အစိုးရသစ်နှင့် ဆေးစွဲသူတို့ကို ထောင်ချသည့် အစဉ်အလာဟောင်း

အစိုးရသစ်နှင့် ဆေးစွဲသူတို့ကို ထောင်ချသည့် အစဉ်အလာဟောင်း

မူးယစ်ဆေး စွဲသူအများအပြားကို ထောင်သွင်းအကျဉ်းချမည့်အစား လူနာများအဖြစ် သဘောထားပြီး ကုသမှုပေးရန် အစိုးရသစ်ကို တောင်းဆိုနေကြသည်။

ရန်ကုန် (Myanmar Now) -   ဇူလိုင်လလယ်ပိုင်း နံနက်ခင်းတစ်ခုတွင် ရန်ကုန်၊ သင်္ဃန်းကျွန်းစံပြဆေးရုံမှ မက်သဒုန်းခေါ် မူးယစ်ဆေးအစားထိုး ဆေးဝါးယူပြီး ပြန်လာမည့်သူတစ်ယောက်ကို မိတ်ဆွေတချို့က ဆေးရုံရှေ့ ဝင်ပေါက်အနီး စောင့်ဆိုင်းနေကြသည်။ ဆေးရုံနောက်တွင်လည်း ရဲဝန်ထမ်းတစ်စုက နေရာယူထားသည်ကို တွေ့ရသည်။ အချိန်အတန်ကြာပြီးနောက်တွင် သူတို့ စောင့်ဆိုင်းနေသည့် လူငယ် အဖမ်းခံလိုက်ရပြီဖြစ်ကြောင်း သဘောပေါက်လိုက်ပြီး ထိုနေရာမှ ခွာလိုက်ကြသည်။

“မက်သဒုန်းဆေး လာယူတဲ့ လူငယ်တစ်ယောက်ကို ရဲက ဖမ်းသွားပါတယ်” ဟု ဆေးရုံရှေ့ သွားရောက် စောင့်ဆိုင်းသူများထဲမှ ကိုစိုးမောင်ကMyanmar Now ကိုပြောပြသည်။ သူ့စာရင်းစာအုပ်ကိုဖွင့်ပြီး လူငယ်၏ အမည်နေရာကို ဘောပင်ဖြင့် ခြစ်လိုက်သည်။

ကိုစိုးမောင်မှာ နိုင်ငံတကာ အဖွဲ့အစည်းတစ်ခုဖြစ်သည့် Burnet Institute အထောက်အပံ့ဖြင့် မူးယစ်ဆေး ဖြတ်လိုသူများကို မူးယစ်ဆေးအစား  အစားထိုး သောက်သုံးရသည့် မက်သဒုန်းဆေး တိုက်ကျွေးရာတွင် ပိုမိုလွယ်ကူစေရန် အကူအညီပေးရေးအစီအစဉ်တွင် ပါဝင်သူတစ်ဦးဖြစ်သည်။ နိုင်ငံအနံှ့တွင် မူးယစ်ဆေး စွဲကြောင်းမှတ်ပုံတင်ထားပြီး မက်သဒုန်းဆေးဖြင့် ကုသမှုခံယူနေသူ နှစ်စဉ် ၇,ဝဝဝကျော်ရှိနေသည်။ မှတ်ပုံ တင်ထားသော်လည်း ဆက်လက်သုံးစွဲနေကြောင်း စစ်ဆေးတွေ့ရှိပါက ဥပဒေအရ ထောင်ဒဏ် ၃နှစ်မှ ၁ဝနှစ်အထိ ချမှတ်ခြင်းခံရနိုင်သည်။
မူးယစ်ဆေး သုံးစွဲသူတို့ကို ရာဇဝတ်သားများအဖြစ် သတ်မှတ်၍ အပြစ်ပေး ထောင်ချခြင်းထက် မက်သဒုန်း စင်တာများ၊ ပြန်လည်ထူထောင်ရေး စခန်းများ တိုးချဲ့ဖွင့်လှစ်ပြီး ကျန်းမာရေးပြဿနာတစ်ရပ် အဖြစ် ဖြေရှင်းခြင်းက ပိုမိုထိရောက်သည်ဟု ဆေးစွဲသူတို့ကို နှစ်သိမ့်ဆွေးနွေး ပညာပေးရေး လုပ်ငန်း လုပ်ဆောင်နေသူများ၊ နိုင်ငံရေးသမားတချို့၊ ဆေးစွဲနေသူများက ပြောသည်။

ဆေးစွဲသူတို့သာ ပစ်မှတ်ဖြစ်နေ

နိုင်ငံတကာ သုတေသနနှင့် မူဝါဒပြောင်းလဲရေး လျှောက်လဲတင်ပြသည့် အဖွဲ့အစည်းTransnational Institute က မြန်မာနိုင်ငံ၏ ဘိန်းစိုက်ပျိုးမှု  နှစ်ဆတိုးလာသည်မှာ ဆယ်နှစ်ရှိပြီဖြစ်ပြီး အာဆီယံဒေသတွင်း မူးယစ်ကင်းစင်ရေး ရည်မှန်းချက်ကို စိန်ခေါ်နေသည်ဟု ဆိုသည်။ အစိုးရ အာဏာသက်ရောက်မှု နည်းပါးသည့် နယ်စပ်ဒေသများမှ မြစ်ဖျားခံသည်ဟု ယူဆထားကြသော စိတ်ကြွဆေးအပါအဝင် မူးယစ်ဆေးမျိုးစုံသည် နိုင်ငံတလွှား ပျံ့နှံ့နေသည်။

ပြည်ထဲရေး ဝန်ကြီးဌာန၏ စာရင်းများအရ အစိုးရသစ် စတင်သည့် ဧပြီ ၁ မှ ဇူလိုင် ၃၁ အတွင်းမူးယစ်ဆေးနှင့် ဆက်နွယ်နေသူ ၄,၇၆၁ ဦးကို ထိန်းသိမ်းခဲ့ကြောင်း သိရသည်။ စိတ်ကြွဆေးပြား ၃ဝ.၃ သန်း၊ ဘိန်းဖြူ ကီလို ၆ဝ ကျော်၊  ဘိန်းမည်းကီလို ၂ဝဝ ကျော် ဖမ်းဆီးရရှိခဲ့သည်။

ကိုစိုးမောင်သည်  နိုင်ငံအနံှ့ မက်သဒုန်းဆေးပေးဝေသည့် ဆေးရုံ ၄၆ခုထဲတွင် တစ်ခုအပါအဝင်ဖြစ်သည့် သင်္ဃန်းကျွန်း စံပြဆေးရုံတွင် မူးယစ်ဆေးဖြတ်ရန် ကြိုးစားနေသူများထဲမှ မက်သဒုန်းဆေး ပိုမိုရယူလိုသူတို့ကို ရွာသာကြီး စိတ်ကျန်းမာရေးဆေးရုံ၊ စိတ်နှင့်မူးယစ်ဌာနသို့ ပို့ဆောင်ပေးရန် တာဝန်ရှိသူဖြစ်သည်။

အစိုးရသစ်၏ ရက် ၁ဝဝ စီမံကိန်းကာလ မူးယစ်ဆေး နှိမ်နှင်းမှုတွင် လက်ကား သမားများ၊ မူးယစ်ရာဇာများ လွတ်မြောက်နေပြီး လက်လီ ရောင်းချသူများ၊ မူးယစ်ဆေးဖြတ်ရန် ကြိုးပမ်းနေသူများသာ ဖမ်းဆီးခံ နေရသည်ဟု သူက ဝေဖန်လိုက်သည်။ “ရက် ၁ဝဝ စီမံချက်ထဲမှာ မူးယစ်ဆေးဖြတ်ဖို့ ကြိုးစားနေတဲ့၊ မက်သဒုန်းဆေး သောက်နေတဲ့ လူငယ် တော်တော်များများ အဖမ်းခံနေရပါတယ်”ဟုသူက မခံချိမခံသာ ဖြစ်နေသည့်လေသံဖြင့် ပြောသည်။

တနင်္သာရီ တိုင်းဒေသကြီး အမျိုးသားလွှတ်တော်အမတ် ဦးဥက္ကာမင်းသည် နိုင်ငံ၏ မူးယစ်ဆေးဝါး ပြဿနာတွင် အကျင့်ပျက် ခြစားမှုများနှင့် လွဲမှားသည့် မူဝါဒများရှိနေသည်ဟု ယုံကြည်သူဖြစ်သည်။ “လက်ရှိ သုံးစွဲနေသူတွေကိုပဲ လိုက်ဖမ်းနေမယ် ဆိုရင်တော့ တစ်နိုင်ငံလုံးမှာ ရှိသမျှ အကျဉ်းထောင်တွေတောင် ဆံ့မှာ မဟုတ်ပါဘူး”ဟုသူကပြောသည်။ မူးယစ်ဆေးသည် အထက်တန်းကျောင်းသူ၊ ကျောင်းသားများ ကြားတွင်ပင် ပျံ့နှံ့လျက်ရှိပြီး စာသင် ကျောင်းများတွင် မူးယစ်ဆေးနှင့် ပတ်သက်သည့် ပညာပေး လုပ်ငန်းများ ဆောင်ရွက်ရန် အရေးတကြီး လိုအပ်နေသည်ဟု သူကMyanmar Now ကိုပြောသည်။

ဥပဒေပြင်ဆင်၊ ဆေးရုံတိုးချဲ့

မူးယစ်ဆေးဝါး တိုက်ဖျက်ရေးကို ၁၉၉၉ ခုနှစ်မှ စတင်ပြီး ၅ နှစ် စီမံကိန်းများဖြင့် အကောင်အထည် ဖော်လျက်ရှိသည်။ ယခင်စီမံကိန်းများတွင် လူနာ တစ်သောင်းကျော်သာရှိပြီး စတုတ္ထ ၅ နှစ် စီမံကိန်းတွင် တစ်သောင်း သုံးထောင်ကျော်အထိ ရှိလာသည်။ မူးယစ်စွဲ ဝေဒနာကုသမှု ခံယူသူ အရေအတွက် တိုးမြင့်လာသော်လည်း မြန်မာတစ်နိုင်ငံလုံး အတိုင်းအတာအရ မက်သဒုန်း တိုက်ကျွေးရေးစင်တာ ၄၆ ခု၊ မူးယစ်ဆေးဖြတ် ဆေးရုံ ၇၃ ရုံ ရှိသည်။
မူးယစ်ဆေးဖြတ် ဆေးရုံ ၇၃ ရုံတွင် တစ်ခုအပါအဝင်ဖြစ်သည့် ရန်ကုန် စိတ်ကျန်းမာရေး ဆေးရုံတွင် အကျယ်အဝန်း ကန့်သတ်ချက်အရ လူနာ ၅ဝ သာ လက်ခံနိုင်သည်။ ထိုဆေးရုံမှ ပါမောက္ခ ဒေါက်တာ ဦးလှဌေးက ထိုနေရာတွင် ဆေးဖြတ်လူနာတို့အတွက် ပိုမိုကျယ်ဝန်းသည့် မူးယစ်ဆေးဖြတ် ဆေးရုံတစ်ခု လိုအပ်သည်ဟု ပြောသည်။

ပိုမိုထိရောက်သည့် ကုသမှု ပေးနိုင်သည့် ပြန်လည်ထူထောင်ရေး စခန်း၊ ဆေးရုံ၊ ဆေးခန်းများစွာ လိုအပ်လျက်ရှိသော်လည်း ကျွမ်းကျင်လုပ်သား ရှားပါးမှု၊ ငွေကြေးလိုအပ်မှုတို့မှာ ပြဿနာဖြစ်နေသည်ဟု ဒေါက်တာ ဦးလှဌေးက သူ၏ရုံးခန်းတွင် Myanmar Now နှင့် တွေ့ဆုံစဉ် ပြောပြသည်။

ရန်ကုန် သင်္ဃန်းကျွန်းဆေးရုံကြီးတွင် နံနက် ၈နာရီမှ ၁၁နာရီအတွင်းသာ မက်သဒုန်း ပေးဝေနိုင်သည့်အတွက် ရုံးဝန်ထမ်းများ၊ ဆေးရုံနှင့် ဝေးလံသည့်နေရာများတွင် နေထိုင်သူတို့ ဆေးရရှိရေး ခက်ခဲနေသည်ဟု ရန်ကုန်မှ မူးယစ်ဆေးစွဲသူများကို နှစ်သိမ့် ဆွေးနွေးရေး ဆောင်ရွက်ပေးနေသူ ဦးဝင်းမင်းကပြောသည်။ “ရန်ကုန်မြို့တွင်းကျတဲ့ အနောက်ပိုင်းဆေးရုံကြီးမှာ မက်သဒုန်းပေးဝေရေး ဌာနတစ်ခုဖွင့်ဖို့ တင်ပြထားပေးမယ့် ခုထိတော့ မထူးခြားသေးပါဘူး”ဟုသူကရှင်းပြသည်။

၁၉၉၃ မူးယစ်ဥပဒေကို ပြင်ဆင်ရန် စိတ်အားထက်သန်သူများထဲတွင် ရဲမှူးကြီး မြင့်အောင်လည်း ပါဝင်သည်။ မူးယစ်ဥပဒေ ပြင်ဆင်ရန် ဆောင်ရွက်နေသည်ဟု မြန်မာနိုင်ငံ မူးယစ်ဆေးဝါးနှင့် စိတ်ကို ပြောင်းလဲစေတတ်သော ဆေးဝါးများအန္တရာယ် ကာကွယ်ရေး ဗဟိုအဖွဲ့မှ ရဲမှူးကြီး မြင့်အောင်ကပြောသည်။

“ဥပဒေကြမ်းကို ရှေ့နေချုပ်ရုံးကို ပို့ဖို့ရှိတယ်။ ပြီးရင်တော့ လွှတ်တော်အသီးသီးမှာ ဆွေးနွေးသွားမယ်။ နောက်ဆုံး အဆင့်ကတော့  ပြည်သူလူထုကို ချပြသွားမှာပါ” ဟုသူကပြောသည်။ “မူးယစ်ဆေးဝါး သုံးစွဲသူတွေနဲ့ ပတ်သက်ရင်တော့ လက်ရှိဥပဒေအရ ဆိုရင်တော့ ပြစ်မှုဖြစ်တယ်။ နောက်ပြင်မယ့် ဟာမယ်ဆိုရင်တော့ ပြစ်မှုကြောင်းအရ အရေးယူတာမျိုး မဟုတ်တော့ဘဲ ကျန်းမာရေး ရှုထောင့်အရ ဆေးဝါးကုသတာတွေ၊ ပြန်လည်ထူထောင်တာတွေနဲ့ဲ့ ပိုပြီးထိရောက်အောင် ဆောင်ရွက်သွားဖို့ ရှိပါတယ်”

မြန်မာနိုင်ငံ၏ အကြီးဆုံး မူးယစ်ဆေးဖြတ် ဆေးရုံဖြစ်သည့် ရန်ကုန် စိတ်ကျန်းမာရေး ဆေးရုံအတွင်း သော့ခတ်ထားသည့် သံတံခါး တစ်ခုကိုကျော်ပြီး ကြည့်လိုက်လျှင် စိတ်နှင့်မူးယစ်ဌာနအတွင်း ဆေးဖြတ်နေသူများ ဥပဒဟို သွားလာနေသည်ကို တွေ့မြင်နေရသည်။ အုပ်စုဖွဲ့ စကားပြောဆို နေကြသူများ ရှိသလို တစ်ဦးတည်း ထိုင်ငေးနေကြသူများလည်းရှိသည်။ ဆေးရုံ၏ အလယ်ဗဟိုတွင်ရှိသည့် ဘက်စကက်ဘော ကစားကွင်းမှာ ဆော့ကစားသူမရှိ၊ တိတ်ဆိတ်နေပြီး အလေးမ ရုံမှာလည်း ထိုနည်းလည်းကောင်းပင်။

ဝင်ပေါက်ရှိ ရုံးခန်းအတွင်းတွင် ဒေါက်တာဦးလှဌေးက ခေတ်မမီတော့သည့် မူးယစ်ဥပဒေကို ပြင်ဆင်ပြီးလျှင် ပိုမိုကောင်းမွန်မည့် ဆေးရုံသစ်၊ ပိုမိုကောင်းမွန်လာနိုင်သည့် မူးယစ်ဆေးစွဲသူများ၏ အနာဂတ်အကြောင်းတို့ကို ပြောပြသည်။“ဥပဒေကြမ်း အတည်ဖြစ်သွားရင်တော့ မူးယစ်ဆေးစွဲသူတွေကို ရဲကတွေ့ရင် ဆေးဖြတ်ဖို့ တိုက်တွန်းရမယ်။ အရင်လိုဖမ်းပြီး ထောင်ချတာမျိုး လုပ်လို့မရတော့ဘူး”ဟု ဒေါက်တာဦးလှဌေးက ပြောခဲ့သည်။

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly