အကျိုးပိုရှိမယ့် ပူးပေါင်းမှု မြန်မာနှင့် လုပ်သွားမည်ဟု တရုတ်သမ္မတ ကတိပေး

အကျိုးပိုရှိမယ့် ပူးပေါင်းမှု မြန်မာနှင့် လုပ်သွားမည်ဟု တရုတ်သမ္မတ ကတိပေး

တရုတ် - မြန်မာအကြား မဟာဗျူဟာကျ ပူးပေါင်းဆောင်ရွက်မှုများ တိုးမြင့်လုပ်ဆောင်သွားမည်ဖြစ်ပြီး နှစ်နိုင်ငံ ပြည်သူလူထုများအတွက် လက်တွေ့အကျိုးဖြစ်ထွန်းနိုင်စေရန် ရည်မှန်းထားကြောင်း တရုတ်သမ္မတ ရှီကျင့်ဖျင်က သြဂုတ် ၁၉ ရက်တွင် ပြောဆိုလိုက်သည်။

သြဂုတ်လ ၁၇ ရက်မှစ၍ နိုင်ငံသို့ ငါးရက်တာ အလည်အပတ် ခရီးရောက်ရှိနေသော မြန်မာ နိုင်ငံတော်၏ အတိုင်ပင်ခံပုဂ္ဂိုလ် ဒေါ်အောင်ဆန်းစုကြည်နှင့် တွေ့ဆုံစဉ် မစ္စတာ ရှီက အထက်ပါအတိုင်း ပြောကြား လိုက်ခြင်းဖြစ်သည်။

ပြည်သူလူထု၏ အသက်မွေးမှုလုပ်ငန်းများအပေါ် တိုက်ရိုက်အကျိုးဖြစ်ထွန်းစေမည့် လုပ်ငန်းနယ်ပယ်များတွင် ပိုမိုအလေးထား ပူးပေါင်းသွားရမည်ဖြစ်ကြောင်း တရုတ်သမ္မတက ပြောဆိုလိုက်ကြောင်း ဆင်ဟွာသတင်းဌာနက ဖော်ပြသည်။ သမ္မတ ရည်ညွှန်းသော လုပ်ငန်းကဏ္ဍများမှာ စိုက်ပျိုးရေး၊ ရေအရင်းအမြစ် ထိန်းသိမ်းစောင့်ရှောက်ရေး၊ ပညာရေး နှင့် ကျန်းမာရေး ကဏ္ဍတို့ ဖြစ်ကြောင်း ယင်းသတင်းဌာနကပင် ဖော်ပြသည်။

မြန်မာ့နံပါတ်နှစ် ခေါင်းဆောင် ဒေါ်အောင်ဆန်းစုကြည်နှင့် သမ္မတ ရှီ တွေ့ဆုံခဲ့ခြင်းကို ကြည့်လျင် တရုတ်၏ မြန်မာနိုင်ငံနှင့် ရင်းနှီးချစ်ကြည်သော ဆက်ဆံမှုကို ထိန်းသိမ်းလိုခြင်းနှင့် တိုးမြင့်ပူးပေါင်းလိုခြင်း သဘောသဘာဝကို ဖော်ပြနေကြောင်းလည်း Xiamen တက္ကသိုလ်မှ အရှေ့တောင်အာရှ လေ့လာရေးစင်တာ အကြီးအကဲ Zhuang Guotu က ဂလိုဘယ်လ်တိုင်းမ် သတင်းစာကို ပြောသည်။

မြန်မာခေါင်းဆောင် ဒေါ်အောင်ဆန်းစုကြည် ယခုကဲ့သို့ နိုင်ငံကို လာရောက်လည်ပတ်ခြင်းနှင့် နှစ်နိုင်ငံ ဆက်ဆံရေး တိုးမြင့်ရေး သူမ၏ ကြိုးပမ်းအားထုတ်မှုများအပေါ် တရုတ်သမ္မတက ချီးကျူးကြိုဆိုခဲ့ပြီး တရုတ်တို့အနေဖြင့် နှစ်နိုင်ငံပြည်သူများအကြား အိမ်နီးချင်းကောင်း၊ မိတ်ဆွေ၊ ညီအကိုနှင့် မိတ်ဘက်ကောင်းများ ဖြစ်လာစေရေး ပူးပေါင်း ဆောင်ရွက်လိုကြောင်း ပြောကြားခဲ့သေးသည်။

နှစ်နိုင်ငံဆက်ဆံရေး တိုးတက်စေရန်အလို့ငှာ နှစ်နိုင်ငံစလုံးအနေဖြင့် နိုင်ငံရေးဝါဒများကို ခိုင်မာစေရန် လုပ်ဆောင်ရမည်ဖြစ်ကြောင်း ၎င်းက ပြောသည်။

နှစ်နိုင်ငံစလုံးအနေဖြင့် ဖွံ့ဖြိုးရေးမဟာဗျူဟာများအတိုင်း ပူးပေါင်းဆောင်ရွက်ရမည်ဖြစ်ကြောင်းနှင့် တရုတ်တို့၏ "Belt and Road" စီမံချက်အပေါ် မြန်မာတို့ဘက် ထောက်ခံအားပေးမှုကိုလည်း တန်ဖိုးထားပါကြောင်း သမ္မတရှီက ပြောသည်။

အလားတူ မြန်မာနိုင်ငံ၏ လက်ရှိ ငြိမ်းချမ်းရေး လုပ်ငန်းစဉ်တွင်လည်း တရုတ်တို့ဘက်က အပြုသဘောဆောင်သည့် ထောက်ခံအားပေးချက်များ ပေးနေလျက်ရှိကြောင်းနှင့် နှစ်ဘက်နယ်စပ်ဒေသ တစ်လျှောက် လုံခြုံတည်ငြိမ် အေးချမ်းရေးကို ပူးပေါင်းထိန်းသိမ်းသွားရမည်ဖြစ်ကြောင်း ၎င်းက ထပ်လောင်းပြောကြားသွားခဲ့သည်။

ဒေါ်အောင်ဆန်းစုကြည်ကလည်း တရုတ်နယ်စပ်အနီးရှိ တိုင်းရင်းသားလက်နက်ကိုင် အုပ်စုများနှင့် သမိုင်းဝင် ငြိမ်းချမ်းရေးဆွေးနွေးပွဲများကို တရုတ်တို့ဘက်မှ ထောက်ခံမည်ဟု မျှော်လင့်ကြောင်း ပြောဆို သွားသည်။

မိမိတို့ နိုင်ငံမှာလည်း နှစ်နိုင်ငံအကြား အဆင့်မြင့်လယ်ဗယ်ဖြင့် နီးနီးကပ်ကပ်ဆက်ဆံသွားရေး၊ နှစ်ဘက် ပြည်သူများအကြား ရင်းနှီးချစ်ကြည်မှု တိုးမြင့်ရန် နှင့် မတူညီသည့် ကဏ္ဍပေါင်းစုံတွင် အပြန်အလှန်အကျိုးရှိစေနိုင်မည့် ပူးပေါင်းဆောင်ရွက်မှုများ တိုးမြင့် လုပ်ဆောင်သွားရမည်ဖြစ်ကြောင်း သူမက ဆိုသည်။

မြန်မာနိုင်ငံအနေဖြင့် ယခုလကုန်ပိုင်းတွင် ၂၁ ရာစု ပင်လုံညီလာခံတစ်ရပ်ကို ကျင်းပသွားရန်လည်း ရှိနေချိန်တွင် ဆယ်စုနှစ်များစွာကြာ တိုင်းရင်းသားပဋိပက္ခများ ဖြေရှင်းရာတွင် တရုတ်တို့၏ အကူအညီကို တောင်းခံရန် ဒေါ်အောင်ဆန်းစုကြည်က ကြိုးပမ်းလုပ်ဆောင်လာခြင်းဖြစ်ကြောင်း Zhuang က သုံးသပ်သည်။

" နိုင်ငံအတွက် ကျွန်မရဲ့အရေးကြီးဆုံး ရည်မှန်းချက်က ဘာလဲလို့ မေးလာခဲ့ရင်တော့ ကျွန်မတို့ နိုင်ငံမှာ မတူညီတဲ့ တိုင်းရင်းသား အုပ်စုတွေအကြား ငြိမ်းချမ်းမှုနဲ့ စည်းလုံးညီညာမှုကို အောင်မြင်ရရှိစေချင်တာပါလို့ ဖြေရမှာပဲ" ဟု ဒေါ်အောင်ဆန်းစုကြည်က ပြောသည်။

နိုင်ငံတွင် အမျိုးမျိုးသော တိုင်းရင်းသား လက်နက်ကိုင်အုပ်စုများနှင့် အစိုးရစစ်တပ်တို့အကြား ဆယ်စုနှစ်များစွာကြာ အပြန်အလှန်တိုက်ပွဲများ ဖြစ်ပွားနေခဲ့ခြင်းကြောင့် စစ်အုပ်ချုပ်ရေး ကာလနောက်ပိုင်း နိုင်ငံစီးပွားရေး ပြန်လည် တည်ဆောက်ရန် အားထုတ်မှုပိုင်းကို နှောင့်နှေးကြန့်ကြာစေလျက်ရှိသည်ဟု အေအက်ဖ်ပီသတင်းဌာနက ဖော်ပြရေးသားထားသည်။

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly