ထိုင်းတွင် ဗုံးနှစ်လုံးပေါက်ကွဲပြန်၍ လူတစ်ဦးသေဆုံးကာ ၃၀ ဒဏ်ရာရ

ထိုင်းတွင် ဗုံးနှစ်လုံးပေါက်ကွဲပြန်၍ လူတစ်ဦးသေဆုံးကာ ၃၀ ဒဏ်ရာရ

ဘန်ကောက်၊ သြဂုတ် ၂၄ ။           ။ ထိုင်းနိုင်ငံ ပတ်တာနီကမ်းခြေမြို့ရှိ ဟိုတယ်တစ်ခုအနီး သြဂုတ် ၂၃ ရက် ညပိုင်းက ဗုံးနှစ်လုံးပေါက်ကွဲရာ လူတစ်ဦးသေဆုံးပြီး ၃၀ ဒဏ်ရာရသည်။ နိုင်ငံအတွင်း ဗုံးခွဲတိုက်ခိုက်မှုများဖြစ်ပွားပြီး နှစ်ပတ်မပြည့်သေးမီ ယခုထပ်မံပေါက်ကွဲမှုဖြစ်ပွားခြင်းဖြစ်သည်။

ပထမဗုံးမှာ Southern Hotel အနောက်ဖက်ကားပါကင်တွင်ဖြစ်ပြီး ထိခိုက်ဒဏ်ရာရမှုမရှိကြောင်း ရဲမှူး ဝင်းယုတိုင်မရက်က ရိုက်တာသတင်းသို့ပြောသည်။

“ဒုတိယဗုံးကတော့ ဟိုတယ်အဝင်နား ပါကင်ထိုးထားတဲ့ ထရပ်ကားမှာ ပေါက်ကွဲတာပါ။ ကာရာအိုကေဘားဆိုနဲ့ မျက်နှာချင်းဆိုင်ဖြစ်တယ်။ ဒီပေါက်ကွဲမှုမှာတော့ တစ်ဦးသေဆုံးပြီး ၃၀ ဒဏ်ရာရတာဖြစ်တယ်။ အားလုံးက ထိုင်းနိုင်ငံသားများသာဖြစ်တယ်။”ဟု ၎င်းက ပြောသည်။

ယခုပေါက်ကွဲမှုမတိုင်မီ သီတင်းနှစ်ပတ်ခန့်အတွင်း နိုင်ငံ၏ ခရီးသွားဧည့်သည်များ လာရောက်မှုများသော နေရာသုံးနေရာတွင် တောင်ပိုင်းက မြို့တစ်မြို့တို့တွင် ပေါက်ကွဲမှုများ ဆက်တိုက်ဖြစ်ပွားထားသည်။ ယင်းပေါက်ကွဲမှုများ၌ လူလေးဦးသေဆုံးကာ ဒဏ်ရာရသူ ဒါဇင်များစွာရှိခဲ့သည်။

“အခုပေါက်ကွဲမှုမှာ ဟိုတယ်တော်တော်လေး ပျက်စီးမှုဖြစ်ခဲ့တယ်။”ဟု ရဲမှူးဖြစ်သူက ပြောခဲ့သည်။

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly