သယံဇာတ အကျိုးအမြတ်ခွဲဝေသုံးစွဲခွင့် တောင်းခံထားသည့် လူထုလက်မှတ် သုံးသိန်းကို ပြည်ထောင်စုအစိုးရထံ ပေးပို့မည်

သယံဇာတ အကျိုးအမြတ်ခွဲဝေသုံးစွဲခွင့် တောင်းခံထားသည့် လူထုလက်မှတ် သုံးသိန်းကို ပြည်ထောင်စုအစိုးရထံ ပေးပို့မည်

 ရခိုင်ပြည်နယ်အတွင်းမှ ထွက်ရှိသည့် သယံဇာတများအား ရခိုင်ပြည်နယ်အစိုးရမှ ခွဲဝေသုံးစွဲခွင့် ရရှိရေးအတွက် တောင်းဆိုမှုများပြုလုပ်ရန် လူထုလက်မှတ်ကောက်ခံလျက်ရှိရှိ လက်မှတ်ပေါင်း နှစ်သိန်းကျော် ရရှိထားပြီး ဖြစ်ကာ မကြာမီရက်ပိုင်းအတွင်း သုံးသိန်းခန့် ရရှိမည်ဟု မျှော်လင့်ထားပြီး သြဂုတ်လမကုန်မီ ပြည်ထောင်စုအစိုးရထံသို့ ပေးပို့သွားမည်ဖြစ်ကြောင်း လှုပ်ရှားသူများက ပြောသည်။

“ အဲဒီလက်မှတ်တွေကို လွှတ်တော်သုံးရပ်စလုံးကိုပေးပို့မယ်။ အစိုးရကိုလည်း ပေးပို့သွားမှာဖြစ်ပါတယ်။ အဓိက ပင်လုံကိုရည်ရွယ်ပြီး အချိန်ကိုက်ပို့နိုင်အောင် ကြိုးစားနေပါတယ်။” ဟု ရခိုင့်သယံဇာတနှင့် သဘာဝပါတ်ဝန်းကျင်ဆိုင်ရာ ကွန်ရက်မှ ဒါရိုက်တာအဖွဲ့ဝင် ဒေါ်ညိုအေးကပြောသည်။

လှုပ်ရှားမှုနှင့် ပတ်သက်၍ ရန်ကုန်မြို့တွင် သတင်းစာရှင်းလင်းပွဲတရပ်ကို ခေါ်ယူသွားမည်ဖြစ်ကာ ရခိုင်ပြည်နယ်အတွင်းမှ ထွက်ရှိသည့် သယံဇာတများကို ပြည်နယ်အစိုးရ၏ စီမံခန့်ခွဲပိုင်ခွင့် ရရှိရေးကို လိုလားကြောင်း လှုပ်ရှားသူများက ပြောသည်။

“သတင်းစာ ရှင်းလင်းပွဲလုပ်မယ့် ရည်ရွယ်ချက်ကတော့ ကျွန်မတို့လုပ်ထားတဲ့ လုပ်ဆောင်ချက်တွေကိုချပြမယ်။ ကျွန်မတို့မှာ မြန်မာနိုင်ငံအတွင်းမှာရှိတဲ့ သယံဇာတ လှုပ်ရှားမှုအဖွဲ့တွေနဲ့ ချိတ်ဆက်ထားတာတွေရှိပါတယ်။ အဲဒီကွန်ရက်က သဘောထားတွေကို ရယူပြီးတော့ ကျွန်မတို့ဟာ ရခိုင်ပြည်နယ်အတွက် ဘာတွေလုပ်ထားပြီ။ ဘယ်အဆင့်ထိ လုပ်သွားမယ်ဆိုတာတွေကို ချပြသွားမှာဖြစ်ပါတယ်။” ဟု ဒေါ်ညိုအေးက ပြောသည်။

တစ်ဆက်တည်းတွင် ရခိုင်ပြည်နယ်အစိုးရအနေဖြင့် သယံဇာတကို ခွဲဝေ သုံးစွဲခွင့်ရရှိရေးအတွက် ရခိုင်ပြည်နယ် မြောက်ပိုင်း စစ်တွေမြို့မှ ရွှေသဘာဝ ဓါတ်ငွေ့ထွက်ရှိရာ ရခိုင်ပြည်နယ်တောင်ပိုင်း ကျောက်ဖြူမြို့သို့ အောက်တိုဘာလ တတိယ သီတင်းပတ်တွင် လူထု လမ်းလျှောက်ချီတက်ပွဲတစ်ခုကို ပြုလုပ်သွားနိုင်ရန်အတွက် စီစဉ်လျှက်ရှိကြောင်းလည်း သိရသည်။

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly