ကမ္ဘာ့ပထမဦးဆုံး တရုတ် ကွမ်တမ်ဂြိုဟ်တု ကမ္ဘာမြေသို့ ဒေတာ ပေးပို့

ကမ္ဘာ့ပထမဦးဆုံး တရုတ် ကွမ်တမ်ဂြိုဟ်တု ကမ္ဘာမြေသို့ ဒေတာ ပေးပို့
(ဓာတ်ပုံ - အီးပီအေ)

မူဇီလို့ နာမည်ပေးထားတဲ့ ကမ္ဘာ့ပထမဦးဆုံး ကွမ်တမ် ဆက်သွယ်ရေးဂြိုဟ်တုဟာ ဘေဂျင်း အာကာသထိန်းချုပ်ရေးစင်တာဆီ ပထမဆုံးအသုတ် ဒေတာအချက်အလက်တွေ ပေးပို့ခဲ့ကြောင်း ဆင်ဟွာသတင်းဌာနက သောကြာနေ့က ဖော်ပြခဲ့ပါတယ်။

ကောင်းမွန် အရည်အသွေးရှိတဲ့ (၂၀၂) MB ပဏာမရှိ အချက်အလက်များကို ဘေဂျင်းမြောက်ပိုင်း ဆက်ခြေဖုံးက Miyun ရှိ တရုတ်အာကာသ ထိန်းချုပ်စင်တာမှ ဒေသစံတော်ချိန် မနက် (၁၁း၅၆) အချိန်က လက်ခံရရှိခဲ့တာဖြစ်ပါတယ်။

ဂြိုဟ်တုနာမည်ကို နှစ်ပေါင်း (၂၅၀၀) ကျော်က တရုတ်ရှေးဟောင်း ရူပဗေဒပညာရှင်လည်းဖြစ် အတွေးအခေါ် ပညာရှင်လည်းဖြစ်ခဲ့သူ မူဇီရဲ့ နာမည်ကို ပေးထားတာဖြစ်ပါတယ်။

တရုတ်နိုင်ငံ အနောက်မြောက်ဘက် ဂိုဘီကန္တာရထဲက ကျုံချီအန်း ဂြိုဟ်တု လွှတ်တင်ရေးစခန်းကနေ ကွမ်တမ်ဂြိုဟ်တုကို သြဂုတ်လ (၁၆) ရက်နေ့က စတင်လွှတ်တင်လိုက်တာဖြစ်ပါတယ်။ ဒါဟာ ကမ္ဘာပေါ်မှာ ပထမဆုံး ကွမ်တမ် အမှုန်တန်းနဲ့ သတင်းအချက်အလက် ပေးပို့မယ့် ဂြိုဟ်တုဖြစ်ပါတယ်။

ဒီဂြိုဟ်တု ပစ်လွှတ်မှုနဲ့အတူ ကွမ်တမ် သုသေတနနယ်ပယ်မှာ တရုတ်ဟာ တခြားအင်အားကြီးနိုင်ငံရဲ့ ရှေ့ကို တွန်းပို့လိုက်တာလည်းဖြစ်ပါတယ်။

တရုတ်က Hack Proof လို့ခေါ်တဲ့ ကြားဖြတ် ချိုးဖောက်လို့မရအောင် လုပ်နိုင်မယ့် ဆက်သွယ်ပေးပို့မှု ကွန်ရက် ဖန်တီးခြင်း ဦးတည် လုပ်ဆောင်နိုင်ဖို့နဲ့ တယ်လီပို့တေးရှင်းအပေါ် သုတေသနပြုမှု ထပ်ဆင့်မြင့်တက်ရန် ရည်ရွယ်တာဖြစ်ပါတယ်။

Ref; EFE

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly