အာဆင်နယ်မှ ထွက်ခွာလျှင် ဘာလုပ်ရမည်ကို မသိရှိသေးဟု အာစင်ဝင်းဂါးပြော

အာဆင်နယ်မှ ထွက်ခွာလျှင် ဘာလုပ်ရမည်ကို မသိရှိသေးဟု အာစင်ဝင်းဂါးပြော

သြဂုတ် ၂၄၊ အင်္ဂလန် ။               ။ အာဆင်နယ်အသင်းမှ ထွက်ခွာသွားရမည်ကို စိုးရွံ့မိကြောင်း နည်းပြအာစင်ဝင်းဂါးက ဝန်ခံခဲ့ပြီး လန်ဒန်ကလပ်အသင်းကို စွန့်ခွာခဲ့ပြီးလျှင် ဘာလုပ်ရမည်ကို မသိရှိသေးကြောင်း ပြောဆိုလိုက်သည်။

အာစင်ဝင်းဂါးနှင့် အာဆင်နယ်အသင်းတို့ ချုပ်ဆိုထားသော စာချုပ်သည် ယခုနှစ်ရာသီအကုန်တွင် ကုန်ဆုံးတော့မည် ဖြစ်သည်။ ယခုနှစ်အောက်တိုဘာလဆိုလျှင် အာဆင်နယ်အသင်းကို အာစင်ဝင်းဂါးနည်းပြခဲ့သည်မှာ နှစ်ပေါင်း ၂၀ ပြည့်မြောက်တော့မည် ဖြစ်သည်။ ဝင်းဂါးမှာ လက်ရှိ ပရီးမီးယားလိဂ်နည်းပြများတွင် သက်တမ်းအရင့်ဆုံးနည်းပြအဖြစ် ရပ်တည်နေသူ ဖြစ်သည်။

အာစင်ဝင်းဂါးက ယခုနှစ်ရာသီအကုန် သို့မဟုတ် အနာဂတ်ကာလတစ်ခု၏နောက်ဆုံးတွင် အာဆင်နယ်အသင်းကို စွန့်ခွာရမည်ဖြစ်ကြောင်းနှင့် ထိုကဲ့သို့ ဖြစ်လာခဲ့ပါက မည်ကဲ့သို့ လုပ်ကိုင်ရမည်ကို မသိရှိကြောင်း ဝန်ခံခဲ့သည်။

‘ဘောလုံးက ကျွန်တော့်ရဲ့ ဘဝပါ။ ရိုးသားစွာဝန်ခံရရင် ဘောလုံးလောကက နုတ်ထွက်သွားရမယ့်နေ့ကို စိုးရွံ့နေမိပါတယ်။ ဘာဖြစ်လို့လဲဆိုတော့ ဒါကို အချိန်အကြာကြီး စောင့်ခဲ့ရတာပါ။ ပိုပြီးခက်တာက စွဲစွဲလန်းလန်းအရာတစ်ခုကို ဆုံးရှုံးရမှာ ဖြစ်လို့ပါ။

ဖာဂူဆန်အနားယူသွားပြီးနောက်မှာ မန်ယူနဲ့ကစားပြီးတဲ့ပွဲအပြီး သူ့ဆီကနေ မက်ဆေ့ရောက်လာပါတယ်။ ကျွန်တော်တို့အတူ သောက်ကြဖို့ပေါ့။ အဲ့ဒီမှာ သူ့ကို ကျွန်တော်မေးလိုက်တယ်။   ဘောလုံးလောကကို သတိမရဘူးလားလို့။ သူက သိပ်တော့ မရဘူးလို့ ပြောပါတယ်။ ဒါကို ကျွန်တော်နားမလည်နိုင်ပါဘူး။ ဘောလုံးဆိုတာ သူ့ရဲ့ဘဝပါ။ အဲ့ဒီထဲမှာ သူ့ဘဝတစ်ခုလုံးနေထိုင်ခဲ့တာပါ။ ပွဲတစ်ပွဲပြီးသွားရင် နောက်တစ်ပွဲအနိုင်ရဖို့ ပြင်ဆင်ရင်းပေါ့’ ဟု အာစင်ဝင်းဂါးက ပြောဆိုခဲ့သည်။

ထို့အပြင် အာစင်ဝင်းဂါးက နည်းပြတိုင်းသည် အရှုံးကို မုန်းကြကြောင်းနှင့် ထိုကဲ့သို့ မဟုတ်ပါက ကြာရှည်ရပ်တည်နိုင်မည်မဟုတ်ကြောင်း ပြောဆိုခဲ့သည်။

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly

Tags