ရီးယဲလ်မက်ဒရစ်အသင်းနှင့် မာဆယ်လို ၂ နှစ်သက်တမ်းတိုး

ရီးယဲလ်မက်ဒရစ်အသင်းနှင့် မာဆယ်လို ၂ နှစ်သက်တမ်းတိုး

ဇူလိုင် ၁၁၊ မက်ဒရစ်။ ။ စပိန်ကလပ်ရီးယဲလ်မက်ဒရစ်အသင်းသည် ဘရာဇီးဘယ်နောက်ခံလူ မာဆယ်လိုကို ၂ နှစ်သက်တမ်းတိုးလိုက်ပြီဟု သောကြာနေ့တွင် အတည်ပြုကြေညာလိုက်သည်။

သို့ဖြစ်ရာ မာဆယ်လိုသည် ရီးယဲလ်မက်ဒရစ်အသင်းတွင် ၂၀၂၀ အထိဆက်ရှိနေတော့မည်ဖြစ်သည်။ "မာဆယ်လိုကို ၂၀၂၀ ဇွန် ၃၀ အထိ စာချုပ်သက်တမ်းတိုးလိုက်ပါတယ်"ဟု ရီးယဲလ်မက်ဒရစ်အသင်းက ကြေညာသည်။

အသက် ၂၇ နှစ်ရှိ မာဆယ်လိုသည် ၂၀၀၇ ဇန်နဝါရီတွင် ဘရာဇီးကလပ်ဖလူမီးနီးစ်မှ ယူရိုခြောက်သန်းဖြင့်ပြောင်းလာခဲ့သူ ဖြစ်ပြီး အသင်းခေါင်းဆောင် ကာဆီးလက်စ်၊ ဒုတိယအသင်းခေါင်းဆောင် ရာမို့စ်တို့၏နောက်တွင် တတိယ ဝါအရင့်ဆုံးကစားသမားလည်းဖြစ်သည်။

ဘရာဇီးလက်ရွေးစင်မာဆယ်လိုသည် ကိုးနှစ်တာကာလအတွင်း ရီးယဲလ်မက်ဒရစ်အသင်းအတွက်ပွဲပေါင်း ၃၂၀ ကစားထားသည်။ နွေရာသီ အပြောင်းအရွှေ့ကာလအတွင်း ကာဆီးလက်စ်နှင့် ရာမို့စ်တို့အသင်းပြောင်းမည်ဟု သတင်းထွက်နေရာ ရီးယဲလ်မက်ဒရစ်အနေဖြင့် မာဆယ်လို ကိုပါ မဆုံးရှုံးရစေရန်အတွက် စာချုပ်သက်တမ်းတိုးခဲ့ခြင်းဖြစ်သည်။

ရီးယဲလ်အသင်းက မန်ယူဂိုးသမား ဒီဂီယာကိုခေါ်ယူလိုနေစဉ်တွင် ကာဆီးလက်စ်သည် ပေါ်တိုသို့ရောက်ရှိလုနီးပါးဖြစ်နေသည်။ ရာမို့စ်မှာ မန်ယူနှင့်သတင်းထွက်နေသည်။

ရည်ညွှန်း ဒေးလီးမေးလ်

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly