ရခိုင်ပြည်နယ်က ပြဿနာတွေကို ဖြေရှင်းဖို့ ကုလအထွေထွေ အတွင်းရေးမှူးဟောင်း ကိုဖီအာနန် အကြံပေးအဖြစ်ပါသည့် ကော်မတီဖွဲ့စည်း

ရခိုင်ပြည်နယ်က ပြဿနာတွေကို ဖြေရှင်းဖို့ ကုလအထွေထွေ အတွင်းရေးမှူးဟောင်း ကိုဖီအာနန် အကြံပေးအဖြစ်ပါသည့် ကော်မတီဖွဲ့စည်း
 (ဓာတ်ပုံ-အီးပီအေ)

စစ်တွေ၊ သြဂုတ် ၂၄ ရက် ။            ။ ၂၀၁၂ ခုနှစ်မှာ ရခိုင်ပြည်နယ်ကနေ စတင်ဖြစ်ပွားခဲ့တဲ့ ဘာသာရေး၊ လူမျိုးရေးအသွင်ဆောင်တဲ့ ပဋိပက္ခတွေဟာ ဒီကနေ့ချိန်ထိ နိုင်ငံတကာ လူ့အခွင့်ရေးလှုပ်ရှားသူတွေရဲ့ စိတ်ဝင်စားမှုကနေ မကျဆင်းသေးပါဘူး။

ဒါအပြင့် ပြည်နယ်အတွင်းလူ့အခွင့်ရေးချိုးဖောက်မှုတွေ၊ နိုင်ငံသားအခွင့်အရေးဆုံးရှုံးနေမှုတွေနဲ့ ဘာသာရေးအရခွဲခြားဖိနှိပ်မှုတွေ မြင့်တက်လာတယ်လို့ သုံးသပ်မှုတွေ ရှိနေပါတယ်။

နိုင်ငံတော် အတိုင်ပင်ခံပုဂ္ဂိုလ် ဒေါ်အောင်ဆန်းစုကြည် ဦးဆောင်တဲ့ အရပ်သားအစိုးရဖွဲ့စည်းပြီးနောက်မှာ ဒီလိုရခိုင်ပြည်နယ်က ပြဿနာတွေကို သိမ်မွေ့စွာဖြေရှင်းနိုင်ဖို့ နိုင်ငံတကာလူ့အခွင့်အရေးလှုပ်ရှားသူတွေက မျှော်လင့်ခဲ့ပါတယ်။

သြဂုတ် ၂၄ ရက်နေ့မှာ ရခိုင်ပြည်နယ်အရေးအကြံပေးကော်မရှင်တရပ်ကို ဖွဲ့စည်းခဲ့ပြီးဥက္ကဌအဖြစ် ကမ္ဘာ့ကုလသမဂ္ဂ အထွေထွေအတွင်းရေးမှူးဟောင်း ကိုဖီအာနန်က တာဝန်ယူမှာ ဖြစ်သလို၊ ထင်ရှားတဲ့ နိုင်ငံတကာနှင့် ပြည်တွင်းက တတ်သိပညာရှင်တွေ ပါဝင်လာပါတယ်။

ဒီကော်မရှင်နဲ့ ပတ်သက်ပြီး ရခိုင်ပြည်နယ်ကအရေးပါလှတဲ့ လူထုခေါင်းဆောင်တွေကို ဆက်သွယ်မေးမြန်းထားပါတယ်။ ကော်မရှင်အပေါ်သူတို့တွေရဲ့ မျှော်လင့်ချက်၊ သူတို့ရဲ့ မှတ်ချက်တွေကိုလူထုကိုယ်စားပြောပြထားတာတွေ ဖြစ်ပါတယ်။

ဦးကျော်လှအောင်  (ရိုဟင်ဂျာအရေးလှုပ်ရှားဆောင်ရွက်သူ)

ကော်မရှင်နဲ့ ကျနော်တွေ့လိုပါတယ်။ တွေ့ပြီးသမိုင်းအထောက်အထားတွေကို ပြောပြချင်တယ်။ ကျနော်တို့ရဲ့ ခံစားချက်ကိုပြောပြလိုပါတယ်။ နောက်ပြီးဘယ်လိုရှာဖွေရင် အဖြေမှန်ကိုရမယ်ဆိုတာကိုလည်း ပြောပြလိုပါတယ်။ သူတို့ကရခိုင်ပြည်နယ် အနှံ့ကိုသွားပြီးတော့ မူဆလင်တွေ နေတဲ့နေရာ၊ ရခိုင်တွေနေတဲ့နေရာကို သွားလေ့လာပြီးတော့ အရင် ဘယ်လိုကူးလူးဆက်ဆံခဲ့သလဲဆိုတာသွားရောက် လေ့လာစေချင်ပါတယ်။ အချိန်ကလည်းတစ်နှစ်ရထားတာဆိုတော့ သူတို့ အချိန်လည်းရမှာလို့ ယူဆပါတယ်။ ရခိုင်မြောက်ပိုင်းမှာဆိုရင် ဘူးသီးတောင်၊ မောင်တော၊ တောင်ပြိုအဲဒီဘက်တွေ ပြီးရင် ဒီဘက်ကကျောက်တော်၊ မြောက်ဦး၊ မင်းပြား၊ ပေါက်တော၊ ပလက်ဝ၊ စစ်တွေဘက်တွေကို သွားလိုက်မယ်ဆိုရင် အဖြေမှန်ကိုရပါလိမ့်မယ်။ တောင်ပိုင်းဆိုရင်လည်းမြေပုံ၊ ကျောက်ဖြူ၊ သံတွဲဒေသတွေကို သွားမယ်ဆိုရင် ရခိုင်ပြည်နယ်ရဲ့ အခြေအနေမှန်ကိုသိနိုင်မှာပါ။ ဒီကိစ္စတစ်ခုလုံးကိုစုံစမ်းမယ်ဆိုရင် ပထဝီအနေထားအရလည်း ဒီဒေသရဲ့ အနေအထားကိုသူတို့ သိထားဖို့ လိုအပ်ပါတယ်။ အဲလိုဆိုရင် အရင်ကဘယ်လိုကူးလူးဆက်ဆံခဲ့တယ်။ ခုဘယ်လိုအနေထားရှိတယ်ဆိုတာသိသွားမှာ ဖြစ်ပါတယ်။

ဦးမောင်မောင် (ရိုဟင်ဂျာအရေးတက်ကြွလှုပ်ရှားသူ)

အကြံပြုလိုတာကတော့ ကျနော်တို့ လူမျိုးတွေရဲ့ မျှတမှုအတွက် သမာသမတ်ကျကျ စစ်ဆေးဖို့နဲ့ မှန်ကန်တဲ့ ရလဒ်တစ်ခုထွက်ပေါ်လာဖို့ မျှော်လင့်ပါတယ်။ အထောက်အထားပြပါဆိုရင်လည်း ကျွန်တော်တို့ဆီမှာအားလုံးကို ပြနိုင်ပါတယ်။ ရှိတယ်ဆိုတာကလည်းကျနော်တို့ကိုအစိုးရနေပြီး နှစ်ပေါင်း ၃၀ လောက်ရှိပါပြီ။ လူတိုင်းလိုလိုကို မွေးစာရင်းထုတ်မပေးခဲ့ဘူး။ ပြီးင် အခုပဋိပက္ခမှာပေါ့ ရခိုင်ပဋိပက္ခမှာဆိုရင် ကျနော်တို့ရဲ့ ရှိစုမဲ့စု စာရွက်စာတမ်းတွေဟာ မီးလောင်မှုတွေထဲဆုံးရှုံးခဲ့ရပါတယ်။ ဒါတွေကိုယခုကော်မရှင်ကနေ အကောင်းဆုံးအဖြေတစ်ခုရရှိဖို့ မျှော်လင့်ပါတယ်။

ဦးမောင်မောင်စော (ရခိုင်နိုင်ငံရေးလေ့လာစောင့်ကြည့်သူ)

ဆိုတော့ သူတို့ကယခုကော်မတီဖွဲ့ခဲ့ပြီးပြီပေါ့။ ကုလားကွန်မြူနတီနဲ့ ရခိုင်ကွန်မြူနတီ နှစ်ခုကို ပြဿနာဖြေရှင်းဖို့ ဒီကော်မတီကိုဖွဲ့လိုက်ကြတယ်။  ဒီကော်မတီကိုဖွဲ့မယ်ဆိုရင် ကော်မတီရဲ့ ရှေ့မှာသမ္မတကြီးဦးသိန်းစိန် လက်ထက်တုန်းက ဖွဲ့စည်းဆောင်ရွက်သွားခဲ့တဲ့ ဒီစုံစမ်းစစ်ဆေးရေးကော်မရှင်ဆိုတဲ့ အဖွဲ့အစည်းတစ်ခုရှိတယ်။ အဲဒီကော်မရှင်ရဲ့ အစီရင်ခံစာကို အကောင်ထည်ဖော်ပြီးပြီလား။ ဒီအစီရင်ခံစာကို အကောင်ထည်မဖော်ဘဲ နောက်ထပ်တစ်ခုဖွဲ့ပြီးလုပ်မယ်ဆိုရင် ပထမကော်မတီမှာလုပ်ဆောင်သွားတဲ့၊ ပြုစုခဲ့တဲ့ ရလဒ်တွေဟာ အသုံးမဝင်တော့ဘူးလား။ ဒါကြောင့် ယခင်ကော်မတီရဲ့ ရလဒ်တွေကိုအကောင်ထည်ဖော်ဖို့ ဆက်လက်ဆောင်ရွက်မှုတွေပြုဖို့ လိုအပ်နေပါတယ်။ နောက်တစ်ခုက အရင်ကော်မတီကတွေ့ရှိချက်တွေမှာ ဘာတွေကအားနည်းချက်တွေရှိနေခဲ့သလဲ။ ဘာကြောင့်လဲဆိုတာ သုံးသပ်ပြီးမှ လိုအပ်မယ်ဆိုရင်ပေါ့ အဲဒီကော်မတီကိုထပ်မံမွမ်းမံပြီးတော့မှ ပြင်ဆင်လို့ပဲဖွဲ့စည်းသင့်တယ်။ အသစ်ဖွဲ့စည်းလိုက်တဲ့ပုံစံမျိုးတော့ မဖြစ်သင့်ဘူးလို့ ကျနော်မြင်ပါတယ်။

ဦးထွန်းအောင်ကျော် (အထွေထွေအတွင်းရေးမှူး/ရခိုင်အမျိုးသားပါတီ)

ဒီနေ့မနက်ကထုတ်ပြန်ခဲ့တဲ့ သတင်းအရဖွဲ့စည်းလိုက်တဲ့ ကော်မရှင်မှာ နိုင်ငံတကာတတ်သိပညာတွေ ပါလာတဲ့အတွက် ကြိုဆိုပါတယ်။ ဒါ့အပြင် ပြည်တွင်းကပညာရှင်တွေ ပါဝင်နေမှုအပေါ်လည်း ကြိုဆိုပါတယ်။ ဒါပေမယ့် ကျနော်တို့အနေနဲ့ ဒီထက်ပိုပြီးတော့ ကိုယ့် ရခိုင်ပြည်နယ်ရဲ့ ပဋိပက္ခကိုသေချာစွာနားလည်တဲ့သူတွေနဲ့ပေါ့နော် ဖြစ်စေချင်တာပေါ့။ နောက်တစ်ခုကလည်း ထဲထဲဝင်ဝင်ပေါ့ ၂၀၁၂ ခုနှစ်မှာတော်တော်ကို ကြီးကြီးကျယ်ကျယ် ဖြစ်သွားတဲ့ အခြေအနေတွေဟာကမ္ဘာသိပေါ့။ ဒီလိုအနိဌာရုံတွေကိုဘယ်လိုအကြောင်းခံတွေက ဖြစ်စေခဲ့သလဲဆိုတာ နောက်ခံအကြောင်းအရင်းတွေ အပါအဝင်ပေါ့။ ကျယ်ကျယ်ပြန့်ပြန့် လူမြင်ကောင်းအောင် လုပ်တာမဟုတ်ဘဲ တကယ့်တကယ် ခက်ခဲနက်နဲတဲ့ ဖြေရှင်းနိုင်တဲ့ ပုဂ္ဂိုလ်တွေ။ အထူးသဖြင့် ကျနော်တို့ ရခိုင်ပြည်နယ်မှာ ပင်ရင်းနေထိုင်သူတွေဖြစ်ပြီးတော့ ဇာတိဒေသဖွားရခိုင်တွေကိုပါစေချင်တယ်။ ဘာဖြစ်လို့လဲဆိုတော့ ကိုယ့်ရခိုင်ပြည်နယ်မှာ ဖြစ်သွားတဲ့ ကိစ္စတွေကို ကိုယ့်ဇာတိနေရခိုင်လူမျိုးတွေမှအပ သူတို့ထက် ပိုပြီးတော့မှ ဘယ်သူမှ သေသေချာချာမသိနိုင်ပါဘူး။ ဒီနေ့ ဖွဲ့စည်းခဲ့တဲ့ ကော်မရှင်မှာအဲဒီလိုလူတွေ မပါဝင်ခဲ့ပါဘူး။ ဒါကြောင့်လည်းပဲ ကျွန်တော်တို့ စိတ်မသက်မသာခံစားရတယ်။ တဆက်တည်းမှာပဲ ဒီလိုခက်ခဲတဲ့ပြဿနာကိစ္စရပ်တွေကို ၁၂ လအတွင်းမှာ လုပ်ရမယ်ဆိုတာက အချိန်အားဖြင့် တိုလွန်းတယ်လို့ ယူဆတယ်။ ဘာပဲဖြစ်ဖြစ်ပေါ့ ကျနော်တို့ကတော့ ကော်မရှင်ကို ကြိုဆိုတယ်။ ဒီ့ထက်ပိုပြီးတော့လည်းကော်မရှင်အနေနဲ့ ပိုမိုဆောင်ရွက်နိုင်ဖို့ ထပ်မံပြီး ပါသင့်ပါထိုက်သူတွေနဲ့ ဖွဲ့စည်းဖို့လည်းအကြံပြုလိုပါတယ်။

ဒေါ်ဝေေ၀ထွန်း (ရခိုင်အမျိုးသမီးကွန်ရက်)

ရခိုင်ပြည်နယ်ထဲကအရပ်ဖက်အဖွဲ့အစည်းတွေလည်း ပါဝင်သင့်တယ်လို့ ကျမထင်ပါတယ်။ ဘာကြောင့်ဆိုတော့ ကျမတို့ဆိုရင် လူထုနဲ့ အမြဲထိတွေ့မှုရှိနေတယ်ပေါ့ ဘယ်ကိစ္စရပ်မှာမဆို။  ရခိုင်ပြည်နယ်အရေးကို လုပ်နေတဲ့အတွက်ပေါ့။ ဒီနေရာမှာ တကယ်အားနည်းချက်ကတော့ အရပ်ဖက်အဖွဲ့အစည်းတွေ မပါဝင်နိုင်တာအားနည်းချက်ဖြစ်ပါတယ်။

ခိုင်ကောင်းစံ (ဝံလက်ဒေသဖွံ့ဖြိုးရေးဖောင်ဒေးရှင်း)

ယူအန်မှာ အတွင်းရေးမှူးတာဝန်ထမ်းဆောင်ခဲ့တဲ့ ကိုဖီအာနန် ကိုယ်တိုင် ပါလာတယ်ဆိုတာကလည်း ထူးခြားတဲ့ အကြောင်းရာတစ်ခုပေါ့။ နောက်တစ်ခုက မြန်မာနိုင်ငံရဲ့ဖြစ်စဉ်မှာ ကိုဖီအာနန်လိုပုဂ္ဂိုလ်က ရခိုင်ပြည်နယ်အရေးမှသာ ပါရမှာမဟုတ်ဘူး။ နှစ် ၆၀ ကျော် ဆင်နွဲလာတဲ့ ပြည်တွင်းစစ်အရေးမှာလည်း ဝင်ရောက် လုပ်ဆောင်စေချင်တာပေါ့။ ကျနော်တို့ ခု မြန်မာနိုင်ငံမှာကွန်မြူနတီ (လူ့အသိုက်အဝန်း) နှစ်ခု ဖြစ်တယ်ဆိုတာက နိုင်ငံတကာမှာမတူကွဲပြားတဲ့ ဘာသာကြောင့်သာဆိုပြီး လုပ်နေကြပေမယ့် တကယ်တမ်းကျနော်တို့နိုင်ငံမှာ အရေးတကြီးဖြေရှင်းရမှာက ပြည်တွင်းစစ်ပေါ့။ ပြည်တွင်းစစ်နဲ့ ရခိုင်မှာဖြစ်တဲ့ ပဋိပက္ခကို နှိုင်းယှဉ်မယ်ဆိုရင် ရခိုင်မှာဖြစ်တာ ကလေးနှစ်လောက်ပဲရှိသေးတယ်ပေါ့။ ကျနော်တို့ ယုံကြည်မှုတွေ အချင်းချင်းကြားထဲမှာတောင် လုပ်လို့ရနိုင်သေးတဲ့ အခြေအနေရှိတယ်။ ဒါပေမယ့် အစိုးရကအကောင်ထည်ဖော်မှုတွေ လုပ်တဲ့အခါတော့ ဒေသခံတွေရဲ့ အသံ၊ ဒေသခံတွေရဲ့ ပါဝင်ဆောင်ရွက်ခွင့်တွေကိုပေးဖို့ လိုတာပေါ့။ အပေါ်ယံပါတာမျိုးမဟုတ်ဘူးပေါ့။ ဒီအစိုးရလက်ထက်မှာဆိုရင် ၁၉၈၂ ဥပဒေအရ NVC လိုကတ်တွေ ပေးတယ်။ နှစ်ဖက် ကွန်မြူနတီက ငြင်းဆန်နေတဲ့အရာတွေ ပေးတယ်။ အဲဒါ ဘာကြောင့်လဲဆိုတော့ အစိုးရကိုယ်၌က ပွင့်လင်းမြင်သာစွာ ချပြမှုမရှိဘူး။ နောက်တခါ ဒီကော်မရှင်မှာ အရပ်ဖက်အဖွဲ့အစည်းကိုယ်စားလှယ်တွေကို ရုံးမှာရှိတဲ့ တကယ် သူရဲ့ နိုင်ငံသားဖြစ်စဉ် စာရွက်စာတမ်းတွေကို ကြည့်ခွင့်မပေးရင် ဒီလိုပဲ ဖြစ်နေမှာပဲ။ ပြီးခဲ့တဲ့ အစိုးရလက်ထက်တွေက လာဘ်ပေးလာဘ်ယူကြောင့် နိုင်ငံသားအခွင့်ရေးတွေကိုရခဲ့တယ်။ ဒါဟာ ငြင်းပယ်လို့ ဘယ်လိုမှ မရဘူး။ ဒါကြောင့် ဒီလူဟာ နိုင်ငံသားဖြစ်ခဲ့တယ်ဆိုတာ ဘိုးစဉ်ဘောင်ဆက် စာရင်းဇယားတွေကို ဒီဒေသခံတွေကိုယ်၌က ကြည့်ရှုခွင့်နဲ့ ဝင်ရောက် ပြောဆိုခွင့်၊ ဆုံးဖြတ်ချက် ချခွင့်တွေ ပြုဖို့ အရေးကြီးတယ်လို့ မြင်ပါတယ်။

လင်းမြတ် (သတင်းထောက်/မော်ကွန်း)

ကော်မရှင်ကအတည်မဖြစ်တဖြစ် သဘောမှာပဲရှိပါသေးတယ်။ ထုတ်ပြန်ချက် အရေးအသားတွေက ပြတ်သားမှုရှိတာမတွေ့ရသေးပါဘူး။ ဖွဲ့စည်းမယ်။ ပါဝင်မယ်။ နားလည်မှုစာချွန်လွှာရေးထိုးမယ် စတဲ့ အသုံးအနှုန်းတွေကို ကြည့်ပြီးဖွဲ့စည်း ပြီးမပြီးအနေအထားလို့ပဲနားလည်ပါတယ်။ ဒါပေမယ့်လည်း အစိုးရသတင်းစာခေါင်းစီးမှာ “ဖွဲ့စည်း” လို့ ရေးထားတာမို့လို့ ဖွဲ့စည်းတဲ့ သဘောတော့ သက်ရောက်နေပါတယ်။ မရေရာသေးတဲ့ ထုတ်ပြန်ချက်တစ်ခုလို့ ယူဆတာမို့ ခုလောလောဆယ်မှာတော့ မှတ်ချက်ပြုဖို့ ခက်ခဲတယ်လို့ ဆိုရမှာပါ။

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly