အိုလံပစ်သူရဲကောင်း နေမာကို ဘာစီလိုနာအသင်း နားရက် ထပ်တိုးပေးထား

အိုလံပစ်သူရဲကောင်း နေမာကို ဘာစီလိုနာအသင်း နားရက် ထပ်တိုးပေးထား

သြဂုတ် ၂၃၊ စပိန် ။                 ။ ရီယို ၂၀၁၆ အိုလံပစ်ပြိုင်ပွဲတွင် အိမ်ရှင်ဘရာဇီးအသင်းအတွက် ခြေစွမ်းပြကစားပေးခဲ့သည့် တိုက်စစ်မှူးနေမာကို ဘာစီလိုနာအသင်းက အားလပ်ရက်ထပ်ပေးထားပြီး စက်တင်ဘာလအတွင်းတွင်မှ အသင်းသို့ ပြန်လာမည် ဖြစ်သည်။

ဘရာဇီးနိုင်ငံအတွက် ပထမဆုံးအိုလံပစ်ရွှေတံဆိပ်ဆုကို ရယူပေးခဲ့သည့် နေမာသည် ကမ္ဘာ့ဖလားခြေစစ်ပွဲယှဉ်ပြိုင်မည့် ဘရာဇီးအသင်းတွင်လည်း ရွေးချယ်ခံထားရသည့်အတွက် စက်တင်ဘာလ နိုင်ငံတကာပွဲစဉ်များအပြီးတွင်မှ ဘာစီလိုနာအသင်းသို့ ပြန်လာမည် ဖြစ်သည်။

ထို့ကြောင့်နေမာသည် စက်တင်ဘာလ ၂၉ ရက်နေ့တွင် ယှဉ်ပြိုင်ကစားရမည့် ဘီလ်ဘာအိုအသင်းနှင့် လာလီဂါပွဲစဉ်ကို လွဲချော်ဦးမည် ဖြစ်သည်။

ဘာစီလိုနာအသင်းမှာ လာလီဂါရာသီအဖွင့်ပွဲစဉ်တွင် နေမာ မပါဝင်နိုင်သော်လည်း ဘက်တစ်အသင်းကို ၆ ဂိုး ၂ ဂိုးဖြင့် အနိုင်ရရှိခဲ့သည်။ ထိုပွဲစဉ်တွင် ဆွာရက်ဇ်က သုံးဂိုး၊ မက်ဆီက နှစ်ဂိုး သွင်းယူခဲ့ကြသည်။

ဘရာဇီးအသင်းမှာ လက်ရှိကမ္ဘာ့ဖလားခြေစစ်ပွဲတွင် ခြောက်ပွဲကစားပြီးချိန်၌  ကိုးမှတ်သာ ရရှိထားပြီး အဆင့်ခြောက်နေရာတွင် ရပ်တည်နေသည်။ လာမည့် စက်တင်ဘာလ ခြေစစ်ပွဲများတွင် အီကွေဒေါ၊ ကိုလံဘီယာတို့နှင့် ယှဉ်ပြိုင်ရမည် ဖြစ်သည်။

ရည်ညွှန်း ဂိုးလ်ဒေါ့ကွန်း

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly

Tags