ဆုဖလားတွေရယူဖို့ မန်ယူကိုလာခဲ့တာပါ ဆိုတဲ့ ဒီပေး

ဆုဖလားတွေရယူဖို့ မန်ယူကိုလာခဲ့တာပါ ဆိုတဲ့ ဒီပေး

ဇူလိုင် ၁၁၊ မန်ချက်စတာ။ ။ 'မန်ယူအသင်းက ကမ္ဘာပေါ်မှာ အကြီးမားဆုံးကလပ်အသင်းတစ်သင်းပါ။ ဒါကြောင့် ဒီအသင်းအတွက် ဆုဖလားတွေ ရရှိဖို့ ကျွန်တော်ကစားမှာပါ။ မန်ယူကို လာခဲ့တာ ဆုဖလားတွေ ဆွတ်ခူးနိုင်ဖို့ ဖြစ်ပါတယ်' ဒီစကားကို ဆိုခဲ့သူက မန်ယူအသင်းရဲ့ ကစားသမားသစ် ဒီပေးပဲ ဖြစ်ပါတယ်။

အသက် ၂၁ နှစ်အရွယ်သာ ရှိသေးပေမယ့် ပြီးခဲ့တဲ့ ရာသီတုန်းက နယ်သာလန်အမှတ်ပေးပြိုင်ပွဲမှာ ဂိုးသွင်းဘုရင်ဆုကို ရရှိလာတဲ့ ဒီပေးက ရာသီသစ်မှာ စောင့်ကြည့်ရမယ့် ကစားသမားတစ်ဦးဆိုတာ အသေအချာပါပဲ။ အသက်အရွယ်က ငယ်ရွယ်သေးပေမယ့် ဒီပေးကတော့ သူ့ကိုယ်သူ ယုံကြည်မှု အပြည့်ရှိနေပါတယ်။

'မန်ယူအသင်းမှာ အရည်အချင်းပြည့်ဝတဲ့ ကစားသမားတွေ အများကြီး ရှိပါတယ်။ အားလုံးက ဆုဖလားတွေ ရရှိဖို့ ဝိုင်းဝန်းကြိုးစားကြမှာပါ။ ဒါကြောင့် ကျွန်တော်တို့ ဆုဖလားတွေ ရနိုင်ပါတယ်။ မန်ယူအတွက် ကစားပေးပြီး ဂိုးတွေသွင်းရမှာကို တကယ်ပဲ စိတ်လှုပ်ရှားနေမိပါတယ်။ ကျွန်တော်က တိုက်စစ်ကစားသမားဖြစ်လို့ ဂိုးတွေသွင်းပြီး ဖန်တီးမှုတွေ ပြုလုပ်ပေးသွားမှာပါ။

ကမ္ဘာ့ဖလားတုန်းက နည်းပြဗန်ဟားလ်ရဲ့လက်အောက်မှာ ကစားခဲ့ဖူးပါတယ်။ ကျွန်တော့်ဆီက ဗန်ဟားဘာလိုချင်တယ်ဆိုတာကို ခင်ဗျားတို့ မြင်နိုင်လိမ့်မယ်လို့ ကျွန်တော် ထင်ပါတယ်။ ကျွန်တော်ဟာ လူငယ်တစ်ဦးဖြစ်လို့ အများကြီး သင်ယူရဦးမှာပါ။ ဒါပေမဲ့ နည်းပြရဲ့ စေခိုင်းမှုအောက်မှာ တိုးတက်လာဦးမှာပါ။ ဗန်ဟားလ်က ဘယ်နေရာမှာ ကစားခိုင်းသည်ဖြစ်စေ ကျွန်တော်စွမ်းဆောင်နိုင်သလောက် အကောင်းဆုံး ပေးဆပ်ကစားသွားမှာပါ' လို့ ဒီပေးက ဆိုပါတယ်။

ဒီပေးက သူ့ကိုယ်သူ ယုံကြည်မှု ရှိတဲ့အပြင် ဘောလုံးလောကမှာ သူကိုယ်တိုင်လမ်းသစ်ဖောက်ပြီး နာမည်တစ်လုံးတည်ဆောက်လိုသူလည်း ဖြစ်ပါတယ်။ သူ့ကို တစ်စုံတစ်ယောက်နဲ့ ခိုင်းနှိုင်းပြောဆိုတာမျိုးက မကြိုက်ကြောင်း ဒီပေးက ပြောပါတယ်။

မန်ယူအသင်းရဲ့ ပရိသတ်တွေကတော့ သူ့ကို စီရော်နယ်ဒိုလက်သစ်အဖြစ် မျှော်လင့်ကြပါတယ်။ ဘာကြောင့်လည်းဆိုတော့ သူက တောင်ပံကစားသမားတစ်ဦးဖြစ်ပေမယ့် ဂိုးများစွာသွင်းယူပြီး ပြစ်ဒဏ်ဘောတွေကနေလည်း ဂိုးသွင်းယူနိုင်သူ ဖြစ်လို့ပါပဲ။

'ကျွန်တော့်ကို တစ်စုံတစ်ယောက်နဲ့ နှိုင်းယှဉ်တာမျိုးကို မနှစ်သက်ပါဘူး။ စီရော်နယ်ဒိုဟာ ကမ္ဘာပေါ်က အကောင်းဆုံး ကစားသမားတစ်ဦးပါ။ ဒါပေမဲ့ သူနဲ့ နှိုင်းယှဉ်ပြီး ပြောဆိုနေကြတာတွေကို မကြိုက်ပါဘူး။ ဒီအကြောင်းကို အများကြီး မပြောလိုပါဘူး။ ကျွန်တော်က ကိုယ့်လမ်းကိုယ်ဖောက်ချင်တဲ့သူပါ။ ဒါက မလွယ်ဘူးဆိုတာ သိပါတယ်။

ပြိုင်ပွဲတွေက အလွန်မြန်ဆန်ပြီး ခက်ခဲတယ်ဆိုတာကို ယူနိုက်တက် ကစားသမားတွေက ပြောပါတယ်။ ဒီအပတ်ထဲမှာ ကျွန်တော်သုံးကြိမ်လောက် လေ့ကျင့်ခန်းဆင်းပြီးသွားပါပြီ။ ကွဲပြားခြားနားမှုတွေကို ခံစားရပါတယ်။ ဒါပေမဲ့ တိုးတက်လာဖို့အတွက် ခက်ခက်ခဲခဲ ကြိုးစားရတာကို ကြိုက်ပါတယ်။ ပြင်းပြင်းထန်ထန်ကြိုးစားပြီး ဒီအခြေအနေကို ထိန်းသိမ်းနိုင်တယ်ဆိုတာ နည်းပြကို ပြသသွားမှာပါ' လို့ ဒီပေးက ရင်ဖွင့်ပါတယ်။

ဒီပေးက ယုံကြည်မှုအပြည်နဲ့ ပြောဆိုနေတာကို နည်းပြဗန်ဟားလ်က လက်ခံပေမယ့် ပြီးခဲ့တဲ့ ရာသီက သူ့မှာ အတွေ့အကြုံကောင်းကောင်း ရှိနေပါပြီ။ ဒီမာရီယာ၊ ရိုဟိုနဲ့ ဒါလေဘလိုင်းတို့ တုန်းကလို အခက်အခဲတွေ ကြုံတွေ့ရမှာကို စိုးရိမ်နေပြီး ဒီပေးကို အချိန်ပေးရမယ်လို့ ဆိုပါတယ်။

'ဒီပေးဟာ သူ့ရဲ့အသက်အရွယ်မှာတော့ တကယ်ကို အရည်အသွေးမြင့်မားတဲ့ ကစားသမားကောင်းတစ်ဦးပါ။ သူက ယုံကြည်မှုအပြည့်ရှိနေပြီး သူ့ရဲ့ ထင်မြင်ချက်တွေ ခံစားချက်တွေကို ပြောပြပါလိ့မ်မယ်။ ဒါပေမဲ့ ပရီးမီးယားလိဂ်ပြိုင်ပွဲဟာ ခက်ခဲတယ်ဆိုတာကို သူသတိထားမိမှာပါ။ ဒီမာရီယာ၊ ရိုဟိုနဲ့ ဒါလေဘလိုင်းတို့တုန်းကလည်း ပြဿနာတွေရှိခဲ့ပါတယ်။ ဒါကြောင့် ဒီပေးကို အချိန်တော့ ပေးရပါလိ့မ်ယ်' လို့ ဗန်ဟားလ်က ဖွင့်ဟ ခဲ့ပါတယ်။

ဒီပေးဟာ အသက် ၆ နှစ်အရွယ်ကတည်းက ဘောလုံးစတင်ကစားခဲ့သူဖြစ်ပြီး ရော်တာဒမ်နဲ့ ပီအက်စ်ဗွီလူငယ်အသင်းတွေမှာ ကစားခဲ့ပါတယ်။ ၂၀၁၁ ခုနှစ်မှာ ပီအက်စ်ဗွီအသင်းကြီးမှာ ပထမဆုံးပါဝင်ခွင့်ရခဲ့ပေမယ့် အဓိက ကစားသမား ဖြစ်မလာသေးပါဘူး။

၂၀၁၂-၁၃ ရာသီမှာ ပွဲအတော်များများ ကစားခွင့်ရရှိလာပြီး ၂၀၁၃-၁၄ မှာတော့ အဓိက ကစားသမား ဖြစ်လာခဲ့ပါတယ်။ ပြီးခဲ့တဲ့ ရာသီကတော့ ဒီပေးရဲ့ ခြေစွမ်းက အလွန်တိုးတက်လာပြီး ပွဲ ၄၀ မှာ ၂၈ ဂိုးအထိ သွင်းယူလာနိုင်ခဲ့ပါတယ်။ ဂိုးသွင်းဘုရင်ဆုကို ရခဲ့သလို ပီအက်စ်ဗွီအသင်းအတွက် နယ်သာလန်အမှတ်ပေးချန်ပီယံဆုကြီးကို ရယူပေးခဲ့ပါတယ်။

ကလပ်အသင်းမှာ တိုးတက်လာတဲ့ ခြေစွမ်းနဲ့အတူ ဒီပေးဟာ နယ်သာလန် သက်တမ်းအလိုက် လက်ရွေးစင်အသင်းတိုင်းမှာ ပါဝင်ခွင့်ရခဲ့ပါတယ်။ လက်ရွေးစင်အသင်းကြီးအတွက်တော့ ၁၇ ပွဲသာ ပါဝင်ကစားရသေးပြီး ၃ ဂိုးသွင်းထားပါတယ်။

ဒီပေးရဲ့အလွန်တိုးတက်လာတဲ့ ခြေစွမ်းကြောင့် ပြီးခဲ့တဲ့ ရာသီအဆုံးမှာ ပီအက်စ်ဗွီအသင်းရဲ့ တာဝန်ရှိသူတွေက ဆက်လက်ထိန်းသိမ်းထားဖို့ မလွယ်တော့ဘူးလို့ ဝန်ခံခဲ့ပါတယ်။ အဲ့ဒီနောက် စောစောစီးစီးပဲ မန်ယူအသင်းက ဒီပေးကို ခေါ်ယူလိုက်နိုင်ပါတယ်။

အရှိန်အဟုန်နဲ့ တိုးတက်လာနေတဲ့ ဒီပေးက ယုံကြည်မှုအလွန်မြင့်မားနေသလို မန်ယူနဲ့ နယ်သာလန် ပရိသတ်တွေကလည်း သူ့ကို အများကြီး မျှော်လင့်နေကြပါပြီ။ ဘောလုံးလောကမှာ ကိုယ့်လမ်းကိုယ်ဖောက်ပြီး နာမည်တစ်လုံးရေးထိုးလိုတဲ့ ဒီပေးအနေနဲ့ ဘယ်လောက်အထိအောင်မြင်မှုတွေ ရလာမလဲဆိုတာကို စောင့်ကြည့်ပြီး ဆက်လက်အားပေးလိုက်ကြရအောင်ပါ။

ကိုးကား စကိုင်းစပေါ့

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly