ရခိုင်တွင် ကျောင်းသားစက်လှေနစ်မြုပ်၊ လေးဦးဆုံးပါး လေးဦး ပျောက်ဆုံး

ရခိုင်တွင် ကျောင်းသားစက်လှေနစ်မြုပ်၊ လေးဦးဆုံးပါး လေးဦး ပျောက်ဆုံး

 သြဂုတ် ၁၉ ရက် စစ်တွေ။                 ။ ရခိုင်ပြည်နယ်၊ ရသေ့တောင်မြို့နယ် မေယုကမ်းဒေသ၊ ရန်အောင်ပြင် အထက ကျောင်းသားများ တင်ဆောင်လာသည့် စက်လှေမှာ ယနေ့ သြဂုတ် ၁၉ ရက်နေ့ နံနက် ၈ နာရီခွဲခန့်တွင် နစ်မြုပ်ခဲ့ပြီး ကျောင်းသား ၄ ဦး သေဆုံးပြီး ၄ ဦး ပျောက်ဆုံးနေသည်။

စက်လှေသည် ရန်အောင်ပြင် အထက ကျောင်းသို့ သွားစဉ် ခတောက်ချောင်းကို ကူးဖြတ်စဉ် နစ်မြုပ်ခဲ့ခြင်း ဖြစ်ပြီး သတ်မှတ်အရေတွက်ထက် လူပို တင်ဆောင်ခဲ့သည်ဟု ကယ်ဆယ်ရေးအဖွဲ့များက အတည်ပြုပြောကြားသည်။

"ကလေးတွေက ကျောင်းတက်ဖို့ မနက်စာစောစာစားပြီးတော့ သွားရပါတယ်။ ချောင်းတစ်ဖက်ကမ်းမှာရှိတဲ့ ရန်အောင်ပြင်အထကခွဲမှာ သွားပြီးတက်ကြရတာပါ။ အခုသူတို့ကို ပို့ပေးတဲ့လှေက လူဆယ်ယောက်ပဲဆံ့တယ်။ တင်သွားတာက ၁၇ ဦး တင်သွားတယ်လို့ သိရပါတယ်။ ချောင်းကလည်း ဒီရေပြည့်ချိန်မှာ နစ်မြုပ်သွားတာပါ။ မနက် ၈ နာရီခွဲလောက်ကနေ မြုပ်သွားတာပါ။   ပျောက်နေသူတွေရှိတယ် လောလောဆယ်တော့ လိုက်ရှာနေကြတုန်းပါပဲ။” ဟု ကယ်ဆယ်ရေးအဖွဲ့မှ ဦးစိုးဖေက ပြောသည်။

ပျောက်ဆုံး ကျောင်းသား၊ ကျောင်းသူများမှ ကျောက်စာတိုင် ကျေးရွာမှ ဖြစ်ပြီး နဝမတန်း ကျောင်းသား ၁ ဦး၊ သတ္တမတန်းကျောင်းသား ၂ ဦးနှင့် ပဉ္စမတန်းကျောင်းသား ၁ ဦးတို့ ဖြစ်သည်။

နစ်မြုပ်ခဲ့သော စက်လှေဖြတ်သန်းခဲ့သည့် ချောင်းမှာ ဒီရေတက်ချိန်ဖြစ်နေသဖြင့် ကယ်ဆယ်ရေးအဖွဲ့များ အနေဖြင့် ပျောက်ဆုံးနေသူများကို ဒီရေကျချိန်တွင်မှသာ ထပ်မံ ဆည်ယူနိုင်မည်ဖြစ်ကြောင်း ကယ်ဆယ်ရေး ဆောင်ရွက်သူများက ပြောသည်။

ရန်အောင်ပြင် အထကကျောင်းသည် အနီးပတ်ဝန်းကျင်ရှိ ကျေးရွာပေါင်း ၂၀ ခန့်မှ ပညာသင်ယူနေသည့် စာသင်ကျောင်းဖြစ်သည်။

“ဒီဒေသမှာရှိတဲ့ ကျောင်းသူကျောင်းသားတွေဟာ ဒီကျောင်းမှာပဲ တက်ကြတာပါ။ အဲဒီဘက်ကမ်းမှာက ရန်အောင်ပြင်အပါအဝင် လေးရွာတည်းရှိပါတယ်။ ကျန်တဲ့ကျေးရွာတွေက ကျောင်းသားတွေဟာ အခုလိုမျိုး ကူးတို့တွေနဲ့ သွားလာနေကြရတာပါပဲ။ ဗောဓိကုန်း၊ ကျောက်စာတိုင်၊ ဈီးကုန်တန်း၊ ခတောက်ချောင်း၊ နှင်းဆီကုန်း၊ မင်းဘူး၊ အောင်ဆိပ် အဲဒီရွာတွေကနေလာပြီးတော့ တက်ကြပါတယ်။ ရွာနှစ်ဆယ်နီးပါးလောက်ဟာ မြစ်ချောင်းတွေကိုဖြတ်ပြီး တက်ရပါတယ်။” ဟု ဦးစိုးဖေက ပြောသည်။

ရခိုင်ပြည်နယ်အတွင်း ကျေးလက်ဒေသမှ ကျောင်းသားများသည် မြစ်ချောင်းငယ်များ ဖြတ်ကူးကာ ပညာသင်ကြားနေရပြီး ယခု ပညာသင်နှစ်အစတွင် ပုဏ္ဏားကျွန်းမြို့နယ်မှ ကျောင်းသားများ တင်ဆောင်လာသည့် စက်လှေနစ်မြုပ်ခဲ့ပြီး ကျောင်းသား ၇ ဦး သေဆုံးခဲ့သည်။

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly