တောင်သမံအင်းနှင့် ဦးပိန်တံတား သန့်ရှင်းရေးအတွက် ၀န်ထမ်းများ သီးသန့်ခန့်ထားမည်

တောင်သမံအင်းနှင့် ဦးပိန်တံတား သန့်ရှင်းရေးအတွက် ၀န်ထမ်းများ သီးသန့်ခန့်ထားမည်

မန္တလေး ၊ ဇူလိုင် ၁၁ ။      ။ မန္တလေးတိုင်း  အမရပူရမြို့နယ်ရှိ တောင်သမံအင်းနှင့် ကမ္ဘာကျော် ဦးပိန်တံတား သန့်ရှင်း လှပ ရေးအတွက် သန့်ရှင်းရေး ဝန်ထမ်းများ သီးသန့် ခန့်ထားမည် ဖြစ်ပြီး မြို့နယ်တစ်မြို့နယ်လုံး အတွက် ဝန်ထမ်း ၂၃၀ ဦး ခန့်အပ်သွားမည်ဟု မန္တလေး မြို့တော် စည်ပင်သာယာရေးကော်မတီ သန့်ရှင်း ရေးဌာန မှ ဌာနမှူး ဦးနေဝင်းမြင့်က ပြောသည်။

၎င်းက ဦးပိန်တံတား ရှေးမူမပျက် ရေရှည်တည် တံ့ခိုက်မြဲစေရန် ပြုပြင် ထိန်းသိမ်းရေးနှင့်တောင်တမံအင်း သန့်ရှင်းသာယာ လှပရေးအတွက် ဇူလိုင် ၁၀ ရက်က မန္တလေးမြို့   ၂၆လမ်းနှင့် ၆၆ လမ်းထောင့်ရှိ တ.ယ.က ရုံးဟောင်း ခန်းမတွင်ပြုလုပ်သောဆွေးနွေးပွဲတွင် ပြောကြားခြင်းဖြစ်ပြီး ဆွေးနွေးပွဲသို့ တိုင်းဒေသကြီးအစိုးရအဖွဲ့နှင့် အရပ်ဘက်လူမှု့ အဖွဲအစည်းများ၊ပညာရှင်များ တက်ရောက် ဆွေးနွေးခြင်းဖြစ်သည်။

သန့်ရှင်းရေး ဆောင်ရွက်ရာတွင် တောင်သမံအင်းနှင့်ဦးပိန်တံတားအပြင် အမရပူရမြို့နယ်ကိုလည်း သန့်ရှင်းသာယာလှပစေ ရန်ဆောင်ရွက်သွားမည်ဖြစ်ကာ ဝန်ထမ်းများအပြင် အမှိုက်သိမ်းယာဉ် ၁၅ စီး၊အမှိုက်သိမ်း သုံးဘီးဆိုင်ကယ် ၂၃ စီး တို့ဖြင့် နေ့ စဉ်ဆောင်ရွက်သွားမည်ဟုလည်း ၎င်းက ဆိုသည်။  တောင်သမံအင်းနှင့် ဦးပိန်တံတားသည် နိုင်ငံခြားခရီးသွားများ ဝင်ထွက်သွား လာနေသည့် နေရာဖြစ်သောကြောင့်  ယင်းသို့ ဆောင်ရွက်ခြင်းဖြစ်သည်ဟုလည်း  ဦးနေဝင်းမြင့် ကဆိုသည်။

ဦးနေဝင်းမြင့်က “တောင်သမံအင်းနဲ့ ဦးပိန်တံတားကို နေ့စဉ် နိုင်ငံခြားခရီးသွားတွေ လာနေကြတယ်။ ဒါကြောင့် အင်းပတ်ဝန်း ကျင်နဲ့တံတားပတ်ဝန်းကျင်ကို အမြဲတမ်း သန့်ရှင်းသာယာလှပ နေအောင် ဆောင်ရွက်နေတယ်။ “ဟု ပြောသည်။  

ဦးပိန်တံတားပေါ်တွင် သီးသန့် သန့်ရှင်းရေးဝန်ထမ်း ၁၅ ဦးထားရှိ၍ နေ့စဉ်ဆောင်ရွက်စေမည်ဖြစ်ကာ တံတားပေါ်တွင် စနစ် တကျအမှိုက်စွန့်ပစ်ရန် အမှိုက်ပုံး ၁၅ ပုံး၊ ဈေးဆိုင်ခန်းများအနီးတွင်လည်း အမှိုက်ပုံး ၁၅ ပုံး ချထားပေးသွားမည်ဖြစ်သည်။

ထို့အပြင်တောင်သမံအင်းအတွင်း ဝင်ရောက်လျှက်ရှိသောချောင်းများကိုလည်း ရေမြောင်းလုပ်သား ၁၉ ဦးနှင့် အမှိုက် ဗေဒါများ ရှင်လင်းဖယ်ရှားခြင်းများနေ့စဉ်ဆောင်ရွက်နေသောကြောင့် အင်းရေသည်လည်း သန့်ရှင်းနေပြီးဖြစ်ကြောင်း ဦးနေဝင်းမြင့် က ဆိုသည်။  

“အခုလိုသန့်ရေးတွေ ဆောင်ရွက်နေလို့ ရေကအတော်သန့်ရှင်း နေပါပြီ။ အင်းအောက်မှာ နှစ်ရှည်လများရှိ နေတဲ့နွံ အနှစ်တွေ ကိုလည်း စက်ရုံနဲ့မော်တော်ယာဉ်ဌာနကနေ နွံတွေစုတ်ပေး နေတယ်။ “ဟုလည်း ဦးနေဝင်းမြင့် ကပြောသည်။

 တောင်သမံအင်းရေထုနှင့် ပတ်သက်၍လည်း ရေနှင့်သန့်ရှင်းမှုဌာနမှစစ်ဆေးစမ်းသပ် မှုများပြုလုပ်နေပြီး ရေထုသန့်ရှင်းရေး အတွက်လုပ်ဆောင်နေသည်။ အဆိုပါအင်းနှင့်တံတားသန့်ရှင်း သာယာလှပလ ာစေရန် ပြည်သူလူထုမှလည်း ပူးပေါင်းဆောင် ရွက်ရန်လိုနေသည်ဟု ဦးနေဝင်းမြင့် ပြောသည်။

တောင်သမန်အင်းတွင် ငါးများ အစုလိုက် အပြုံလိုက် သေဆုံးမှုမှာ ပြီးခဲ့သည့် ဧပြီလ ၃၀ ရက်က လည်းဖြစ်ပွားခဲ့ပြီး ယင်းသို့ဖြစ် ပွားခြင်းသည် တတိယအကြိမ်ဖြစ်ကာ အဆိုးရွားဆုံး အခြေအနေ ဖြစ်သည်။ ရေမျက်နှာပြင် ဧက ၂၀၀ ခန့်ရှိသော ထိုအင်း ၏ တောင်ဘက်ခြမ်းတစ်ခုလုံး၊ အင်း၏ လေးပုံ သုံးပုံခန့်တွင် စက်ရုံစွန့်ပစ်ရေဆိုးများ ဝင်ရောက်ကာ စေးပျစ်အုံဖွဲ့ပြီး ပြန်မထွက်နိုင်တော့သဖြင့် တောင်သမန် ရေရှည်တည်တံ့နိုင်ရန် ထိန်းသိမ်းကယ်တင်ရေးများ လိုအပ်နေသည်ဟုလည်း ပညာရှင် အချို့က သုံးသပ် ထားကြသည်။

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly