အချိန်ပြည့် သတင်းစာပညာ ဒီပလိုမာသင်တန်းတွင် ပညာသင်ဆုကို ရ၅% အထိ ပေးအပ်သွားမည်

အချိန်ပြည့် သတင်းစာပညာ ဒီပလိုမာသင်တန်းတွင် ပညာသင်ဆုကို ရ၅% အထိ ပေးအပ်သွားမည်
ဓာတ်ပုံ-Junior

ရန်ကုန်၊ သြဂုတ် ၁၉ ။             ။ မြန်မာသတင်းပညာသိပ္ပံက စက်တင်ဘာလအတွင်း ဖွင့်လှစ်သင်ကြားသွားမည့် အချိန်ပြည့် သတင်းစာပညာ ဒီပလိုမာသင်တန်းကို ပညာသင်ဆုအဖြစ် ၇၅ % အထိ ပေးအပ်သွားမည်ဟု မြန်မာ့သတင်းပညာသိပ္ပံမှ သင်တန်းဒါရိုက်တာ ဦးစိန်ဝင်းကပြောသည်။

“သင်တန်းသားတိုင်းဟာ လိုအပ်ချက်ရှိတယ်ဆိုရင် မတတ်နိုင်ဘူးဆိုရင် စကောလားရှစ် လျှောက်လို့ရပါတယ်။ စကောလားရှစ်ကို ၇၅ % အထိ အပြည့်ပေးမှာပါ။ ကျောင်းသားအနေနဲ့ ၂၅ % ပဲ ပေးရပါမယ်” ဟု ဦးစိန်ဝင်းက ပြောသည်။

အချိန်ပြည့် ဒစ်ပလိုမာတန်းအတွက် သင်တန်းကြေးသည် ကျပ်သိန်းနှစ်ဆယ်ဖြစ်ပြီး မတတ်နိုင်သည့် ကျောင်းသားများအနေဖြင့် သင်တန်းကြေး ၇၅ % အထိ ကင်းလွတ်ခွင့် လျှောက်ထားနိုင်ကြောင်း သိရသည်။ သင်တန်းကြေး လေးပုံတပုံ
တောင်းခံခြင်းဟာ တန်ဖိုးရှိတဲ့ ပညာရပ်တစ်ခုဖြစ်ခြင်းကြောင့် စတိသဘောမျိုး ကောက်ခံခြင်းသာဖြစ်ကြောင်း မြန်မာ့သတင်းပညာသိပ္ပံမှ ဦးဆောင်ညွှန်ကြားရေးမှူး ဦးသီဟစောက ပြောသည်။

“တန်ဖိုးရှိတဲ့ပညာတစ်ခုကို တန်ဖိုးထားပြီး ရအောင်ယူကြမယ်။ ရအောင်လုပ်ကြမယ်။ ကျောင်းလခ မပေးနိုင်ကြမှန်းသိတယ်။ ဒါပေမယ့် အဲ့ဒီတန်ဖိုးတစ်ခုခုပေးရတယ်ဆိုတဲ့   သဘောမျိုး ဖြစ်အောင်လို့ စတိယူမယ်” ဟု ဦးသီဟစောကဆိုသည်။

သင်တန်းတွင် မာလ်တီမီဒီယာ (ပုံနှိပ်၊ ရေဒီယို၊ ဓာတ်ပုံ၊ တီဗီ နှင့် အွန်လိုင်း) သတင်းစာပညာ သင်တန်းဖြစ်ပြီး သင်တန်းကာလ ကြာမြင့်ချိန်မှာ ၁၀ လ ဖြစ်ကာ ပြည်တွင်းပြည်ပ ဆရာများက သင်ကြားပေးခြင်းဖြစ်သည်။

ပထမအကြိမ် အချိန်ပြည့်သတင်းစာပညာကို ၂၀၁၅ ခုနှစ်တွင် ဖွင့်လှစ်ခဲ့ပြီး ၂၀၁၆ ခုနှစ် ဇူလိုင်လတွင် သင်တန်းပြီးဆုံးခဲ့သည်။ မြန်မာသတင်းပညာသိပ္ပံကို ဇူလိုင် ၂၀၁၄ ခုနှစ်က စတင်တည်ထောင်ခဲ့ပြီး လက်တွေ့လုပ်ဆောင်မှုကို အဓိကထားသော သတင်းပညာသင်တန်းများကို ပြည်တွင်း၊ ပြည်ပမှဆရာများဖြင့် ပို့ချလျက်ရှိသည်။

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly