ပခုက္ကူ၌ ဘောလုံးပြိုင်ပွဲအတွင်း အချင်းများရာမှ အစပြု၍ နေအိမ်များ ဖျက်ဆီးခံရ

ပခုက္ကူ၌ ဘောလုံးပြိုင်ပွဲအတွင်း အချင်းများရာမှ အစပြု၍ နေအိမ်များ ဖျက်ဆီးခံရ
(ဓာတ်ပုံ- ပြည့်ဖြိုးကျော်)

ပခုက္ကူ၊ သြဂုတ် ၁၉ ။              ။ မကွေးတိုင်းဒေသကြီး ပခုက္ကူမြို့နယ် ကွန်းရွာကျေးရွာ သုံးပြည်ဘွဲ့ရ ပေါ်တော်မှုမြတ်စွာဘုရားပွဲ၌ သြဂုတ် ၁၈ရက် ညနေ ၅နာရီ ဝန်းကျင်တွင် ဆင်မင်းကျေးရွာဘောလုံးအသင်းနှင့် ပြည်ထဲရေးအသင်းဗိုလ်လုပွဲယှဉ်ပြိုင်ကြရာမှ အစပြု၍ ရွှေတန့်တစ် ကျေးရွာ နှင့် ဆင်မင်းကျေးရွာတို့ ကျေးရွာခြင်း အချင်းများကာ ဆင်မင်းကျေးရွာမှ နေအိမ် အချို့ဖျက်ဆီးခံရကြောင်း ယင်းဒေသခံများထံမှ သိရှိရသည်။

ဖျက်ဆီးခံရ၍ ပျက်ဆီးသွားသော ပစ္စည်းဆုံးရှုံးမှုတန်ဖိုးအား စားရင်းကောက်ယူလျက်ရှိကြောင်းနှင့် ဒဏ်ရာရရှိသူ ၇ ဦးအား ပခုက္ကူပြည်သူ့ဆေးရုံသို့ တင်ပို့ထားရကြောင်း ရဲတပ်ဖွဲ့မှ အင်အား ၅၀ဖြင့် လုံခြုံရေးဆောင်ရွက်နေရကြောင်း ပခုက္ကူမြို့မ ရဲစခန်းမှူး ဒုရဲမှုးကျော်စိုးက ပြောသည်။

"ကွန်းရွာကျေးရွာ ပေါ်တော်မှုမြတ်စွာဘုရားပွဲ ဘောလုံးပွဲမှ ခဲနဲ့ပစ်ပေါက်ရာကအချင်းများကြတယ်လို့ကြားတယ်။ အဲဒီ့နောက်ပိုင်းရွှေတန်တစ်ကျေးရွာက လူအုပ်ကြီးက ဆင်မင်းကျေးရွာရောက်လာပြီး လမ်းမဘေးမှာရှိတဲ့ နေအိမ်တွေနဲ့ အိမ်တွင်းပစ္စည်းတွေ၊ ဆိုင်ကယ်တွေကို ဖျက်ဆီးသွားတယ်" ဟု ပခုက္ကူမြို့မရဲစခန်းမှူး ဒုရဲမှူးကျော်စိုးက ပြောဆိုသည်။

နေအိမ်ဖျက်ဆီးခံရသည့်အထဲတွင် ပါဝင်ခဲ့သည့် အမျိုးသမီးတစ်ဦးက ပြောဆိုဖျက်ဆီးခံရသည့်ပစ္စည်းများနှင့် တန်ဖိုးကို စာရင်းကောက်ယူလျက်ရှိကြောင်း၊ အမျိုးသားတစ်ဦး ဒဏ်ရာရရှိသဖြင့် ဆေးရုံသို့ တင်ပို့ထားရကြောင်း၊ ရဲတပ်ဖွဲ့က လုံခြုံရေးယူထားကြောင်း ၎င်းက ဆက်ပြောသည်။

ထိုနေ့ ည ၁၂ နာရီကျော်သည်အထိ ရွှေတန့်တစ်ကျေးရွာသားများနှင့် ဆင်မင်းကျေးရွာသားများ၏ပဋိပက္ခမှာ ပြီးဆုံးခြင်းမရှိသေးဘဲ တုတ်၊ ဓား လက်နက်များဖြင့် တစ်ရွာနှင့် တစ်ရွာ အချင်းများနေဆဲဖြစ်၍ ရဲအင်အား ၅၀ ခန့်က ထိန်းသိမ်းနေရကြောင်းလည်း သိရသည်။

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly