ကျပ်သိန်း ၂၀၀၀ ကျော် မူးယစ်ဆေးဝါးများ ရခိုင်နယ်စပ်တွင် ဖမ်းမိ

ကျပ်သိန်း ၂၀၀၀ ကျော် မူးယစ်ဆေးဝါးများ ရခိုင်နယ်စပ်တွင် ဖမ်းမိ

မြန်မာနိုင်ငံ အနောက်ဘက် နယ်စပ်ဒေသ မောင်တောမြို့နယ်မှ ကာလတန်ဖိုး ကျပ်သိန်းပေါင်း ၂၃၄၀ တန်ဖိုးရှိ WY စိတ်ကြွ မူးယစ် ဆေးပြားများကို သယ်ဆောင်သူနှင့်အတူ ယမန်နေ့ သြဂုတ် ၂၃ ရက်နေ့ ညနေ ၄ နာရီအချိန်က မောင်တော-တောင်ပြို လက်ဝဲ ခရီးသည်ယာဉ်မှ ဖမ်းဆီးရမိခဲ့သည်။

“BM အမျိုးအစား ခရီးသည်တင်ယဉ်ပေါ်ကနေ ကျွန်တော်တို့ ပူးပေါင်းအဖွဲ့က ဖမ်းမိတာပါ။ ထန်းလျက်ခြင်းထဲမှာ ထည့်ပြီး သယ်ဆောင်လာတာဖြစ်ပါတယ်။ အခု သူ့ကို မောင်တောရဲစခန်းမှာ မူးယစ် ပ- ၉/၂၀၁၆ အရ မူယစ်ဆေးဝါးနဲ့ ဆေးခြောက် ပုဒ်မ ၁၅/၁၉ (က) နဲ့ အရေးယူဆောင်ရွက်ထားပါတယ်” ဟု မောင်တောမြို့မ ရဲစခန်းယာယီ စခန်းမှူး ရဲအုပ် ဆန်းညွန့်ကပြောသည်။

မူးယစ်ဆေးဝါး သယ်ဆောင်လာသူ၏ အမည်မှာ ဂျင်ဂီး၊ အသက် (၂၀) နှစ်၊ မောင်တောမြို့၊ မြို့မအရှေ့ရပ်ကွက်မှ တောင်ပြိုလက်ဝဲ (ဘင်္ဂလားဒေရှ့်နယ်စပ်အနီး) ဆေးပြားအရေအတွက် စုစုပေါင်း ၉၇၅၀ ကို ခရီးသည်ယဉ်လိုင်းမှ ဖမ်းမိခဲ့ခြင်း ဖြစ်ပြီး၊ ဂျင်ဂီး၏ ထွက်ဆိုချက် အရ ဆေးပြားပိုင်ရှင်ဖြစ်သူ  မောင်တောမြို့နယ်၊ လသာကျေးရွာနေ မာမတ်ဟူစိန် နေအိမ်သို့ သွားရောက်ရှာဖွေခဲ့ရာ စိတ်ကြွဆေးပြား ၁၀၇၂၅၀ ကို တွေ့ရှိခဲ့ပြီး၊ မာမတ်ဟူစိန်မှာ ထွက်ပြေးလွတ်မြောက်ခဲ့သူ ၃ ဦးအနက် ၂ ဦးကို ဖမ်းမိခဲ့သည်။

“ကွင်းဆက်ကို ကျွန်တော်တို့ မနေ့ကတည်းက လိုက်လံဖော်ထုတ်ပြီးပါပြီ။ ပိုင်ရှင်ကိုတော့ မမိလိုက်ပါဘူး။ သူနဲ့အတူ ထွက်ပြေးကြတဲ့ နောက်နှစ်ယောက်ဟာ အိမ်မရှိတဲ့ ခြံဝင်းတစ်ခု အတွင်းမှာ ပစ္စည်းတွေကို လွှင့်ပစ်တာတွေ့လို့ လိုက်ဖမ်းတာမှာ မူးယစ်ဆေးဝါးနဲ့အတူ ဖမ်းမိပါတယ်။”ဟု စခန်းမှူးက ရဲအုပ်ဆန်းညွန့် ပြောသည်။

ပြီးခဲ့သည့် ဇူလိုင်လ နောက်ဆုံးသီတင်းပတ်ကလည်း ကာလတန်ဖိုး ကျပ်သိန်း ခြောက်ထောင်ဖိုး ရှိသော စိတ်ကြွဆေးပြား များကို မောင်တောမြို့နယ် နယ်ခြားစောင့် ရဲကင်းစခန်းတစ်ခုမှ ဖမ်းမိခဲ့ပြီး ရဲကင်းရုံးအဖွဲ့ဝင် ၇ ဦးကို ဖမ်းဆီး စစ်ဆေးလျက် ရှိသည်။

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly