အနာဂတ် စတုတ္ထမဏ္ဍိုင်ဖွံ့ဖြိုးရေးကို အားပေးမြှင့်တင်ခြင်း (မြန်မာ့မီဒီယာ ဖွံ့ဖြိုးရေးအတွက် အစီအစဉ်)

အနာဂတ် စတုတ္ထမဏ္ဍိုင်ဖွံ့ဖြိုးရေးကို အားပေးမြှင့်တင်ခြင်း (မြန်မာ့မီဒီယာ ဖွံ့ဖြိုးရေးအတွက် အစီအစဉ်)
မဇ္ဈိမမီဒီယာနှင့် ActionAid တို့ ပူးပေါင်းကျင်းပသည့် မီဒီယာ ဖွံ့ဖြိုးမှု မူဝါဒ ဆွေးနွေးပွဲကို ဖေဖေါ်ဝါရီ ၂၁ ရက်က ရန်ကုန်မြို့ Novotel Hotel တွင် ပြုလုပ်စဉ် (ဓာတ်ပုံ - သက်ကို)

 မြန်မာ့မီဒီယာလုပ်ငန်း ဖွံ့ဖြိုးရေးအတွက် ၂၀၁၆ ခုနှစ် မေလအတွင်းက ကျင်းပခဲ့သော မူဝါဒဆွေးနွေးပွဲတွင် ပြန်ကြားရေးဝန်ကြီး ဦးဖေမြင့်က အစိုးရ၏ အနာဂတ်မီဒီယာ အစီအစဉ်တရပ်ကိုချပြခဲ့သည်။ သူက လွတ်လပ်ပြီးအမှီခိုကင်းသည့် မီဒီယာဆိုသည်မှာ တိုင်းပြည်၏ စတုတ္ထမဏ္ဍိုင်ဖြစ်ပြီး စစ်မှန်ပြီးရင့်ကျက်သည့် ဒီမိုကရေစီကိုညွှန်းဆိုသည့် ညွှန်ကိန်းတခုဖြစ်ကြောင်း၊ မြန်မာအစိုးရကလည်း ထိုရည်မှန်းချက်ပန်းတိုင် ရောက်ရှိရေးအတွက် တာဝန်ခံမှုရှိပြီး ပွင့်လင်းမြင်သာသည့် မူဝါဒတရပ်ဖြင့် ကြိုးပမ်းဆောင်ရွက်နေကြောင်း ပြောကြားခဲ့သည်။

အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ် ဗဟိုပြန်ကြားရေးကော်မတီမှ ဦးအောင်ရှင်ကလည်း ၂၀၁၆ ခုနှစ် ဖေဖော်ဝါရီလက ကျင်းပခဲ့သည့် မီဒီယာဖွံ့ဖြိုးမှု မူဝါဒဆွေးနွေးပွဲတွင် မီဒီယာလွတ်လပ်ခွင့်နှင့် တာဝန်ခံမှုအပေါ်ထားရှိသည့် ပါတီ၏ ကတိကဝတ်နှင့်သန္နိဌာန်ကို ထောက်ပြဆွေးနွေးခဲ့သည်။မြန်မာ့မီဒီယာသည် ၂၀၁၅ခုနှစ် အထွေထွေရွေးကောက်ပွဲတွင် အဓိကအခန်းကဏ္ဍမှ ပါဝင်နိုင်ခဲ့ပြီး နိုင်ငံတကာမှလည်း ထူးထူးခြားခြားမြင် တွေ့ခွင့်ရခဲ့သည်။ တိုင်းပြည်၏ အသွင်ကူးပြောင်းရေးနှင့် အပြောင်းအလဲတွင် တတပ်တအား ပါဝင်နိုင်ခဲ့သည့် အတွေ့အကြုံတရပ်ကို ရရှိခဲ့သည်။

မည်သို့ပင်ဖြစ်စေ ထိုသို့လွတ်လပ်မျှတသည့် မီဒီယာခေတ်သစ်သို့ ရောက်ရှိရေးအတွက် သာမန်ပြည်သူလူထုနှင့် ကမ္ဘာ့အသိုင်းအဝိုင်းက အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်အပေါ် အလွန်ကြီးမားသည့် မျှော်လင့်ချက် ထားရှိနေကြသည်။ မီဒီယာလုပ်ငန်း၊ အရပ်ဘက်အဖွဲ့အစည်းများ၊ ပညာရှင်များ၊ နိုင်ငံတကာဖွံ့ဖြိုးရေး အကူအညီပေးသည့် အသိုင်းအဝိုင်းနှင့် အန်ဂျီအိုများမှ ကိုယ်စားလှယ်များသည် ၂၀၁၆ခုနှစ် ဖေဖော်ဝါရီလနှင့် မတ်လအတွင်း ရန်ကုန်[1] တွင် လာရောက်စုဝေးခဲ့ကြပြီး အစိုးရသစ်ကို အချက်အလက်များနှင့် အကြံဉာဏ်များပေးနိုင်ရေး၊ မီဒီယာ ဖွံ့ဖြိုးရေး စသည်တို့အတွက် အကြောင်းအရာမျိုးစုံကို ဝိုင်းဝန်းဆွေးနွေးခဲ့ကြသည်။ ပြည့်စုံကျယ်ပြန့်သော မီဒီယာဖွံ့ဖြိုးမှု မူဝါဒ တစ်ရပ် ပေါ်ပေါက်ရေးအတွက် ဆွေးနွေးခဲ့ကြသည်။ စာနယ်ဇင်း ကောင်စီ ပေါ်ပေါက်လာခြင်းကဲ့သို့သော အပြုသဘော ဆောင်သည့် ကနဦးခြေလှမ်းများ လှမ်းနိုင်ခဲ့သော်လည်း မူဝါဒရေးရာ လုပ်ငန်းစဉ်ရေးရာတွင် လုပ်စရာများ အများအပြား ကျန်နေပါသေးသည်။

မကြာသေးမီ အချိန်အထိ ဖိနှိပ်ချုပ်ချယ်ကန့်သတ်မှုများကို ကြုံခဲ့ရသော မြန်မာ့မီဒီယာလောက၏ သမိုင်းကို ထည့်သွင်းစဉ်းစားလျှင် မီဒီယာဖွံ့ဖြိုးရေးနှင့်ပတ်သက်သည့် ပြဿနာပေါင်းစုံကို ကိုင်တွင်ဖြေရှင်းရန်မှာ အစိုးရသစ်အတွက် အလွန်ကြီးမားလေးလံသည့် တာဝန်ကြီးတစ်ရပ် ဖြစ်ပေလိမ့်မည်။ ကြိုပြီး ဆင်ဆာတင်ရသည်မှာ အတိတ်က အဖြစ်အပျက် ဆိုသော်လည်း မြန်မာ့မီဒီယာသည် လွန်စွာကြီးမားသော အကန့်အသတ်များ အောက်တွင် ရုန်းကန်နေရဆဲဖြစ်သည်။

ထိုအကြောင်းကြောင့် လက်ရှိ မြန်မာ့မီဒီယာလောက အခြေအနေက မီဒီယာလောက ဖွံ့ဖြိုးရေးအတွက် အစိုးရသစ်က ဦးဆောင်သည့် ရှင်းလင်းပြတ်သားသည့် မူဝါဒနှင့် လုပ်ငန်းစဉ်များ ချမှတ်ပေးရန် တောင်းဆိုနေပါသည်။

အဆိုပါလုပ်ငန်းစဉ်တွင် ကွဲပြားခြားနားမှုများ ပါဝင်နေရမည်ဖြစ်ပြီး အစိုးရနှင့် ပုဂ္ဂလိက ကဏ္ဍတို့ နှင့်စပ်လျဉ်း၍လည်း တိကျပြတ်သားမှုများရှိအောင် ချိန်ညှိ လုပ်ဆောင်ထားရပါမည်။ စီးပွါးရေးအရ အင်အားတောင့်တင်းပြီး လွှမ်းမိုးချုပ်ကိုင်ထားနိုင်စွမ်းလည်းရှိသည့် အစိုးရမီဒီယာနှင့် အင်အားချည့်နဲ့သော ပုဂ္ဂလိကမီဒီယာများအကြား မညီမျှမှုများကိုလည်း ညှိနှိုင်းဖြေရှင်းထားပြီးသားရလဒ် ဖြစ်စေရပါမည်။

မြန်မာ့မီဒီယာဖွံ့ဖြိုးရေးနှင့် စပ်လျဉ်းသည့် ခေါင်းစဉ်များကို ဆွေးနွေးကြသည့်အခါ သက်ဆိုင်သူ ကာယကံရှင်များအကြား စိတ်ခံစားမှုဖြင့် တုံ့ပြန်မှုများ ပေါ်ထွက်လာခဲ့သည်။ မီဒီယာနှင့် သတင်းအချက်အလက်အပေါ် နိုင်ငံတော်၏ တင်းကြပ်စွာ ဖိနှိပ်ချုပ်ချယ်မှုကြောင့် သတင်းဖတ်ရှုနားထောင်သူများ၊ သတင်းစာဆရာများ၊ အယ်ဒီတာများ၊ မီဒီယာလုပ်ငန်းပိုင်ရှင်များ၊ အရပ်ဘက်အဖွဲ့အစည်းများ၊ နိုင်ငံရေးပါတီများနှင့် အခြားသူများ အားလုံးတို့သည် တစ်သားတည်း သာမန်နိုင်ငံသူနိုင်ငံသားများ ဖြစ်သွားကြသည်။ သတင်းထောက်များကို ထင်သလိုဖမ်းဆီးခြင်း၊ လွတ်လပ်စွာထုတ်ဖော်ပြောဆိုခွင့်အပေါ် ကန့်သတ်ခြင်း၊ သတင်းရယူခြင်းနှင့် သတင်းရယူရေးတို့အတွက် လှုပ်ရှားသွားလာခြင်းတို့အပေါ် မီဒီယာသမားများအား ကန့်သတ်ချုပ်ချယ်ခြင်းတို့ကို မည်သည့် ဒီမိုကရေစီတက်ကြွလှုပ်ရှားသူကမျှ မြင်တွေ့လိုမည် မဟုတ်ပါ။ တစ်ချိန်တည်းတွင် မီဒီယာဆိုသည်မှာ ဒီမိုကရေစီအစိုးရ တစ်ရပ်၏ ပင်ကိုယ် မွေးရာပါအစိတ်အပိုင်း တစ်ရပ်ဖြစ်သည်။ နိုင်ငံသားများနှင့် အစိုးရတို့အကြား ပွင့်လင်းမြင်သာတာဝန်ခံမှုရှိစွာ သတင်းမျှဝေပေးသည့် ယာဉ်တစ်ခုလည်းဖြစ်သည်။ ထိုကဲ့သို့သော ယန္တရားမျိုးသည် ၂ လမ်းသွား ဖြစ်သင့်သည်။ နိုင်ငံသားများ၏ နစ်နာချက်များနှင့် ပြဿနာရပ်များကို မီဒီယာမှတစ်ဆင့် အစိုးရက သတိပြုမိစေလိမ့်မည်။ ဒီမိုကရေစီစနစ် ခိုင်မာရေးအတွက် တာဝန်ခံမှုရှိသော မီဒီယာနှင့် ပွင့်လင်းမြင်သာသော အစိုးရအုပ်ချုပ်မှုတို့ လက်ချင်းတွဲ၍ သွားရပါမည်။

ဤအတွေးအမြင် ရှုထောင့်မှ ကြည့်လျှင် အထက်တွင်ဖော်ပြခဲ့သည့် မီဒီယာလောကဖွံ့ဖြိုးရေး ဆွေးနွေးပွဲများမှ၊ အစိုးရက ထည့်သွင်းစဉ်းစားနိုင်ရန် အကြံပြုချက် တသီတတန်းကြီး ထွက်ပေါ်လာခဲ့သည်။ ထိုအကြံပြုချက်များကို ဘဏ္ဍာရေးအရ ရေရှည်ရပ်တည်နိုင်မှုအပါအဝင် မျက်နှာစာပေါင်းစုံမှ မီဒီယာ လုပ်ငန်းတိုးတက်ဖွံ့ဖြိုးရေးရှုထောင့်ဖြင့် ရှုမြင်ဖို့ လိုပါသည်။

ယခုဖော်ပြမည့်အချက်များမှာ ဆွေးနွေးပွဲများမှ ရရှိခဲ့သည့် အဓိကအချက်များ ဖြစ်ပါသည်။ အရေးကြီးသည်မှာ အစိုးရက ပြီးပြည့်စုံသော မီဒီယာမူဝါဒတစ်ရပ် ချမှတ်ပေးရေးဖြစ်သည်။ ယင်းတွင် လှုပ်ရှားရှင်သန် လွတ်လပ်၍

တာဝန်ခံမှုရှိသည့် မီဒီယာပေါ်ထွက်လာရေးအတွက် ရေရှည်အမြင်ဖြင့် ပြုစုထားသည့် မူဝါဒ ပါဝင်ရပါမည်။ အဆိုပါ မူဝါဒစာတမ်းတွင် လွတ်လပ်စွာထုတ်ဖော်ပြောဆိုခွင့်နှင့် စပ်လျဉ်းသည့် မျှတသည့် ဥပဒေရေးရာ ယန္တရားစနစ်တစ်ရပ်လည်း ပါဝင်ရမည်ဖြစ်သည်။ မီဒီယာနှင့် အစိုးရတို့အကြား အပြန်အလှန်တာဝန်ခံမှုကို အားပေးသည့်အချက်ကိုလည်း ထည့်သွင်း ဖြေရှင်းပြီးသား ဖြစ်ရပါမည်။ မီဒီယာကဏ္ဍအသီးသီး အစိတ်အပိုင်းအသီးသီးအတွက် လွတ်လပ်သော ကွပ်ကဲထိန်းချုပ်သည့် အဖွဲ့များလည်း ရှိရပါမည်။ ထိုအဖွဲ့များကို လွှတ်တော်မှ ကြီးကြပ်ထားရပါမည်။ အစိုးရထိန်းချုပ်သော မီဒီယာများ၏ လက်ဝါးကြီးအုပ်မှုကို အဆုံးသတ်ပေးမည့် ယှဉ်ပြိုင်မှုရှိသောဝန်းကျင် အခြေအနေတစ်ရပ် ပေါ်ပေါက်လာရေးကိုလည်း အားပေးရပါမည်။ ပုဂ္ဂလိကကဏ္ဍ မီဒီယာများအတွက် ရင်းနှီးမြှုပ်နှံမှု အခြေအနေကောင်း တစ်ရပ် ဖန်တီးပေးထားရပါမည်။ အထူးသဖြင့် အသေးစားနှင့် အလတ်စား စီးပွားရေးလုပ်ငန်းရှင်များနှင့် တိုင်းရင်းသား မီဒီယာများအတွက် ဖြစ်ပါသည်။ နောက်ဆုံးအချက်အနေဖြင့် ဘဏ္ဍာရေးအရ ရေရှည် တည်တံ့နိုင်မှုနှင့် အလားအလာကောင်းများရှိလာစေရေး လုပ်ဆောင်ပေးရန် ဖြစ်သည်။ ဤအချက်များကို ဘယ်နေရာ ကနေ ဘယ်လိုစတင်မည်ဆိုသည်မှာ စိန်ခေါ်မှုတစ်ရပ်ပင် ဖြစ်သည်။ ရှေ့ဆက်လုပ်ဆောင်နိုင်မည့် နည်းလမ်းတစ်ရပ်မှာ ရေတို၊ အလယ်အလတ်နှင့် ရေရှည်ရည်မှန်းချက်နှင့် မူဝါဒများ ရှာဖွေသတ်မှတ်ရန်ဖြစ်သည်။ သို့မှသာ မြန်မာနိုင်ငံတွင် လွတ်လပ်ပြီး၊ အကျပ်အတည်းကို ဖြတ်သန်းနိုင်မည့် မီဒီယာလုပ်ငန်းတာဝန်များ ပေါ်ထွက်လာမည်ဖြစ်ပြီး ဒီမိုကရေစီစနစ်ကိုလည်း ထိန်းသိမ်း ကာကွယ်စောင့်ရှောက်နိုင်မည့် အကျိုးစီးပွါးကို ရရှိစေလိမ့်မည်ဖြစ်သည်။

အောက်တွင်ဖော်ပြထားသည်များမှာ ထိုမီဒီယာဖွံ့ဖြိုးမှု ဆိုင်ရာမူဝါဒဆိုင်ရာ ညှိနှိုင်းဆွေးနွေးမှုများမှ ပေါ်ထွက်လာသည့် အထူးတလည် အကြံပြုချက်များမှ အချို့ဖြစ်သည်။

၁။ မြန်မာ့မီဒီယာသည် ဒီမိုကရေစီကို ထိန်းသိမ်းကာကွယ်ရာတွင်လည်းကောင်း၊ အားလုံးပါဝင်သည့် လူ့အဖွဲ့အစည်းတစ်ရပ် ဖွံ့ဖြိုးလာစေရေးတွင် လည်းကောင်း၊ ငြိမ်းချမ်းတည်ငြိမ်ရေးနှင့် ညီညွတ်ရေးဆိုင်ရာ ပြဿနာများကို ကိုင်တွယ် ဖြေရှင်းရာတွင်လည်းကောင်း ပဓာနကျသော အခန်းမှ ပါဝင်သည်။ လူ့အခွင့်အရေး၊ ကျေးလက်နှင့်မြို့ပြဖွံ့ဖြိုးရေး၊ မညီမျှမှုများ၊ မမျှတမှုများနှင့် လူ့အဖွဲ့အစည်းဘက်စုံဖွံ့ဖြိုးရေးဆိုင်ရာ ကိစ္စရပ်များတွင်လည်း မီဒီယာကို ပါဝင်ဖြေရှင်းဆောင်ရွက်ခွင့်ပေးသည့် အခန်းကဏ္ဍမှ ပါဝင်စေသင့်သည်။

၂။ လွတ်လပ်မျှတသည့် မူဝါဒဝန်းကျင် အခြေအနေတစ်ရပ်အောက်တွင်သာ လွတ်လပ်ပြီး တာဝန်သိသည့် မီဒီယာမျိုး ဖြစ်နိုင်သည်။ အဆိုပါ မူဝါဒ ဝန်းကျင်အခြေအနေမှာ တရားဥပဒေစိုးမိုးမှု၊ ဒီမိုကရေစီကျင့်စဉ်နှင့် တရားမျှတမှု မူများအောက်တွင်သာ အလုပ်ဖြစ်မည်ဖြစ်သည်။ မီဒီယာမူဝါဒကို လွတ်လပ်စွာ ထုတ်ဖော်ပြောဆိုခွင့်ကို ခိုင်မာအားကောင်းစေရန်၊ သတင်းနှင့် လူထုထင်မြင်ချက်များ လွတ်လပ်စွာ စီးဆင်းမှုရှိစေရန်အတွက် ရေးဆွဲပေးဖို့ လိုအပ်ပါသည်။ ပြည်သူလူထုအတွင်း လူမှှု မီဒီယာခိုင်မာ အားကောင်းနေခြင်းကြောင့် မြန်မာ့ဒီမိုကရေစီဝန်းကျင်တွင် ယင်း၏အခန်းကဏ္ဍကိုလည်း ထည့်သွင်း အသိအမှတ်ပြုဖို့ လိုအပ်ပါသည်။

၃။ မြန်မာနိုင်ငံတွင် လွှမ်းခြုံမှှုရှိသည့် မီဒီယာမူဝါဒတစ်ရပ် လိုအပ်ပါသည်။ ယင်းတွင် လွတ်လပ်စွာ ထုတ်ဖော်ပြောဆိုခွင့် (ထုတ်လွှင့်မှုနည်းလမ်းသဏ္ဍန်ပေါင်းစုံ) အတွက် ဥပဒေရေးရာနှင့် ထိန်းချုပ်ကြီးကြပ်ကွပ်ကဲမှု ယန္တရားပါဝင်ရမည်။မတူကွဲပြားသော မီဒီယာပုံစံပေါင်းစုံအတွက် ဘဏ္ဍာရေးအရရေရှည်တည်တံ့နိုင်ရေးနှင့် သတင်းသမားများ၏ လုပ်ငန်းခွင်ကျွမ်းကျင်မှုမြှင့်တင်ရေးလုပ်ငန်းများ ထိုမူဝါဒတွင်ပါဝင် ရမည်။ တိုင်းပြည်၏ စီးပွါးရေးမူဝါဒနှင့်အညီ ရေးဆွဲထားသည့် ပြီးပြည့်စုံသော မီဒီယာမူဝါဒက ထိုကဲ့သို့ သော လွှမ်းခြုံမှှုရှိသည့် မူဝါဒမျိုး ရရှိစေနိုင်မည်ဖြစ်ပြီး၊ ပုံနှိပ်၊ အီလက်ထရွန်းနစ် (အသံလွှင့်လုပ်ငန်းအပါအဝင်) နှင့် လူမှှုမီဒီယာတို့ အားလုံးကို လွှမ်းခြုံနိုင်မည်ဖြစ်သည်။ ထိုကဲ့သို့သော မူဝါဒစာတမ်းတွင် မီဒီယာနှင့် သတင်းလွတ်လပ်ခွင့်အတွက် နိုင်ငံတကာစံများ၊ ကျင့်စဉ်များကို ခိုင်မာအားကောင်းအောင် လုပ်ပေးမည့် ရေတို၊ အလယ်အလတ်နှင့် ရေရှည်ရည်မှန်းချက်များ၊လုပ်ငန်းများ ပါဝင်သင့်သည်။

၄။ အစိုးရအတွက် အရေးတကြီး လတ်တလောလုပ်ရမည့်အလုပ်မှာ မီဒီယာနှင့် စပ်လျဉ်းသော လိုအပ် သည့် ဥပဒေအားလုံး (နှင့်အခြားဆက်စပ်သည့်ဥပဒေများ)[2] ကို လွတ်လပ်စွာ ထုတ်ဖော်ပြောဆို ခွင့်နှင့် လွတ်လပ်သော မီဒီယာ ဖြစ်စေရန် အာမခံနိုင်ရေးအတွက် ပြန်လည်သုံးသပ်ပြီး ပြင်ဆင်ပေးရေး ဖြစ်သည်။ ဤလမ်းကြောင်းတွင် သတင်းထောက်များအတွက် လွတ်လပ်ပြီး လုံခြုံစိတ်ချရသည့် လုပ်ငန်းခွင် အခြေအနေတစ်ရပ်အတွက် အာမခံနိုင်ရေးသည် ပထမ ခြေလှမ်း ဖြစ်လိမ့်မည်။ မီဒီယာလုပ်ငန်းတွင် အဟန့်အတား ဖြစ်နေသည့် ဥပဒေများကို ရှာဖွေဖော်ထုတ်ပြီး လိုအပ်သလို ပြင်ဆင်ပေးရေးမှာ အစိုးရအတွက် အရေးတကြီး လုပ်ငန်းတာဝန်တစ်ရပ် ဖြစ်သင့်သည်။ လွတ်လပ်သော သတင်းလောက ခိုင်မာအားကောင်းစေရန် တရားရေးဆိုင်ရာ ပြုပြင်ပြောင်းလဲမှုများ လုပ်ဖို့လည်းလိုသည်။

၅။ နိုင်ငံပိုင်မီဒီယာက လွှမ်းမိုးသည့် အနေအထားတွင် ရှိနေခြင်း၊ ယခုအချိန်အထိ ကန့်သတ်ချုပ်ချယ် သည့် မီဒီယာဝန်းကျင်အခြေအနေတစ်ရပ် ရှိနေခြင်းတို့ကြောင့် မြန်မာနိုင်ငံတွင် မီဒီယာလောကဖွံ့ဖြိုးရေးအတွက် ထူးခြားသော အင်္ဂါရပ်အများအပြားကို ပေါ်ထွက်လာစေခဲ့သည်။ ယင်းကြောင့် လွတ်လပ်သော မီဒီယာဖွံ့ဖြိုးလာရေးမှာ အညွန့်ချိုးခံရသည်။ သို့ဖြစ်၍ မီဒီယာလုပ်ငန်း ဖွံ့ဖြိုးရေးတွင် အားလုံးတန်းတူညီ မျှပါဝင်နိုင်သည့် အခြေအနေတရပ်ဖန်တီးပေးဖို့ လိုပါသည်။

၆။ ပြည်သူ့မီဒီယာ (ပုံနှိပ်နှင့်အသံလွှင့်) အပေါ် အစိုးရက ထိန်းချုပ်မှုလျော့ပါးရေး အစိုးရ၏ ကတိကဝတ်ပြုမှုနှင့် (အယ်ဒီတာ့ အာဘော် နှင့် စီမံခန့်ခွဲရေး) တို့တွင် လွတ်လပ်သည့် ယန္တရားတစ်ရပ် ပေါ်ပေါက်လာရေးတို့ကို နိုင်ငံပိုင်မီဒီယာအား လွတ်လပ်သည့် စီမံခန့်ခွဲရေးဆိုင်ရာ ဘုတ်အဖွဲ့နှင့် အများပိုင်လိမိတက်ကုမ္ပဏီအဖြစ် ပြောင်းလဲရေးနှင့် လွတ်လပ်သည့်သတင်းစာမူဝါဒ ချမှတ်ခွင့်ပေးခြင်းတု့ိဖြင့် လုပ်ဆောင်ရပါမည်။ သို့မှသာ ကျယ်ပြန့်သည့် အများပိုင်လုပ်ငန်းဖြစ်လာမည်။ အစိုးရပိုင် မီဒီယာ၏ လက်ဝါးကြီးအုပ်မှုကို လျှော့ချရန်အတွက် အစိုးရပိုင်မီဒီယာကို ပုဂ္ဂလိကပိုင်အဖြစ် ပြောင်းလဲခြင်းသည် တစ်ခုတည်းသောအဖြေ မဟုတ်သည်ကို  သတိပြုရန် လိုပါသည်။

၇။ ပြည်သူ့မီဒီယာကို လွှတ်တော်မှ ကြီးကြပ်ကွပ်ကဲ ထိန်းကျောင်းပေးခြင်းသည် ပွင့်လင်းမြင်သာမှုနှင့် တာဝန်ခံမှုရှိစေရေးအား အာမခံနိုင်သည်ဆိုခြင်းကို အသိအမှတ်ပြုဖို့ အရေးကြီးပါသည်။

၈။ စာနယ်ဇင်းကောင်စီ နှင့် Broadcast Council တို့ကဲ့သို့သော မီဒီယာ စည်းကမ်းထိန်းသိမ်းရေး အဖွဲ့အစည်းများ နှင့် အခြား သက်ဆိုင်ရာ စည်းကမ်းထိန်းသိမ်းရေး ယန္တရားများမှာ လွှတ်တော်၏ ကြီးကြပ်မှှုအောက်တွင် ရှိသင့်ကာ၊ လွှတ်တော် ကော်မတီခွဲများက ပုံမှန် ဆန်းစစ်သုံးသပ်သင့်သည်။

၉။ တိုင်းရင်းသား မီဒီယာများ ဖွံ့ဖြိုးရေး၊ မီဒီယာများ ဘဏ္ဍာရေးအရ ရေရှည်ကြံ့ကြံ့ခံနိုင်ရေး တို့အပြင် မီဒီယာကဏ္ဍဆိုင်ရာ စီမံခန့်ခွဲရေးပိုင်း နှင့် ပညာရပ်ပိုင်းဆိုင်ရာ အရည်အသွေးများ တည်ဆောက်ရေး စသည့် ရှှုထောင့်အမြင်များဖြင့် ပုဂ္ဂလိက မီဒီယာ ဖွံ့ဖြိုးရေးကို ဖော်ဆောင်နိုင်ရန် နည်းလမ်းများ ရှာဖွေရပါမည်။ ပုဂ္ဂလိက မီဒီယာ၊ ပြည်သူ့ ရုပ်သံလွှင့်ဌာနများ နှင့် community ရုပ်သံလွှင့်ဌာနများ ပါဝင်သည့်၊ ကောင်းမွန်သည့် မီဒီယာဝန်းကျင် တစ်ရပ် ဖြစ်ထွန်းရေးမှာ မီဒီယာဆိုင်ရာ ပုဂ္ဂလိက ကဏ္ဍ ဖွံ့ဖြိုးရေးအတွက် ရေရှည် ရည်မှန်းချက် ဖြစ်သင့်သည်။

၁၀။ မီဒီယာကဏ္ဍတွင် အုပ်စုဖွဲ့၍ အမြတ်ထုတ်ရန် ကြံစည်ခြင်း၊ လက်ဝါးကြီးအုပ်ခြင်း၊ သေးငယ်သော မီဒီယာများ နှင့် တိုင်းရင်းသား မီဒီယာများကို လွှမ်းမိုးဝါးမြိုခြင်း စသည်တို့ကိုလည်း မူဝါဒဖြင့် တိုက်ဖျက်သွားရန် လိုအပ်ပါသည်။ ထို့ပြင် ပုံနှိပ် နှင့် ရုပ်သံလွှင် မီဒီယာများ အနေဖြင့် ကုမ္ပဏီ တစ်ခုထက်ပို၍ ပိုင်ဆိုင်လိုလျှင် အစိုးရထံမှ ကြိုတင်ခွင့်ပြုချက် ယူရသလို၊ ရုပ်သံလွှင့် ဥပဒေထဲတွင် ရင်းနှီးမြှုပ်နှံမှှု ကန့်သတ်ချက် ကို ဖော်ပြထားရာ၊ မီဒီယာ ဟန်ချက်ညီညီ ဖွံ့ဖြိုးရေးအတွက် ထိုမူဝါဒများကို ရံဖန်ရံခါ ပြန်လည်သုံးသပ်ရန် လိုအပ်ပါသည်။

၁၁။ အခြား အရေးကြီးသော အချက်တစ်ခုမှာ မီဒီယာမဟုတ်သော စီးပွားရေးအကျိုးစီးပွားများ နှင့် မီဒီယာဆိုင်ရာ corporate (စီးပွားရေးကော်ပိုရေးရှင်းများ) အကျိုးစီးပွားများအား၊ ရင်းနှီးမြှုပ်နှံမှှုဆိုင်ရာ  စည်းကမ်းထိန်းသိမ်းရေး နည်းလမ်းများဖြင့် ကိုင်တွယ်ဆောင်ရွက်ရန် လိုအပ်ပါသည်။ မကြာသေးခင်က ပြဌာန်းခဲ့သော ရုပ်သံလွှင့် ဥပဒေတွင် ဤကိစ္စရပ် အချို့ကို ကိုင်တွယ်ဖြေရှင်းပေးနိုင်မည့် အခွင့်အလမ်းများ ပါရှိပါသည်။ သို့ရာတွင် ဥပဒေ၊ စည်းမျဉ်းစည်းကမ်းများအား ကျင့်သုံးရာတွင် ပွင့်လင်းမြင်သာမှှု ရှိရန် နှင့် တစ်သမတ်တည်းဖြစ်ရန် အရေးကြီးပါသည်။ မီဒီယာလိုင်စင်၊ မီဒီယာပိုင်ဆိုင်မှှု စသည်တို့နှင့် ဆက်နွယ်နေသော သတင်းအချက်အလက်များအား မျှဝေရန်အတွက် နည်းလမ်းများမှာလည်း အရေးကြီးသော ခြေလှမ်းတစ်ရပ် ဖြစ်ပါလိမ့်မည်။      

၁၂။ မီဒီယာကဏ္ဍတွင် စွန့်ဦးတီထွင် စွမ်းဆောင်မှှုသစ်များကို မြှင့်တင်အားပေးနိုင်ရန်အတွက်၊ မီဒီယာကဏ္ဍအတွင်း အသေးစား နှင့် အလတ်စား လုပ်ငန်းများကို တက်ကြွစွာ အားပေးရန် လိုအပ်ပါသည်။ မီဒီယာကဏ္ဍတွင် ရင်းနှီးမြှုပ်နှံရေးအတွက် ခွင့်ပြုလိုက်လျောရာတွင် ဒေသတွင်း နှင့် တိုင်းရင်းသား မီဒီယာ ဖွံ့ဖြိုးရေးကို သာမက ကျေးလက်ဒေသ၊ ဝေးလံသော ဒေသများပါ အကျုံးဝင်မည့် ရှှုထောင့်များဖြင့် ကြည့်မြင်ရန် လိုအပ်ပါသည်။ ရင်းနှီးမြှုပ်နှံမှှုဆိုင်ရာ လိုက်လျောခွင့်ပြုချက်များ နှင့် အခွန်ဆိုင်ရာ လိုက်လျောခွင့်ပြုချက်များ စသည်တို့ကို အခြားသော စီးပွားရေးကဏ္ဍများတွင် ဖော်ဆောင်သကဲ့သို့ပင် မီဒီယာကဏ္ဍတွင်လည်း တိုးချဲ့ဖော်ဆောင်ရမည် ဖြစ်ပြီး၊ သို့မှသာ မီဒီယာကဏ္ဍတွင်လည်း ဘဏ္ဍာရေး တည်ငြိမ်မှှု ရရှိမည်ဖြစ်သည်။ ကြော်ငြာများနှင့် ပတ်သတ်၍ အစိုးရ မီဒီယာများက လက်ဝါးကြီးအုပ်ထားမှှုကို တိုက်ဖျက်ကာ၊ မီဒီယာ ကြော်ငြာများ ရရှိရေး အစိုးရလုပ်ငန်းစဉ်တွင် မျှတ၍ ပွင့်လင်းမြင်သာမည့် စနစ်တစ်ခုကို ဖန်တီးနိုင်မည်ဆိုလျှင် အသေးစား နှင့် အလတ်စား စွန့်ဦးလုပ်ငန်းရှင်များအတွက် အမြတ်အစွန်းများ ထွက်လာစေနိုင်ပါသည်။  

၁၃။  တိုင်းရင်းသားမီဒီယာများအတွက် အထူးနည်းလမ်းများ ချမှတ်ကာ ၎င်းတို့၏ ဘဏ္ဍာရေး အလားအလာ ကောင်းလာအောင် ဆောင်ရွက်ပေးသင့်ပါသည်။ အထူးသဖြင့် တိုင်းရင်းသားဒေသများတွင် ပုဂ္ဂလိကကဏ္ဍ မီဒီယာဖွံ့ဖြိုးရေးကို အားပေးမြှင့်တင်နိုင်ရန် အတွက် (Telecom ၊ လျှပ်စစ်မီး၊ အင်တာနက်) စသည့် အခြေခံ အဆောက်အအုံများ တိုးတက်လာရန် နှင့် အခွန်ဆိုင်ရာ လျှော့ပေါ့ပေးခြင်းများ ပြုလုပ်ရန် လိုအပ်ပါသည်။

၁၄။ မီဒီယာ ကဏ္ဍတွင် ကျွမ်းကျင်မှှု ချို့တဲ့နေခြင်းကိုလည်း ထိရောက်တက်ကြွသည့် အစိုးရ မူဝါဒတစ်ရပ် ချမှတ်ကာ ကိုင်တွယ်ဖြေရှင်းပေးရန် လိုအပ်ပါသည်။ ထိုသို့ဆောင်ရွက်ရာတွင် ပါဝင်နိုင်သည်များမှာ၊  ပညာပြည့်ဝသော ဂျာနယ်လစ်များ မွေးထုတ်ပေးရေးလုပ်ငန်းစဉ် ၌   ပုဂ္ဂလိက ကဏ္ဍ ပါဝင်လာအောင် အားပေးခြင်း၊ လက်တွေ့ လုပ်ငန်းခွင် သင်ကြားပို့ချမှှု အစီအစဉ်များ ဆောင်ရွက်ခြင်း၊ အခြား ဖွံ့ဖြိုးရေး မိတ်ဘက်များနှင့် ပူးပေါင်းဆောင်ရွက်ခြင်း၊ ဒေသဆိုင်ရာ စာနယ်ဇင်းပညာ နှင့် ရုပ်သံလွှင်မီဒီယာ စသည်တို့ ကဲ့သို့သော လုပ်ငန်းများကို မြှင့်တင်ပေးခြင်းများ ပါဝင်နိုင်သည်။

၁၅။ မီဒီယာဖွံ့ဖြိုးရေးကို ဖော်ဆောင်ရာတွင် မီဒီယာလောကအတွင်းမှ ဝန်ထမ်းများ၏ အကျိုးစီးပွားများ (ဂျာနယ်လစ်များ နှင့်၊ ဂျာနယ်လစ် မဟုတ်သည့် မီဒီယာဝန်ထမ်းများ၏ အကျိုးစီးပွားများ) ကို အကာအကွယ်ပေးရေးမှာ အဓိက ကျလှပါသည်။ အစိုးရမီဒီယာများမှ ဝန်ထမ်း အများအပြားအား အစိုးရ၏ ဥပဒေများဖြင့် အကာအကွယ်ပေးထားသကဲ့သို့ပင်၊ မီဒီယာကဏ္ဍတွင် ပညာပြည့်ဝမှှု ဖြစ်ထွန်းလာစေရေးအတွက်၊ ပုဂ္ဂလိက မီဒီယာများတွင် တစ်နေ့တခြား များပြားလာသော ဝန်ထမ်းများ၏ အခြေအနေများကိုလည်း ဥပဒေများဖြင့် ကိုင်တွယ်ဖြေရှင်းပေးရန် လိုအပ်ပါသည်။ မီဒီယာလောက အတွင်းမှ ဝန်ထမ်းများအနေဖြင့် နိုင်ငံသားများ၏ အခွင့်အရေးများကို မြှင့်တင်ပေးနိုင်ရန် နှင့် ကာကွယ်ပေးနိုင်ရန်အတွက် တာဝန်ဝတ္တရားများကို တာဝန်ခံမှှုရှိရှိ လုပ်ဆောင်ပေးနိုင်ခွင့်ကိုလည်း အသိအမှတ်ပြု လေးစားပေးရန် လိုအပ်ပါသည်။

[1] မူဝါဒဆွေးနွေးပွဲ ၂ ရပ်ကို မဇ္ဈိမမီဒီယာနှင့် ActionAid အဖွဲ့က တာဝန်ယူကျင်းပပေးခဲ့သည်။ ပထမတစ်ခုကို ၂၁ ဖေဖော်ဝါ ရီ ၂၀၁၆ ခုနှစ်နှင့် ဒုတိယတခုကို ၁၅ မေ ၂၀၁၆ ခုနှစ်တို့တွင် ကျင်းပခဲ့သည်။

 [2] ဥပမာပြရလျှင် အစိုးရလျှို့ဝှက်ချက်ဥပဒေ၊ မီဒီယာဥပဒေသစ်၊ ရာဇသတ်ကြီးဥပဒေ၊ အသံလွှင့်ဥပဒေ၊ ပုံနှိပ်ရေးနှင့်ထုတ် ဝေဖြန့်ချိရေးဥပဒေတို့မှာ ပြန်လည်သုံးသပ်ရန်နှင့်ပြင်ဆင်ရန်လိုအပ်သည်။ ထို့အပြင် လွတ်လပ်စွာထုတ်ဖော်ပြောဆိုခွင့်ကို အခြေခံဥပဒေတွင်ပင်လုံလောက်စွာကာကွယ်ပေးထားခြင်းမရှိပါ။

Related web links:

  1.     http://mizzima.com/news-features/moving-myanmar%E2%80%99s-media-industry...
  2.     http://mizzima.com/news-domestic/state-media-continue-myanmar-informatio...
  3.     http://mizzima.com/development-policy-dialogue/policy-dialogue-media-dev...
  4.     http://mizzima.com/development-policy-dialogue/policy-dialogue-media-pol...

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly