ငရဲဘုံနှင့် တူနေဆဲဖြစ်သော အကျဉ်းစခန်းများ

ငရဲဘုံနှင့် တူနေဆဲဖြစ်သော အကျဉ်းစခန်းများ

အာဏာရှင်စနစ်မှ အရပ်သားအုပ်ချုပ်သည့် ဒီမိုကရေစီစနစ်သို့ ပြောင်းလဲနေသော်လည်း အကျဉ်းစခန်းများတွင် ညှဉ်းပန်းခြင်း၊ ကျွန်ကဲ့သို့ခိုင်းစေပြီး လုပ်အားရောင်းစားခြင်း စသည့် လူ့အခွင့်အရေးချိုးဖောက်မှှုများ ဆက်လက်မင်းမူနေသည်။

(Myanmar Now)— “တစ်၊ နှစ်၊ သုံး၊ လေး” ဟု အကျဉ်းသားတစ်ဦးက နေပူပူ တောင်ခြေစိုက်ခင်းတွင် စတင် အော်ဟစ် ရေတွက်လိုက်သည်။ ရေတွက်သံ ထွက်လာသည်နှင့် သူ့ရှေ့မှ အကျဉ်းသား ၁ဝဝ ခန့်က ပေါက်တူးကိုင်ပြီးအဆက်မပြတ်မြက်ရှင်းကြလေသည်။

အမှတ်စဉ် ရေတွက်သူက ကိုင်ထားသည့်ဝါးတံပိုးဖြင့် အကျဉ်းသားတချို့ကို လှမ်းရိုက်လိုက်သည်။ ထိုသူမှာ ထောင်ဝန်ထမ်းများကို ကူညီရသော အုပ်ချုပ်မှှုအကူ ခေါ် တုတ်ကိုင်ဖြစ်သည်။   သေနတ်လွယ်ထားသော ကာကီရောင် ယူနီဖောင်းဝတ် ဝန်ထမ်းတစ်ဦး ရပ်ကြည့်နေပြီး ရံဖန်ရံခါ သူကိုယ်တိုင် ဝင်ရိုက်သည်။

တုတ်ကိုင် ၄ ဦးခန့်ရှိပြီး  အကျဉ်းဦးစီးဌာနမှ ဝန်ထမ်း ၄ ဦးလည်း ရှိနေသည်။ အကျဉ်းသားအားလုံး ညစ်နွမ်းသော အပြာရောင်ရှပ်အင်္ကျီလက်တို၊  ပုဆိုးတို့ကို ဝတ်ဆင်ထားကြပြီး တချို့က သံခြေကျင်း ခတ်ခံထားရသည်။

ထိုနေရာသည်  ရှမ်းပြည်နယ် နောင်ချိုမြို့အပြင်ဘက်တွင်ဖြစ်သည်။ ညနေဘက် လုပ်ငန်းသိမ်းချိန်တွင်   အကျဉ်းသားများ တန်းစီပြီး ကောင်းမှုအကျဉ်းစခန်းသို့ လမ်းလျှောက်ပြန်သွားကြသည်။

“အုပ်ချုပ်တဲ့ အကျဉ်းသားတွေက သဘောမကျရင် မကျသလိုဝင်ရိုက်တယ်။ ရှေ့ကသွား၊ နောက်ကရိုက်။ ကြံပင်တွေကြားပေါင်းရှင်းတဲ့အခါ မှှို့ပင်လေး တစ်ပင်ကျန်တာနဲ့ဝင်ရိုက်တယ်၊ ဝန်ထမ်းတွေလည်း ဝင်ရိုက်တယ်။ ထောင်မှူးတွေက ရိုက်ခိုင်းလို့ ဝင်ရိုက်တာလည်း ရှိတယ်” ဟု ကောင်းမှှုစခန်းမှ  ဇွန် ၃ ရက် နေ့က ပြန်လွတ်လာသူ ကိုဇေယျာလင်းကဆိုသည်။

စစ်အာဏာရှင်အုပ်ချုပ်ရေးအောက်တွင် နှစ်ပေါင်းများစွာ ရှိခဲ့ရာမှ  ၂ဝ၁၁ မှ စတင်သော နိုင်ငံရေးအပြောင်းအလဲများကြောင့် တိုင်းပြည်၏ ကဏ္ဍအများအပြားတွင် အပြုသဘော ဖြစ်ထွန်းမှုများ   ပေါ်ပေါက်လာသည်။ သို့သော်လည်း အကျဉ်းစခန်းအများအပြားတွင်မူ ရက်စက်မှှု၊ ညှင်းပန်းနှိပ်စက်မှှုတို့ ဆက်လက်မင်းမူနေသည်။

ပြစ်မှှုကျွေးချွေးဖြင့်ဆပ်

ထောင်၊ ရဲဘက်စခန်းတို့တွင် လူအခွင့်အရေးချိုးဖောက်မှှုများ ဖြစ်ပေါ်နေသည်ဟု နိုင်ငံတကာက စွပ်စွဲဝေဖန်နေချိန်တွင် ယခင်စစ်ဗိုလ်ချုပ်ကြီးများကအပြည်ပြည်ဆိုင်ရာကြက်ခြေနီကော်မတီ(ICRC) ကို ၁၉၉၉  မေလမှစ၍ သွားရောက်စစ်ဆေးခွင့်ပြုလိုက်သည်။

လအနည်းငယ်ကြာစစ်ဆေးပြီးနောက် ကမ္ဘာကစွပ်စွဲထားသော အချက်များ မှန်ကန်ကြောင်း တိတ်တဆိတ် ထုတ်ဖော်ပြောကြားခဲ့သူမှာ ICRC အဖွဲ့အားထိုစဉ်က ဦးဆောင်သူ Mr့ De Riedmatten Leon ဖြစ်သည်။

၎င်းကထောင်များတွင် ရိုက်နှက်၊ ခြိမ်းခြောက်မှှုများ ရှိနေကြောင်း၊  အစားအသောက်ကျွေးမွေးမှု လွန်စွာ အဆင့်နိမ့်ကျကြောင်း၊ ငွေကြေးတတ်နိုင်သူတို့ ကောင်းမွန်စွာနေထိုင်ရပြီး၊ ဆင်းရဲသူတို့မှာ ရဲဘက်စခန်းများသို့ ပို့ခံရပုံကို ထိုစဉ်က အကျဉ်းဦးစီးဌာန ညွှန်ကြားရေးမှူးချုပ် တာဝန်ယူထားသူ ဦးကျော်ထွန်းနှင့် ၁၉၉၉  နိုဝင်ဘာတွင် တွေ့ဆုံစဉ် ပြောဆိုခဲ့ကြောင်း ထိုဌာန၏မှတ်တမ်းတစ်ခုတွင် ဖော်ပြထားသည်။

ထိုအချိန်မှစ၍ ထောင်တွင်း အစားအသောက်ကဏ္ဍ ပြုပြင်ပြောင်းလဲမှှုဖြစ်ပေါ်ခဲ့သော်လည်း ငွေပေးနိုင်မှှုအပေါ်အခြေခံ၍ အကျဉ်းသားတို့ကို ခွဲခြားဆက်ဆံမှှု၊  အဆင်းရဲဆုံးသော အကျဉ်းသားတို့ကိုကျောက်ထုတ်စခန်းများ၊ ဝေးလံသော အကျဉ်းစခန်းများသို့ ပို့ဆောင်မှုတို့က ဆက်လက် တည်ရှိသည်။

ရဲဘက်စခန်းသို့မပြောင်းရွှေ့ရဘဲ ထောင်ထဲတွင်သာ နေလိုသူ၊ မြို့နှင့်နီးသော စခန်းသို့ သွားလိုသူ၊  ပင်ပန်းသည့်ကျောက်ထုတ်စခန်းကို ရှောင်ရှားလိုသူတို့ ထုတ်သုံးကြရသည့် ငွေပမာဏ မတူညီကြောင်း အကျဉ်းဦးစီးဌာနတွင် လုပ်သက် ၂၅နှစ်ရှိခဲ့ပြီး၊ ယခုဥပဒေအကြံပေးအဖြစ်ဆောင်ရွက်နေသောဦးခင်မောင်မြင့်ကဆိုသည်။

“ရဲဘက်ထွက်ရပြီဟေ့ဆိုလည်း ခြေကျင်းခတ်ခံရတော့မယ်။ အဲ့ဒီမှာ ခြေကျင်းအမျိုးမျိုးထဲက ပေါ့ပါးပြီး လှှုပ်ရှားလို့ကောင်းတဲ့ ခြေကျင်းခတ်ခံချင်လား၊ လေးပြီး လှှုပ်ရှားလို့မလွယ်တဲ့ခြေကျင်း မခတ်ခံချင်ဘူးလား၊ဒါဆိုရင်ငွေဘယ်လောက်ဆိုတာ စသည်ဖြင့်ရှိတယ်” ဟု ထောင်မှူးကြီးဟောင်း ဦးခင်မောင်မြင့်က ရှင်းပြသည်။

Myanmar Now က လနှင့်ချီ၍ ပြုလုပ်ခဲ့သောစုံစမ်းဖော်ထုတ်မှှုတွင် အကျဉ်းသား၊ အကျဉ်းသားဟောင်း၊ အကျဉ်းဦးစီးအာဏာပိုင်တို့နှင့်  တွေ့ဆုံမေးမြန်းမှုအများအပြား ပြုလုပ်ခဲ့သည်။ နှစ်ပေါင်း ၅ဝ ကျော်အတွင်း ထုတ်ပြန်ခဲ့သော  အကျဉ်းဦးစီးဌာန၏ ထောင်နှင့်ချီသော မှတ်တမ်းများ၊ အစိုးရ၏ အမိန့်ညွှန်ကြားချက်များကိုလည်း လေ့လာဆန်းစစ်မှှုပြုလုပ်ခဲ့သည်။

ခေတ်အဆက်ဆက် အာဏာပိုင်တို့က အလုပ်စခန်းများတွင် အကျဉ်းသားလုပ်အားကို မှားယွင်းသော နည်းလမ်းမျိုးစုံဖြင့် သုံးစွဲမှှု၊အကျဉ်းသားများအား ငွေထုတ်စက်များကဲ့သို့ သဘောထားပြီး ဌာနအတွက် တရားဝင်ရံပုံငွေရှာဖွေမှှု၊ ခြစားမှှုမြောက်သော တရားမဝင်ငွေကြေးရှာဖွေမှှု စသော လူ့အခွင့်အရေးချိုးဖောက်မှှုများ ကျူးလွန်ကြောင်းတွေ့ရှိရသည်။

စစ်အစိုးရများနှင့် သမ္မတဟောင်းဦးသိန်းစိန်အစိုးရလက်ထက်တွင်လူ့အခွင့်အရေးအဖွဲ့များက သာမန်အကျဉ်းသားတို့၏ အခြေအနေထက် နိုင်ငံရေးအကျဉ်းသားအရေးကိုသာအာရုံစိုက်ခဲ့သည်။

ကိုလိုနီခေတ်၊ ပါလီမန်ဒီမိုကရေစီအစိုးရခေတ်တို့တွင် အကျဉ်းထောင်စနစ်သည် အများအားဖြင့် လူ့အဖွဲ့အစည်း၏ လုံခြုံရေးအတွက်သာ ဖြစ်ခဲ့သော်လည်း ၁၉၆၂ စစ်တပ်အာဏာသိမ်းပြီးနောက်ပိုင်းတွင် အုပ်ချုပ်သူတို့က “ပြစ်မှှုကြွေးချွေးဖြင့်ဆပ်” ဟူသော ဆောင်ပုဒ်ကိုတီထွင်ကာအကျဉ်းသားလုပ်အားကို စတင် သုံးစွဲခဲ့သည်။

မှတ်တမ်းတစ်ခုအရ ၁၉၉၃ ခုနှစ်အစည်းအဝေးတစ်ခုတွင် ထိုစဉ်က ပြည်ထဲရေးဝန်ကြီးဒုဗိုလ်ချုပ်ကြီးဟောင်း ဘုန်းမြင့်က အကျဉ်းသားရဲဘက်များ၏ “အလဟဿ လေလွင့်ပြုန်းတီးနေသော”  လုပ်အားကို နိုင်ငံတော်စီမံကိန်းများတွင် သုံးစွဲပြီး ရည်မှန်းချက် ၃ ရပ်ကိုအကောင်အထည်ဖော်မည်ဟု ပြောကြားခဲ့ကြောင်း သိရသည်။ ရည်မှန်းချက်များတွင် လယ်ယာမြေသစ် ဖော်ထုတ်ရန်၊ နိုင်ငံတော်စီမံကိန်းများတွင် သုံးစွဲရန်၊ နိုင်ငံတော်က အခမဲ့ ကျွေးမွေးထားရသည့် ထိုအကျဉ်းသားများကို ခိုင်းစေပြီး ဝင်ငွေပြန်ရရှိရေး လုပ်ဆောင်ရန်တို့ ပါဝင်သည်။

၁၉၉၃ ဖေဖော်ဝါရီ ၂၃ ရက်စွဲတပ် ထိုမှတ်တမ်းအရ ထိုအစည်းအဝေးကို နိုင်ငံတော်ငြိမ်ဝပ်ပိပြားမှှုတည်ဆောက်ရေးအဖွဲ့ အတွင်းရေးမှူး (၂) ဗိုလ်ချုပ်တင်ဦး၊ ထိုစဉ်က ထိပ်တန်းစစ်ဗိုလ်ချုပ်များဖြစ်ကြသည့် ဗိုလ်မှူးချုပ်အေဘယ်လ်၊ ဗိုလ်မှူးချုပ်လွန်းမောင် အပါအဝင် စစ်ဗိုလ်ချုပ် တစ်ဒါဇင်ကျော်တက်ရောက်ခဲ့သည်။

ထိုအစည်းအဝေးက အကျဉ်းသားတို့ကို စစ်မြေပြင်ပို့ပြီး လက်နက်၊ ရိက္ခာ သယ်ဆောင်စေရန်၊ အကျဉ်းသားအင်အား ၅ဝဝ စီရှိသော “ဝန်ဆောင်” တပ်ရင်းများကိုမြစ်ကြီးနား၊ လွိုင်ကော်၊ မြိတ်၊ သထုံ၊ ဘားအံတို့တွင် ဖွဲ့စည်းရန် ဆုံးဖြတ်လိုက်သည်။

ဗိုလ်ချုပ်မှူးကြီးဟောင်းသန်းရွှေကလည်း ၁၉၉၉ ဇန်နဝါရီ ၂၂ တွင် ရန်ကုန်တိုင်း၊ တိုက်ကြီးမြို့နယ်ရှိ အမှတ် (၂) ဘဝသစ်စိုက်ပျိုးထုတ်လုပ်မှှုစခန်းသို့ သွားရောက်ပြီးအကျဉ်းစခန်းများသည် နိုင်ငံတော်၏ ကုန်ထုတ်လုပ်ရေးကို အထောက်အကူပြုသကဲ့သို့ အကျဉ်းသားများစားသောက်ရေးနှင့်ပတ်သက်၍ “နိုင်ငံတော်အစိုးရအပေါ်မှီခိုနေမှှုအား အမှီအခိုကင်းသောဘဝရောက်အောင်” လုပ်ဆောင်ရမည်ဟု ညွှန်ကြားခဲ့ကြောင်း မှတ်တမ်းတစ်ခုတွင်ဖော်ပြထားသည်။ ၄ ရက်အကြာတွင် ထိုညွှန်ကြားချက်ကို လုပ်ငန်းလမ်းညွှန်အဖြစ် ခံယူပြီး လုပ်ငန်းအောင်မြင်ရေးအကောင်အထည်ဖော်ရမည်ဟု ညွှန်ကြားရေးမှူးများသို့ ပေးပို့သောစာတွင် ဖော်ပြထားသည်။

မှတ်တမ်းများအရ ၁၉၈ဝ တွင်  အကျဉ်းသား ၂၅,ဝဝဝ ကို အလုပ်စခန်း ၂၂ ခု တွင် ခိုင်းစေခဲ့သည်။

အစာရေစာမလုံလောက်၊ ကျန်းမာရေးစောင့်ရှောက်မှှု ချို့တဲ့၊ ညှဉ်းပန်းနှိပ်စက်ခြင်းတို့ကြောင့် အကျဉ်းစခန်းများ၊ နိုင်ငံတော် စီမံကိန်းလုပ်ကွက်များတွင် အကျဉ်းသားထောင်နှင့်ချီသေဆုံးခဲ့သည်။ ၂ဝ၁၄ ခုနှစ် ပြည်ထဲရေးဝန်ကြီးဌာန၏ ထုတ်ပြန်ချက်တွင် ၁၉၇၈ မှ ၂ဝ၁၄ အတွင်း စခန်းများတွင် သေဆုံးသူ ၅,ဝဝဝ ကျော် ရှိပြီး၊ အကျဉ်းသားတို့၏ “အလဟဿ လေလွင့်ပြုန်းတီးနေသောလုပ်အား” ကို နိုင်ငံတော်နှင့်ပြည်သူအကျိုးအတွက် အသုံးချရေးအတွက် အကျဉ်းစခန်းများဆက်လက်ရှိရန်လိုအပ်ကြောင်း ဖော်ပြခဲ့သည်။

လွန်ခဲ့သည့် ၁ဝ နှစ်ခန့်မှ စတင်ပြီး အကျဉ်းစခန်းတွင် သေဆုံးနှှုန်း လျော့ကျလာသော်လည်း အမျိုးမျိုးသော လူ့အခွင့်အရေးချိုးဖောက်မှှုများသည် သမ္မတ ဦးထင်ကျော် အစိုးရ လက်ထက်တိုင် တည်ရှိနေသည်။

ယခုအခါအလုပ်စခန်း ၄၈ ခုတွင် အကျဉ်းသားအရေအတွက်၂ဝ,ဝဝဝ မှ ၃ဝ,ဝဝဝ ကြားရှိနေသည်။  ၁၈ ခု မှာ ကျောက်ထုတ်လုပ်ရေး “ကုန်ထုတ်စခန်းများ” ဖြစ်ပြီး ကျန်စခန်းများမှာ စိုက်ပျိုးမွေးမျိုးရေး “အတတ်သင်” စခန်းများ ဖြစ်ကြသည်။

ဗြိတိသျှတို့ရေးဆွဲပြီး ယနေ့တိုင်သုံးစွဲနေသည့် ၁၈၉၄ အကျဉ်းထောင်လက်စွဲတွင် ရဲဘက်စခန်းများဖွင့်ပြီးကုန်ထုတ်ရမည်ဟူ၍ မပါရှိပေ၊ ထောင်နှင့် ဆက်စပ်သောလုပ်ငန်းများတွင် အဓိကထားခိုင်းစေရမည်ဟု ဖော်ပြထားသည်။

“ဒီအကျဉ်းသားတစ်ယောက်က သူ့ပြစ်ဒဏ်အလျောက် ပြစ်ဒဏ်ခံခဲ့ရပြီးပြီ။ လူ့အသိုင်းအဝိုင်းထဲကနေ သူ့ကို ကာလအကန့်အသတ်တစ်ခုနဲ့ ဖယ်ထုတ်လိုက်ပြီးပြီ။ ဒါကိုက ပြစ်ဒဏ်ပဲလေ။ အဲဒီထဲမှာမှ ထောင်ထဲမှာ လုပ်ရမယ့် လုပ်ငန်းကို ထပ်ပြီး အကျယ်ဖွင့်ဆိုပြီး အကျဉ်းထောင် အပြင်မှာပါ သူ့လုပ်အားကို ထပ်သုံးတော့မယ် ဆိုတော့ သူ့ပြစ်ဒဏ်က နှစ်ဆတိုးသွားသလို ဖြစ်တယ်” ဟု ထောင်မှူးကြီးဦးခင်မောင်မြင့်ကဆိုသည်။

ကျွန်တော်တို့ဟာ ကျွန်တွေပါ

ရဲစည်းကမ်းဖောက်ဖျက်မှှုဖြင့် ထောင် ၂ နှစ်ကျခဲ့သော ရဲဝန်ထမ်းဟောင်း ကိုဇေယျာလင်းသည် မန္တလေးထောင်တွင် လအနည်းငယ်နေခဲ့ရပြီး နောင်ချိုမြို့နယ်၊ကောင်းမှှု အလုပ်စခန်းသို့ပို့ဆောင်ခံခဲ့ရသည်။

စိမ်းလန်းသည့် စပါးခင်း၊ ကြံစိုက်ခင်း၊  ပြောင်းစိုက်ခင်းများ မြင်ကွင်းတစ်ဆုံးရှိသဖြင့် အေးချမ်းမှှု၊ ငြိမ်းချမ်းမှှုအသွင်ဆောင်သော တောင်ကုန်းအနီးတွင် ငရဲခန်းတို့နှင့် နှှိုင်းယှဉ်ခံရသော အလုပ်စခန်းများ တည်ရှိနေသည်။စခန်းမှ အကျဉ်းသား ၂ဝဝ နီးပါးသည်   အကျဉ်းဦးစီးဌာန၏ ကြံစိုက်ခင်း ဧက ၁၄ဝ၊ ပုဂ္ဂလိကစိုက်ခင်းတို့တွင် လုပ်ကိုင်ရသည်ဟု သူက ရှင်းပြသည်။

မည်သည့်အသက်မွေးဝမ်းကျောင်းပညာမှ သင်ကြားခြင်း မပြုသောအဆိုပါ အတတ်သင်စခန်းတွင် အကျဉ်းသားတို့

ရက်သတ္တတစ်ပတ်လျှင် ၆ ရက် လုပ်ကိုင်ရသည်ဟု ဆိုသည်။ သူ စခန်းသို့ ရောက်သည့် ၂ဝ၁၅ ဇူလိုင် ၅ ရက်နေ့ကတည်းကအုပ်ချုပ်မှှုအကူအကျဉ်းသားတို့၏ နှိပ်စက်မှှုကို ခံရကြောင်း၊ ထိုအချိန်က အုပ်ချုပ်သူမှာ ထောင်ပိုင်ဦးဇော်ဦးဖြစ်ကြောင်း သူက ရှင်းပြသည်။

“ကျောကို ရိုက်တယ်။ တင်ပါးကိုရိုက်တယ်။ အကြောင်းပြချက်ကတော့ အလုပ်နှေးတယ်ပေါ့။ တစ်နေ့ကို မရိုက်ခံရဘူးဆို အချက် ၃ဝ လောက်ရှိတယ်” ဟု ကိုဇေယျာလင်းကဆိုသည်။

မိခင်၊ ဇနီးတို့ စခန်းလိုက်လာပြီး ထောင်မှူးကြီးကို ၅ သိန်း ပေးလိုက်မှ ရိုက်နှက်မှုများ ရပ်သွားပြီး ထောင်ဝန်ထမ်းတို့ကိုရေနွေးကျို၊ ကော်ဖီဖျော်တိုက်ရသည့်ရာထူး ရခဲ့သည်ဟု ဆိုသည်။ငွေမပေးနိုင်သည့် ငယ်ရွယ်သောအကျဉ်းသားများအနက် တချို့မှာ စခန်းအတွင်း လိင်ပျော်တော်ဆက်သူများ ဖြစ်သွားကြောင်း သူက ရှင်းပြသည်။

“ငွေရင်းမလား၊ လူရင်းမလား၊ ကွဲျလိုနွားလို အလုပ်လုပ်ပြီး လုပ်အားရင်းရမလား။ ကျန်တာရွေးချယ်စရာမရှိဘူး။ တကယ့် ကျွန်ဘဝပါဗျာ” ဟု ကိုဇေယျာလင်းကအကျဉ်းစခန်းမှပြန်လွတ်လာသည့်နေ့တွင် ဝမ်းနည်းတစ်ဆို့စွာ ပြောပြသည်။

အမည်မဖော်လိုသူ အကျဉ်းသားတစ်ဦးကလည်း ထိုစခန်းတွင် ရိုက်နှက်ခံနေရသည်မှာတစ်နှစ်ကျော်လာပြီဖြစ်သောကြောင့် အကျဉ်းထောင်သို့ ပြန်ပို့ခံရရေးအတွက်  အသေအကျေ   ပြန်လည်တိုက်ခိုက်သည့်နည်းဖြင့် အမှု ဖန်တီးရန် မကြာခဏစဉ်းစားမိသည်ဟု ဆိုသည်။ သားငယ်၊ သမီးငယ်တို့၏မျက်နှာကိုမြင်ယောင်ပြီး စိတ်ထိန်းထားရကြောင်း၊မိသားစုက ထောင်ဝင်စာ လာတွေ့ခြင်း မရှိသေးကြောင်း  ရိုက်ခံထားရသော ဒဏ်ရာများကို ပြပြီး ပြောပြသည်။

“ကျွန်တော်က တောသူတောင်သားဆိုတော့ ဒီအလုပ်ကြမ်းကို လုပ်နိုင်ပါတယ်။လုပ်နိုင်လည်း ရိုက်ခံနေရတာပဲ။ ဒီနေ့ တစ်ဧက ပေါင်းရှင်းနိုင်တယ်ဆို၊ နက်ဖန် နှစ်ဧက ခိုင်းတော့ လူကဘယ်လိုမှ မခံနိုင်ဘူး” ဟု မျက်ရည်ဝိုင်းနေသော အဆိုပါ အကျဉ်းသားက အကျဉ်းစခန်းအနီးလုပ်ငန်းခွင်တွင် ခေတ္တတွေ့ဆုံစဉ်  Myanmar Now ကို ပြောပြသည်။

ရိုက်နှက်ရန် ဖိအားပေးခြင်း

ကောင်းမှှုစခန်းအပြင် နောင်ချိုရှိ အကျဉ်းဦးစီးဌာနပိုင် ကော်ဖီခြံ၊ ကြံစိုက်ခင်းများရှိသည့်ကြူအင်း၊ ဟိုခို၊ လွင်ကြီး၊ ကုန်းစံ၊ ခဲမွန် တို့ကို စိုက်ပျိုးရေးနှင့် မွေးမြူရေးအတတ်သင်စခန်းဟု အမည်ပေးထားသည်။ ဟိုခိုစခန်းမှ ၂ဝ၁၄ တွင် လွတ်မြောက်လာသူ ဦးအောင်စိုးကအကျဉ်းသားအချင်းချင်း အုပ်ချုပ်သည့် တုတ်ကိုင်ရာထူးရရှိရန် သိန်းနှင့်ချီ လာဘ်ထိုးရသည်ဟု ပြောပြသည်။

“ရိုက်မှ အကျဉ်းသားတွေက အမြဲကြောက်နေပြီး ဝန်ထမ်းတွေကို ပိုက်ဆံပေးမယ်၊ ပစ္စည်းပေးမယ်၊ ဒီဝန်ထမ်းတွေ ရေချိုးရင် ဆပ်ပြာတိုက်ပေးမယ်၊ သူတို့ကို နှိပ်နယ်ပေးမယ်၊ နည်းမျိုးစုံနဲ့ ကျွန်ခံပေးမယ်။ ဒါ့ကြောင့်ရိုက်တာ” ဟု ဦးအောင်စိုးက ဆိုသည်။

ဦးအောင်စိုး အကျဉ်းစခန်းတွင် အရိုက်မခံရစေရန် ကျင့်သုံးခဲ့သောနည်းလမ်းမှာ အခြားအကျဉ်းသားတို့နှင့် မတူပေ။  ၂ဝ၁၃ ခုနှစ်က ဟိုခိုသို့ ရောက်သည်နှင့် အကျဉ်းသားသစ်များကို ရိုက်နှက်ပြီး ကြိုဆိုစဉ် ဦးအောင်စိုးက သူ့အား ရိုက်နှက်ပါက အသက်နှင့်ရင်းပြီးပြန်လည်တိုက်ခိုက်မည်ဟု ပြောဆိုခဲ့သည်။

ထောင်သက် ၁၇ နှစ်၊ တုတ်ခိုင်သော သူ၏ခန္ဓာကိုယ်၊ စူးရှသော မျက်လုံးအစုံ၊ တင်းမာသော သူ၏ မေးကြောတို့က  သူ၏ခြိမ်းခြောက်မှှုကို အထောက်အပံ့ပေးခဲ့သည်။  ရိုက်နှက်ခြင်းမခံရသော်လည်း သူလည်း အလုပ်ကြမ်း လုပ်ရသည်။

အကျဉ်းစခန်းမှ လွတ်မြောက်ပြီးမကြာမီတွင် “အုတ်ရိုးအတွင်း သံဆူးကြိုးဝင်းမှ လူဆိုးများ” ဟူသော စာအုပ်ကိုအင်းစိန်အောင်စိုး ကလောင်အမည်ဖြင့် ရေးသားထုတ်ဝေလိုက်သည်။ လူဆိုးများထက်ဆိုးသောသူတို့မှာ အကျဉ်းဦးစီးဝန်ထမ်းများဖြစ်ကြောင်း ထိုစာအုပ်တွင် နိဒါန်းချီထားသည်။ အကျဉ်းသားများ ကြံခုတ်ပြီး ကြံဖတ်ခွာစဉ် ရိုက်နှက်ခံရသည်ဟု ဆိုသည်။

“တစ်နေကုန် မကြာခဏရိုက်တယ်။ ထောင်မှူး၊ ဝန်ထမ်းအကြပ်တွေက သူတို့ရှေ့မှာ ရိုက်နေတာကို တစ်ခွန်းမှ ဝင်မပြောဘူး။…တစ်ယောက်မကျန်အကုန်ရိုက်တယ်။ ကျွန်တော့်ကိုသာ မရိုက်တာပါ” ဟု သူကထိုစာအုပ်တွင် ရေးသားထားသည်။

မကြာသေးမီက သူနေထိုင်ရာ ရန်ကုန်၊ အင်းစိန်မြို့နယ်တွင် Myanmar Now နှင့် တွေ့ဆုံစဉ် ကြံစည်းများထမ်းပုံခဲ့ပုံရပုံကို ပြန်ပြောပြပြီး “ကျွန်တော် အခု ကြံပင်ကိုတွေ့ရင် သိပ်မုန်းတယ်” ဟု ဦးအောင်စိုးက ဆိုသည်။

၂ဝ၁၄ ခုနှစ်က နောင်ချိုရှိ အကျဉ်းစခန်းများကို အဓိကကွပ်ကဲခဲ့သူ ဦးဌေးလွင်ထွန်းက ကောင်းမှှုစခန်း ရိုက်နှက်မှုများနှင့်ပတ်သက်၍ တာဝန်ရှိသူ ထောင်မှူးကြီး ဦးဇော်မြင့်ဦးကို သတိပေးခဲ့ပြီးဖြစ်သည်ဟု ဆိုသည်။

“ဒါက လူသေလောက်တဲ့ကိစ္စလည်းမဟုတ်ဘူး၊ သာမန်ပဲဆိုတော့ နှှုတ်နဲ့ပဲ သတိပေးခဲ့တယ်။ တခြားအရေးယူတာမျိုးတော့မရှိဘူး” ဟု မန္တလေးမြို့ ထုံးဘိုကျောက်ထုတ်စခန်း (အမျိုးသား) တွင် တာဝန်ကျနေသော လက်ထောက်ညွှန်ကြားရေးမှူး ဦးဌေးလွင်ထွန်းက ပြောသည်။

စည်းကမ်းဘောင်အတွင်းနေထိုင်သူကို သတ်မှတ်ကာလမတိုင်ခင် လျှော့ရက်ပေးပြီး ပြန်လွှတ်လေ့ ရှိရာ စည်းကမ်းတစ်ခုခုဖောက်မိသော အကျဉ်းသားက လျှော့ရက်မရမည်ကို စိုးရိမ်ပြီး  အရိုက်ခံရခြင်းကိုသာလိုလားသည့်အခြေအနေမျိုးလည်း ရှိတတ်သည်ဟု သူက ဆိုသည်။

Myanmar Now က သွားရောက်လေ့လာခဲ့သည့် အကျဉ်းစခန်းများအနက် စစ်ကိုင်းတိုင်းဒေသကြီး၊ ကလေးမြို့နယ်ရှိ ရာဇဂြိုဟ် အမှတ် ၂ သည်  အဖိနှိပ်ဆုံးစခန်းများတွင် ပါဝင်သည်။ထိုစခန်းတွင် အကျဉ်းကျခဲ့သူ ကိုထန်းသည် ဘုတ်ကိုင် ခေါ် တုတ်ကိုင်ရာထူး ရရန် ငွေလမ်းခင်း ကြိုးပမ်းပြီးနောက် ဘဝတူအကျဉ်းသားများကို ကိုင်တွယ်အုပ်ချုပ်ရသူတစ်ဦး ဖြစ်လာသည်။

“ကျွန်တော်က မမောင်းရင် ကျွန်တော့်ကို အထက်အရာရှိတွေကဖိအားပေးတယ်။ မင်းတို့ကောင်တွေ ဒီနေ့ဘာလို့ ဒီလောက်ပဲပြီးတာလဲလို့ ကျွန်တော့်ကိုပြောတော့ ကျွန်တော်ကလည်းကျွန်တော့်အောက်က လူတွေကို ဖိရတာပေါ့” ဟု ယမန်နှစ် သြဂုတ်လတွင် လွတ်မြောက်လာသော ကိုထန်းက Myanmar Now ကို ပြောပြသည်။

ရောင်းစားခံရသော လုပ်အား

ကုလသမဂ္ဂက ၁၉၅၅ တွင်ချမှတ်ထားသော “အကျဉ်းသားများဆက်ဆံရာတွင် အနိမ့်ဆုံး ထားရှိရမည့် စည်းမျဉ်းစည်းကမ်းများ” တွင်အကျဉ်းသားတို့ကို အန္တရာယ်သဘောဆောင်သည့် ခိုင်းစေမှှုမပြုရ၊လုပ်ငန်းတစ်ခုခုမှ စီးပွားရေးအကျိုးအမြတ်ရရန် ရည်ရွယ်၍ခိုင်းစေခြင်းမပြုရဟု ဖော်ပြထားသည်။

မြန်မာနိုင်ငံက လက်မှတ်ရေးထိုးထားသော အဓမ္မခိုင်းစေမှှုဆိုင်ရာ ကုလသမဂ္ဂပဋိဉာဉ် အခန်း ၂ တွင်လည်း တရားရုံးကပြစ်ဒဏ် ချမှတ်လိုက်သူသည် ပုဂ္ဂလိက ကုမ္ပဏီ၊ အသင်းအဖွဲ့များ၏ အသုံးချခံမဖြစ်စေရဟု ပြဋ္ဌာန်းထားသည်။

Myanmar Now က သွားရောက်လေ့လာခဲ့သော မွန်၊ ရှမ်း၊ မန္တလေး၊ စစ်ကိုင်း စသည့် ဒေသများရှိ  အကျဉ်းစခန်းအချို့တွင် ထောင်အာဏာပိုင်တို့က အကျဉ်းသားများ၏ လုပ်အားကို ပုဂ္ဂလိကအလုပ်များတွင် အသုံးချလျက်ရှိသည်။

နောင်ချို၊ ကောင်းမှှုစခန်းမှ လွတ်လာသော ကိုဇေယျာလင်းက ငွေရည်ပုလဲကုမ္ပဏီပိုင် ကြံစိုက်ခင်း၊ စခန်းတဝိုက်ရှိ ရွာသားတို့၏ စပါးခင်း၊ ပြောင်းခင်းများတွင်  သွားရောက်လုပ်ကိုင်ခဲ့ရကြောင်း ပြောသည်။

“ကျွန်တော့်ရှေ့မှာတင် ထောင်မှူးကို လုပ်ငန်းရှင်တွေက အကျဉ်းသား ၁ဝဝ ကို တစ်နေ့ (လုပ်အားခ တစ်ယောက်) ၃,ဝဝဝ နဲ့တွက်ပြီး ပိုက်ဆံရှင်းတာ တွေ့တယ်၊ ကျွန်တော်တို့အကျဉ်းသားကတော့ ဘာမှမရဘူး” ဟု သူကဆိုသည်။

အကျဉ်းဦးစီးဌာနတွင် ၂ဝဝ၄ မှ ၂ဝ၁၂ အထိ ညွှန်ကြားရေးမှူးချုပ် တာဝန်ထမ်းဆောင်ခဲ့ပြီး လက်ရှိတွင် မြန်မာနိုင်ငံ လူ့အခွင့်အရေးကော်မရှင် အဖွဲ့ဝင်တစ်ဦးဖြစ်သူ ဦးဇော်ဝင်းကငွေရည်ပုလဲနှင့် အကျဉ်းဦးစီးဌာနတို့ ကြံစိုက်ခင်း ဧက ၈ဝဝခန့် နောင်ချိုတွင်လုပ်ကိုင်ရန် စာချုပ်ချုပ်ထားခဲ့ကြောင်း ပြောပြသည်။ဌာနက မြေ နှင့် အကျဉ်းသားလုပ်အားထည့်ဝင်ပြီး ကုမ္ပဏီက မျိုးစေ့၊မြေသြဇာ ထည့်ဝင်ကြောင်း သူကဆိုသည်။

“ကျွန်တော်တို့ ရိတ်သိမ်းပေးပြီး၊ သူတို့က သူတို့ကားနဲ့လာတင်တာရှိသလို၊ ကျွန်တော်တို့ကားနဲ့သွားတင်ပြီး သူတို့သကြားစက်ကို သွားပို့လို့ရတော့ ဈေးကွက်အတွက်လည်း ပူစရာမရှိတော့ဘူး။ ဒီလိုအကျိုးတူဖက်စပ်လုပ်ကိုင်ခွင့်ရှိတာ ဒါကျွန်တော့််လက်ထက်မှာအကြီးမားဆုံးပဲ” ဟု သူက ရှင်းပြသည်။

နောင်ချိုအကျဉ်းစခန်းများကို ကွပ်ကဲခဲ့သူ ဦးဌေးလွင်ထွန်းက အကျဉ်းသားများ၊ ဝန်ထမ်းများ၏ စားဝတ်နေရေးအတွက် စခန်းတာဝန်ခံတို့က အဆင်ပြေသလိုရှာဖွေရကြောင်း၊ အကျိုးအမြတ်ကို မျှမျှတတခွဲဝေသုံးစွဲလျှင်  တိုင်တန်းမှှုရှိမည်မဟုတ်ကြောင်း ပြောပြသည်။

နောင်ချို အကျဉ်းစခန်းများတွင် ဖြစ်ပေါ်နေသော လူ့အခွင့်အရေး ချိုးဖောက်မှုများမှာ အကျဉ်းစခန်းအများစုတွင်လည်း ဖြစ်ပျက်နေသည်။ ထိုကဲ့သို့ ပုဂ္ဂလိကအလုပ်များတွင် သွားရောက်လုပ်ကိုင်ရသည်ကို ထောင်အာဏာပိုင်များက လုပ်အားပေးဟု အမည်တပ်ကြောင်း အကျဉ်းသားများ၊ ပြန်လွတ်လာသူများကအတည်ပြုသည်။

ရာဇဂြိုဟ်၂အနီးရှိ ရာဇဂြိုဟ်ရွာအုပ်ချုပ်ရေးမှူး ကိုချောအောင်ကလည်း ရွာသားတို့က ထောင်အာဏာပိုင်တို့ကို အခကြေးငွေပေးပြီးအကျဉ်းသားတို့၏လုပ်အား ရယူကြောင်း ပြောသည်။

မွန်ပြည်နယ်၊  ကျိုက်ထိုမြို့နယ်ရှိ မုပ္ပလင်ကျောက်ထုတ်စခန်းမှ ရာနှင့်ချီသောအကျဉ်းသားများသည်    ပုဂ္ဂလိကပိုင်စပါးခင်း၊  ရော်ဘာခြံများတွင် လုပ်ကိုင်ရကြောင်း ဒေသခံတစ်ဦးဖြစ်သူ အမျိုးသား ဒီမိုကရေစီအဖွဲ့ချုပ်အဖွဲ့ဝင် ဦးရွှေထွန်းက Myanmar Now ကို ပြောသည်။ ဇူလိုင် ၃ဝ ရက်နေ့က အရပ်ဝတ်အကျဉ်းသား ၅ဝခန့် သူ့အိမ်အနီးရှိပုဂ္ဂလိက လယ်ကွင်းတွင် အလုပ်လုပ်နေရသည်ကို  တွေ့ရှိကြောင်းသူက ဆက်ပြောသည်။

“အကျဉ်းသားတွေကို အပြင်မှာတရားဝင်ခိုင်းခွင့် မရှိတာလည်းတစ်ကြောင်း၊ လုပ်ရတာကလည်း မုပ္ပလင်မြို့အဝင် လမ်းမကြီးဘေးမှာ ဆိုတာကလည်း တစ်ကြောင်းမို့ အကျဉ်းသားဝတ်စုံပြာတွေနဲ့ဆိုရင် အများအမြင်မှာ မကောင်းဘူးထင်တယ်၊ ဒါ့ကြောင့်မို့လို့ အကျဉ်းသားတွေကို အရပ်ဝတ်နဲ့ခိုင်းတာ” ဟု သူက မှတ်ချက်ပြုသည်။

စခန်းတာဝန်ခံများအလွယ်တကူချမ်းသာလာကြောင်း သူက ဆက်ပြောသည်။“ထောင်ပိုင်တွေ ဒီကိုရောက်လာပြီး ၁ နှစ်မပြည့်ဘူး၊ အိမ်တွေ၊ ခြံတွေ အကုန်ပိုင်ဆိုင်သွားတာပဲ” ဟု သူကဆိုသည်။

အကျဉ်းဦးစီးဌာန ပြောရေးဆိုခွင့်ရှိသူ ဒုတိယညွှန်ကြားရေးမှူး ဦးမင်းထွန်းစိုးကို အကျဉ်းစခန်းများ၏ ဆိုးဝါးသော အခြေအနေများအကြောင်း မေးမြန်းရာ သူက အသေးစိတ် ရှင်းလင်းခြင်း မရှိသော်လည်း တိုးတက်ဖြစ်ထွန်းမှုများရှိသည်ဟု ဆိုသည်။

“ဒါတွေက ရှိကောင်းရှိနိုင်ပါတယ်။ ယခင်ကလောက်တော့ မဆိုးတော့ပါဘူး” ဟု ဦးမင်းထွန်းစိုးကဆိုသည်။

နိုင်ငံတကာ အလုပ်သမားအဖွဲ့ (ILO) ၏ မြန်မာနိုင်ငံရုံးတာဝန်ခံ Piyamal Pichaiwongse က အကျဉ်းစခန်းများရှိအလုပ်သည် ပုဂ္ဂလိကကုမ္ပဏီတို့၏အကျိုးစီးပွားနှင့် ဆက်စပ်နေပါက ကုလသမဂ္ဂ အဓမ္မခိုင်းစေမှှုပဋိဉာဉ်အရ အဓမ္မခိုင်းစေမှှုမြောက်ကြောင်း ပြောသည်။

“အကျဉ်းသားတွေကိုခိုင်းစေတဲ့အလုပ်ဆိုတာ ထောင်ရဲ့ဘောင်ထဲမှာပါပြီး၊ ထောင်ရဲ့ အကောင်းဆုံးသော အကျိုးစီးပွားကိုသာ ဦးတည်ရမှာဖြစ်ပါတယ်။ ဥပမာ ထောင်ထဲမှာ အကျဉ်းသားတွေ ထင်းခွဲမယ်၊ ထမင်းဟင်းချက်မယ်၊ အခန်းတွေကို သန့်ရှင်းရေးလုပ်မယ်၊ ဒါဆိုရင်တော့ အဓမ္မခိုင်းစေတာ မမြောက်ဘူးပေါ့” ဟု ILO အရာရှိက ဆိုသည်။

သူကိုယ်တိုင် မန္တလေးမြို့အနီး ရထားခရီးစဉ်တစ်ခုတွင် အကျဉ်းဦးစီး အလုပ်စခန်းတစ်ခုမှ   အကျဉ်းသားများကို လှမ်းတွေ့ဖူးကြောင်း ပြောသည်။

“ကျွန်မအကျဉ်းသားတွေကို လှမ်းမြင်လိုက်တော့ အို…့ဘယ်လိုပြောရမလဲ၊ သူတို့က ကျွန်တွေနဲ့တူလိုက်တာ။ ဒါပေမဲ့ ဒီကိစ္စကို ဘယ်သူမှ ကျွန်မတို့ဆီလာမတိုင်ကြဘူး” ဟုသူကပြောပြသည်။ ။

htone bo - မန္တလေးတိုင်းဒေသကြီး၊ ပုသိမ်ကြီးမြို့နယ်ရှိ ထုံးဘို (အမျိုးသား) ကျောက်ထုတ်စခန်းတွင် အလုပ်လုပ်နေသော အကျဉ်းသားများ (ဓာတ်ပုံ - ဆွေဝင်း/Myanmar Now)

insein prison - ရန်ကုန်မြို့၊ အင်းစိန်ထောင်တွင်း မြင်ကွင်းတစ်ခု။ နိုင်ငံအနံှ့အပြားရှိ ထောင်ပေါင်း ၄၆ ခုတွင် အကျဉ်းသားပေါင်း သုံးသိန်းခန့်ရှိပြီး ငွေကြေးမပေးနိုင်သူများမှာ ရဲဘက်စခန်း ခေါ် အကျဉ်းစခန်းများ၊ အလုပ်စခန်းများသို့ ပို့ဆောင်ခံနေရသည် (ဓာတ်ပုံ - ဆွေဝင်း/Myanmar Now)

Ya Za Gyo (1) - စစ်ကိုင်းတိုင်းဒေသကြီး၊ ကလေးမြို့နယ်ရှိ ရာဇဂြိုဟ် အမှတ် ၂ စိုက်ပျိုးရေးနှင့် မွေးမြူရေး အတတ်သင်စခန်းအနီးတွင် မကြာသေးမီက တွေ့ရသော အကျဉ်းသားများ   (ဓာတ်ပုံ - ဆွေဝင်း/Myanmar Now)

Ya Za Gyo (2) - စစ်ကိုင်းတိုင်းဒေသကြီး၊ ကလေးမြို့နယ်ရှိ ရာဇဂြိုဟ် အမှတ် ၂ စိုက်ပျိုးရေးနှင့် မွေးမြူရေး အတတ်သင်စခန်းမှ အကျဉ်းသားများ   (ဓာတ်ပုံ - ဆွေဝင်း/Myanmar Now)

Ya Za Gyo (3) - စစ်ကိုင်းတိုင်းဒေသကြီး၊ ကလေးမြို့နယ်ရှိ ရာဇဂြိုဟ် အမှတ် ၂ စိုက်ပျိုးရေးနှင့် မွေးမြူရေး အတတ်သင်စခန်းမှ အကျဉ်းသားများ   (ဓာတ်ပုံ - ဆွေဝင်း/Myanmar Now)

zin kyaik (1) - မွန်ပြည်နယ်၊ ပေါင်မြို့နယ်ရှိ ဇင်းကျိုက် ကျောက်ထုတ်စခန်းမှ သံခြေကျင်းခတ် အကျဉ်းသားတစ်ဦး။  အကျဉ်းဦးစီးဌာနစည်းကမ်းအရ ထောင်မှ အလုပ်စခန်းသို့ ပို့ဆောင်လိုက်သော အကျဉ်းသားကို ၂ လ ကြာသည်အထိ သံခြေကျင်းခတ်ထားလေ့ရှိသည် (ဓာတ်ပုံ - ဆွေဝင်း/Myanmar Now)

zin kyaik (2) - မွန်ပြည်နယ်၊ ပေါင်မြို့နယ်ရှိ ဇင်းကျိုက် ကျောက်ထုတ်စခန်းတွင် မကြာသေးမီက တွေ့ရသော အကျဉ်းသားများ (ဓာတ်ပုံ - ဆွေဝင်း/Myanmar Now)

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly