မုဒုံမြို့ (သို့မဟုတ်) အစွန်းကျသောမြို့ကလေးသို့

20 August 2016
မုဒုံမြို့ (သို့မဟုတ်) အစွန်းကျသောမြို့ကလေးသို့

မုဒုံမြို့ဟာ မြန်မာနိုင်ငံ အောက်ပိုင်း မွန်ပြည်နယ် မော်လမြိုင်ခရိုင်၊ မုဒုံမြို့နယ်ရဲ့ ရုံးစိုက်ရာ မြို့နယ်ဖြစ်ပါတယ်။ ရန်ကုန်၊ မော်လမြိုင်၊ သံဖြူဇရပ်၊ ရေး၊ ထားဝယ် ကားလမ်းပေါ်မှာ တည်ရှိနေတာပါ။ မော်လမြိုင်မြို့နဲ့ ၁၈ မိုင်အကွာမှာ တည်ရှိတာပါ။ မုဒုံမြို့ကတော့ ရှေ့အစဉ်အဆက်က ရိုးရာလုပ်ငန်းဖြစ်တဲ့ ယက်ကန်းလုပ်ငန်းနဲ့ လယ်ယာလုပ်ငန်းတွေကို ယနေ့တိုင် လုပ်ကိုင်လျက်ရှိပါတယ်။ ပထမဦးစွာ ရွှေဟင်္သာဈေးလို့ခေါ်တဲ့ မုဒုံဈေးကြီးကို အရင်သွားကြည့်ပါမယ်။

ဈေးကြီးထဲမှာ စိတ်ဝင်စားဖို့အကောင်းဆုံးကတော့ မုဒုံစောင်ပါပဲ။ နာမည်ကြီးလှတဲ့ မုဒုံစောင်ပေါ့။ မုဒုံမြို့ရဲ့ တကယ်အမှတ်အသားနေနဲ့ နာမည်လည်းကြီးတယ်။ ပြီးတော့ မြန်မာနိုင်ငံရဲ့ ရာသီဥတုနဲ့လည်း ကိုက်ညီတယ်။ ပါးပါးလွှာလွှာလေးနဲ့ သုံးလို့ကောင်းတဲ့အတွက် တော်တော်များများလည်း သုံးကြပါတယ်။ ဈေးကတော့ ၈၀၀၀ ပါတဲ့။ အရောင်ကတော့ အနီလည်းရှိတယ်။ အဖြူနဲ့ အနီ စပ်ထားတာလည်း ရှိပါတယ်။ အစိမ်းလည်း ရှိပါတယ်။  

အခု ဒီဘက်ခြမ်းမှာတော့ စိမ်းစိမ်းစိုစိုနဲ့ သီးနှံတွေ ဟင်းသီးဟင်းရွက်တွေ ပန်းပင်လေးတွေ ရောင်းချနေတာကို တွေ့ပါတယ်။ ဒီဘက်ကတော့ ဒီဒေသကထွက်တဲ့ အသီးအနှံတွေနဲ့ ဟင်းသီးဟင်းရွက်တွေ ဖြစ်မယ်နဲ့တူပါတယ်။  

အခု သစ်သီးဆိုင်ရှေ့လေးကို ရောက်လာပါတယ်။ ဒီဒေသမှာ ပေါပေါများများ ထွက်တဲ့ ကြက်မောက်သီး၊ မင်းကွပ်သီး၊ ရေငန်ဒသီးရှိမယ် ကျန်တာတွေကတော့ လိမ္မော်သီး၊ ပန်းသီးတွေ ရှိမယ်ပေါ့နော်။ မင်းကွပ်သီးကတော့ တစ်တွဲကို ၁၈၀၀ တဲ့။ ကြက်မောက်သီးကတော့ ၁၅ လုံးကို တစ်ထောင်ရောင်းပါတယ်။ သူကတော့ အတွဲနဲ့ မရောင်းပါဘူးတဲ့။ ရေငံသီးလေးတွေကတော့ ၃ လုံးကို ၂၀၀ ရောင်းပါတယ်တဲ့။  အသီးလေးတွေကတော့ ဈေးတွေလည်း တန်ပါတယ်။ ပြီးတော့ အသီးဈေးတွေကလည်း ရန်ကုန်ထက်တော့ ဈေးပိုသက်သာတာကို တွေ့ရပါတယ်။ ဒီမှာ ထူးထူးခြားခြားက ကြက်မောက်သီးတို့ မင်းကွပ်သီးတို့ကတော့ ရန်ကုန်မှာ မြင်တွေ့ရဖို့က လွယ်ပါတယ်။ ဒါပေမယ့် ရေငံသီးတွေကတော့ မြင်ရဖို့ နည်းနည်းခက်ပါတယ်။ သူကတော့ အချိုသီးလည်းရှိတယ်။ ချိုချဉ်သီးလည်း ရှိပါတယ်။ ဈေးလမ်းက ကျဥ်းတော့ ဆိုင်ကယ်တွေရော စက်ဘီးတွေရောက ရှုပ်ယှက်ခက်နေတာပါပဲ။

ဈေးကြီးထဲက ထွက်လိုက်တဲ့အခါ မုဒုံမြို့လေးမှာ ရှေ့အစဉ်အဆက်က ရိုးရာလုပ်ငန်းဖြစ်တဲ့ ယက်ကန်းလုပ်ငန်းရှိရာကို ဦးတည်လိုက်ပါတယ်။ ယက်ကန်းစင်တစ်ခုဆီ ရောက်အောင်သွားလိုက်ပါတယ်။

ယက်ကန်းစင်ပိုင်ရှင်ရဲ့အမည်က ဒေါ်သူဇာလို့သိရပါတယ်။ ဒေါ်သူဇာက ယက်ကန်းစင်က ထုတ်လုပ်မှု အခြေအနေကို ရှင်းပြတဲ့အခါ မွန်လုံချည်နဲ့ လက်သုတ်ပဝါပဲ ယက်လုပ်ပါတယ်လို့ ဆိုပါတယ်။ ဒီယက်ကန်းစင်က ထမိန်တော့ မယက်လုပ်ပါဘူးလို့သိရပါတယ်။

ယက်လုပ်တဲ့ချည်ထည်တွေကို လက်ကားဖြန့်ချိပါတယ်။ မုဒုံဈေးထဲက ဆိုင်ခန်းတွေဟာ ဒီယက်ကန်းစင်ရဲ့ လက်ကားဖေါက်သည်တွေပါပဲ။ အရင်တုန်းက ဒီအနီးတဝိုက်မှာ အပြိုင်အဆိုင် ယက်ကန်းစင်တွေ ရှိခဲ့ပေမယ့် အခုတော့ တော်တော်လေးနည်းသွားပါပြီလို့လည်း သိရပါတယ်။ အခုလို စက်ကန်းစင်တွေနည်းသွားရတဲ့ အဓိကအချက်တွေထဲမှာ အလုပ်သမားရှားပါးတဲ့ပြဿနာလည်းပါပါတယ်။ ကျွမ်းကျင်အလုပ်သမား ရှားပါးသွားတာကိုပြောတာပါ။ နှစ်လွှာခတ် အလုပ်သမားကတော့ များများစားစားရှိတယ်လို့ဆိုပါတယ်။  
နောက်ထပ်လေ့လာစရာရှိတဲ့ မုဒုံစောင်ယက်လုပ်တဲ့ ယက်ကန်းစင်ဘက် ထွက်ခဲ့ပါသေးတယ်။ ယက်ကန်းစင်ထောင်ထားတဲ့ အဆောက်အဦး အဝင်အဝမှာတော့ ဈေးထဲမှာစုံစေ့အောင်မတွေ့ခဲ့ရတဲ့ အရောင်အသွေးစုံလှတဲ့ နာမည်ကြီး မုဒုံစောင်တွေကို တွေ့ရပါတယ်။ ဒီယက်ကန်းရုံပိုင်ရှင်ရဲ့အမည်က ဒေါ်မျိုးမျိုးလို့ ခေါ်ပါတယ်။
ဒီယက်ကန်းစင်က တစ်နေ့ကို တစ်ယောက်တည်းယက်တဲ့အခါ နှစ်ထည်လောက်ပြီးတဲ့အကြောင်း၊ အဆင်း လေးငါးမျိုးအထိ ယက်လုပ်နေကြောင်းနဲ့ အလုပ်သမားရှားပါးလာနေတဲ့အကြောင်း ရှင်းပြပါတယ်။

“ကျွမ်းကျင်အလုပ်သမားကတော့ တော်တော်အခက်အခဲရှိပါတယ်။ ဒါကြောင့်မို့လည်း ယက်ကန်းစင်တွေက ရှားလာတာပေါ့။ အရင်တုန်းက အထည်ကို ယူတဲ့သူနည်းတယ်။ အခုနောက်ပိုင်း ယူတဲ့သူတွေက များလာတယ်။ ယက်ကန်းခတ်တဲ့သူကလည်း နည်းလာတယ်လေ။ အဲဒါကြောင့်မို့ ယူရောင်းတဲ့သူတွေက စုပြီးတော့ ရောက်လာတော့ အဝယ်များလာတာပေါ့။
အရင်တုန်းကတော့ ယက်ကန်းလုပ်ငန်းဟာ မုဒုံရဲ့ အဓိကလုပ်ငန်း ဖြစ်ခဲ့ပေမယ့် အခုအခါမှာတော့ ဒီလုပ်ငန်းကို လုပ်တဲ့သူတွေ အတော်လေးကို နည်းသွားကြပါပြီ။ လုပ်သားရှားပါးမှုတွေက အဓိက ပြဿနာပဲ ဖြစ်ပါတယ်။ ယက်ကန်းလုပ်တဲ့သူတွေကိုတော့ လခစားနဲ့မဟုတ်ပဲနဲ့ ခုစားစနစ်နဲ့ လုပ်ပါတယ်။ ယက်ကန်းလုပ်ငန်းကို ကျွမ်းကျင်တဲ့သူမှသာ တစ်နေ့ကို ၄၅၀၀ လောက် ရရှိတာဖြစ်ပါတယ်။ အရင်တုန်းကတော့ ချည်ထည်တွေကိုသာ ယက်လုပ်ကြပေမယ့် အခုအခါမှာတော့ စည်လွန်အထည်တွေကိုပါ ယက်လုပ်လာကြပါတယ်။ ချည်ထည်တွေကတော့ ဆေးဆိုး နေလှန်းရတာတွေ လုပ်ရတဲ့အတွက် အချိန်ကြာသလို လုပ်အားကိုလည်း ပိုမိုအသုံးပြုရတဲ့အတွက် အခုချိန်မှာ ချည်ထည်ယက်ကန်းစင်တွေကတော့ အတော်ကို နည်းသွားပါပြီ၊ အခုတော့ ဒီယက်ကန်းစင်မှာ စည်လွန်နဲ့သာယက်လုပ်နေပါတယ်။ သူက အရည်အသွေးလည်း မကျဘူး၊ ချည်ထည်လောက်တော့မအေးပေမယ့် အသားကြတော့ထူတယ်။ ကုန်ကျစရိတ်ကြတော့ သူက ချည်ထည်ထက် ဈေးနည်းနည်းပိုပြီးသက်သာတယ်”

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly