ဒေါ်အောင်ဆန်းစုကြည်၏ တရုတ်ခရီးစဉ်မှ မြစ်ဆုံဆည် စီမံကိန်းအတွက် နားလည်မှုရမည်ဆို

ဒေါ်အောင်ဆန်းစုကြည်၏ တရုတ်ခရီးစဉ်မှ မြစ်ဆုံဆည် စီမံကိန်းအတွက် နားလည်မှုရမည်ဆို

 (Global Times အင်တာနက် စာမျက်နှာတွင် ဖေါ်ပြထားသည့် Suu Kyi moves to expand China ties ကို ဘာသာပြန်ဆိုဖေါ်ပြသည်)

နိုင်ငံတော်၏ အတိုင်ပင်ခံပုဂ္ဂိုလ် ဒေါ်အောင်ဆန်းစုကြည် တရုတ်နိုင်ငံသို့ ရောက်ရှိနေလျက်ရှိရာ တရုတ်တို့အနေဖြင့် မြစ်ဆုံ စီမံကိန်းအပါအဝင် စွမ်းအင်ကဏ္ဍတွင် မြန်မာနိုင်ငံနှင့်   ရှေ့ဆက်ပူးပေါင်းသွားလိုကြောင်း တရုတ်ဝန်ကြီးချုပ်က ပြောကြားလိုက်သည်။ နိုင်ငံတော်၏ အတိုင်ပင်ခံပုဂ္ဂိုလ်နှင့် နိုင်ငံခြားရေး ဝန်ကြီး ဒေါ်အောင်ဆန်းစုကြည်မှာ တာဝန်ယူပြီးနောက်ပိုင်း အာဆီယံဒေသပြင်ပနိုင်ငံများထဲ၌ တရုတ်သို့ ပထမဆုံးရောက်ရှိလာခဲ့ခြင်းဖြစ်ပြီး ယမန်နေ့က တရုတ်ဝန်ကြီးချုပ် လီခါ့ချန်နှင့်တွေ့ဆုံဆွေးနွေးမှုများ လုပ်ဆောင်ထားသည်။

ယခုကဲ့သို့ ဒေါ်အောင်ဆန်းစုကြည်၏ ခရီးစဉ်မှာ တရုတ်-မြန်မာ ဆက်ဆံရေးတွင် ခေတ်သစ်တစ်ခုကို ဖော်ဆောင် လိုက်ခြင်းဖြစ်ကြောင်း အကဲဖြတ်လေ့လာသူတို့က သုံးသပ်ထားသကဲ့သို့ တရုတ်တို့ဘက်ကလည်း ဒီမိုကရေစီနည်းကျ ရွေးချယ် တင်မြောက်ထားသော မြန်မာအစိုးရနှင့် ဆက်ဆံရေး ခိုင်မြဲစေရေး အခိုင်အမာပြောကြားထားသည်။

 ဒေါ်အောင်ဆန်းစုကြည်နှင့် တရုတ်ဝန်ကြီးချုပ်တို့သည် ယမန်နေ့က  တွေ့ဆုံဆွေးနွေးခဲ့ကြပြီး နှစ်ဘက် တာဝန်ရှိသူများ အကြား စီးပွားရေး၊ နည်းပညာပူးပေါင်းရေးနှင့် မဟာဗျူဟာကျ နယ်စပ်တံတားတစ်ခု တည်ဆောက်ရေး ဆိုင်ရာ သဘောတူစာချုပ်တစ်ရပ် လက်မှတ်ရေးထိုးနိုင်ခဲ့ကြသည်။

နှစ်ဘက် ခေါင်းဆောင်များတွေ့ဆုံစဉ် တရုတ်ဝန်ကြီးချုပ်က ၎င်းတို့နိုင်ငံအနေဖြင့် နှစ်နိုင်ငံ ပူးပေါင်း စီမံကိန်းများ ဖြစ်သော မြစ်ဆုံစီမံကိန်းနှင့် ရေနံ၊ဓါတ်ငွေ့ပိုက်လိုင်းများ သွယ်တန်းရေး ကိစ္စရပ်များကို ရှေ့ဆက် လုပ်ဆောင်လိုကြောင်းနှင့် ကုန်သွယ်မှု၊ရေလုပ်ငန်းနှင့် အခြားနယ်ပယ်တို့တွင်လည်း ပူးပေါင်းလုပ်ကြောင်း ပြောဆိုသွားသည်။

ယင်းအပြင် မြန်မာနိုင်ငံရှိ ငြိမ်းချမ်းရေး ဆွေးနွေးပွဲများတွင် တရုတ်တို့ဘက်က အပြုသဘောဆောင်သည့် ထောက်ခံမှုများ ပေးထားကြောင်းနှင့် ငြိမ်းချမ်းရေး ညီလာခံများမှတဆင့် အောင်မြင်မှုများ ရရှိမည်ဟု မျှော်လင့်ကြောင်း ဝန်ကြီးချုပ် လီက ပြောသည်။ အလားတူ မြန်မာနိုင်ငံအနေဖြင့်လည်း စွမ်းအင်နှင့် အခြားကဏ္ဍများတွင် တရုတ်နှင့် ပူးပေါင်းလိုကြောင်း ဒေါ်အောင်ဆန်းစုကြည်က ဆိုသည်။

ဒေါ်အောင်ဆန်းစုကြည်၏ ယခုခရီးစဉ်မှာ တရုတ်နှင့် အနောက်အုပ်စုအကြား ဆက်ဆံမှုပိုင်းကို ချိန်ညှိလိုသည့် သဘောလက္ခဏာကို မြင်တွေ့ခဲ့ရပြီး သူမအနေဖြင့် ယခုခရီးစဉ်နောက်ပိုင်း အမေရိကန်သို့ သွားရောက်မည်ဖြစ်ကာ ယင်းနောက်ပိုင်း ဂျပန်သို့လည်း သွားရောက်မည်ဟု မျှော်လင့်ထားသည်။

"အနောက်အုပ်စုက သူမအပေါ်မှာ အထင်ကြီးမျှော်လင့်မှုတွေ ရှိထားခဲ့ပါတယ်၊ ဒါပေမယ့် သူတို့ ကျေနပ်အားရတဲ့ အဆင့်တော့ မရောက်ခဲ့ကြပါဘူး၊ ဘာလို့ဆိုတော့ သူတို့ရဲ့ လမ်းညွှန်ချက်တွေကို သူမဘက်က တိတိကျကျ လိုက်နာနေတာမှ မဟုတ်တာ၊ ဘာပဲဖြစ်ဖြစ် ခုက သူမဟာ မြန်မာရဲ့ ခေါင်းဆောင်ဖြစ်နေပါပြီ၊ သူမ နိုင်ငံ ကောင်းကျိုးအတွက် အလုပ်လုပ်မှာပါပဲ၊ တရုတ်နဲ့ အနောက်အုပ်စုကြား ချိန်ညှိတာကလည်း မဟာဗျူဟာ တစ်ရပ်ပါပဲ" ဟု တရုတ်၏ နိုင်ငံတကာလေ့လာရေးဌာနမှ အာရှ-ပစိဖိတ် ကျွမ်းကျင်ပညာရှင် Shen Shishun က ပြောသည်။

ဒေါ်အောင်ဆန်းစုကြည်၏ ယခုခရီးစဉ်ကြောင့် နှစ်နိုင်ငံ စီးပွားရေးပူးပေါင်း ဆောင်ရွက်မှုအတွက် ပိတ်ဆို့နေသော အတားအဆီးများကို ရှင်းလင်းနိုင်မည်ဟုလည်း မျှော်လင့်ရပြီး   နှစ်ဘက်စလုံး အနေဖြင့် မြစ်ဆုံကိစ္စအပေါ် နားလည်မှု တစ်ခု ရရှိရန် လိုအပ်သကဲ့သို့ ယင်းမှတဆင့် အခြားကဏ္ဍများတွင် နောက်ထပ်ပူးပေါင်း ဆောင်ရွက်နိုင်မည် ဖြစ်ကြောင်းလည်း Shen Shishun က သုံးသပ်သည်။

မြစ်ဆုံကိစ္စနှင့်ပတ်သက်၍ အကယ်၍ ဒေါ်အောင်ဆန်းစုကြည်ကိုယ်တိုင်က အဖြေရှာလိုသည့် ဆန္ဒရှိလျင်သော်ငြား သူမအနေဖြင့် နိုင်ငံတွင် ကန့်ကွက်မှုများနှင့် ရင်ဆိုင်ရမည်ပင်ဖြစ်သည်။ ယင်းဆည်စီမံကိန်းမှာ တရုတ်တို့က စီးပွားရေးအရ ချဲ့ထွင်ခြင်းဟု မြန်မာမျိုးချစ်များက ရှုမြင်ထားသကဲ့သို့ NGO များ၊ ဒေသတွင်း လက်နက်ကိုင်အဖွဲ့များက ယင်းအပေါ် သဘောမတွေ့ဖြစ်နေကြသည်ဟု အကဲဖြတ်များက ပြောသည်။

" တကယ်တော့ တရုတ်က မြန်မာနဲ့ ဆက်ဆံရေးကို မဟာဗျူဟာရှုထောင့်က ကြည့်ပြီးလုပ်နေတာပါ၊ မြန်မာရဲ့ ရခိုင်ကမ်းရိုးတန်းကနေ ယူနန်ပြည်နယ်ထိ ဆက်သွယ်မယ့် ရေနံနဲ့ ဓါတ်ငွေ့ပိုက်လိုင်းတွေ သွယ်ဖို့၊ ဘင်္ဂလား ပင်လယ်အော်က ကျောက်ဖြူရေနက်ဆိပ်ကမ်းစီမံကိန်း ဒါတွေကို အာရုံထားနေတာဖြစ်ပါတယ်" ဟု Xiamen တက္ကသိုလ်မှ အရှေ့တောင်အာရှ ဒေသ လေ့လာရေးစင်တာ အကြီးအကဲ Zhuang Guotu က ပြောသည်။

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly