကြောင့်လဲဆိုတော့ ညဘက်ကိုစောင့်တဲ့ ကင်းကလည်းမရှိဘူး၊ ရဲတပ်ဖွဲ့ကလည်း အင်အားမလုံလောက်ဘူး။ ရပ်ကွက်မှာလည်း ကျွန်တော်တို့ အရင်တုန်းက စောင့်တဲ့ပုံစံ ကင်းတဲဆိုတာလည်းမရှိဘူး၊ မရှိတဲ့အခါ ကျတော့ လူဘယ်နှစ်ယောက်ဝင်သွားတယ်၊ လူဝင်လူထွက်ဘယ်သူတွေလဲ ဒါတွေကိုကျွန်တော်တို့က မှတ်တမ်းမတင်နိုင်ဘူးပေါ့၊ အဲဒါကြောင့်မို့လို့ ကျွန်တော်တို့က နည်းပညာအကူအညီယူပြီးတော့ မှတ်တမ်းတင်မယ် ဆိုလို့ရှိရင် CCTV ကင်မရာက အဲ့လမ်းမပေါ်မှာ တစ်လုံးလောက်ရှိမယ်ဆိုရင် ဒီအမှုက နာရီပိုင်းအတွင်း ပေါ်ပါတယ်၊ မပေါ်ဘူးဆိုတာက နည်းပညာအခက်အခဲတွေကြောင့် ဒီလိုပြသာနာလေးတွေ ကြုံတွေ့နေရတာပေါ့နော်" မင်္ဂလာဒုံမဲဆန္ဒနယ် ပြည်သူလွှတ်တော်ကိုယ်စားလှယ် ဦးအောင်လှိုင်ဝင်းက ပြောသည်။

ဖွံ့ဖြိုးရေးရံပုံငွေ သိန်းတစ်ထောင်ကို မြို့နယ်အလိုက် သုံးစွဲရန် လွှတ်တော်က မေလမှ စပြီးခွင့်ပြုခဲ့ကာ၊ မြို့နယ်များတွင် အသေးစားဖွံ့ဖြိုးမှုလုပ်ဆောင်ရန် နှစ်စဉ်ချထားပေးခဲ့ခြင်းဖြစ်ပြီး မင်္ဂလာဒုံမြို့နယ်အတွက် ကျပ်သိန်း ၁၀၀၀ ထဲမှ ပထမဦးဆုံးသုံးစွဲမည့် ကျပ်သိန်း ၁၀၀ ဖြစ်သည်။

ရန်ကုန်တိုင်းဒေသကြီး၊ မင်္ဂလာဒုံမြို့နယ်၊ ပတ္တမြားမြို့သစ်တွင် သြဂုတ်လ ၂၀ရက်က ရဲအရာရှိဟောင်း မိသားစုလေးဦး အသတ်ခံရပြီးနောက် ယခုကဲ့သို့ စီစဉ်ရခြင်းဖြစ်သည်။

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly