မြစ်ဆုံစီမံကိန်းအရေး ဖြေရှင်းရန် တရုတ်-မြန်မာ နှစ်နိုင်ငံ သဘောတူဟု တရုတ်သတင်းစာရေး

မြစ်ဆုံစီမံကိန်းအရေး ဖြေရှင်းရန် တရုတ်-မြန်မာ နှစ်နိုင်ငံ သဘောတူဟု တရုတ်သတင်းစာရေး

(Global Times အင်တာနက် စာမျက်နှာတွင် ဖေါ်ပြထားသည့် China, Myanmar agree to solve suspended dam issue ကို ဘာသာပြန်ဆို ဖေါ်ပြခြင်းဖြစ်သည်)

မြစ်ဆုံ စီမံကိန်းအရေး အဖြေရှာနိုင်ရန်အတွက် နှစ်ဘက်စွမ်းအင် ဝန်ကြီးဌာနများအကြား တိုးမြင့် ပူးပေါင်းဆောင်ရွက်ရေး တရုတ်နှင့်မြန်မာ နှစ်နိုင်ငံတို့ သြဂုတ် ၁၈ ရက်က သဘောတူခဲ့သည်။

ငါးရက်တာ အလည်အပတ်ခရီးရောက်ရှိနေသည့် မြန်မာ နိုင်ငံတော်၏အတိုင်ပင်ခံပုဂ္ဂိုလ် ဒေါ်အောင်ဆန်းစုကြည်နှင့် တရုတ်ဝန်ကြီးချုပ် လီခ့ါချန်တို့ နှစ်ဦး တွေ့ဆုံဆွေးနွေးစဉ် ယခုသဘောတူညီချက် ထွက်ပေါ်လာခြင်းဖြစ်သည်။

မြစ်ဆုံစီမံကိန်း အဖြေရှာနိုင်ရေး  မြန်မာအစိုးရဘက်က စုံစမ်းရေး ကော်မတီတစ်ရပ်ဖွဲ့စည်းရန် ဆုံးဖြတ်ထားခဲ့သည်ဟု တွေ့ဆုံ ဆွေးနွေးစဉ် ဒေါ်အောင်ဆန်းစုကြည်က ထည့်သွင်းပြောဆိုခဲ့ကြောင်း တရုတ် ဒုနိုင်ငံခြားရေးဝန်ကြီး လျိုကျန်မင်က သတင်းထောက်များကို ပြောသည်။

တရုတ်ဝန်ကြီးချုပ်ကလည်း အခြေခံအဆောက်အအုံပိုင်းနှင့် ဆက်သွယ်ရေးလမ်းကြောင်းတိုးတက်စေရေးအတွက် ရေနံ၊ ဓါတ်ငွေ့ပိုက်လိုင်းများ စီမံကိန်း၊ မြစ်ဆုံစီမံကိန်း စသည်တို့အပါအဝင် အဓိကစီမံကိန်းများ တိုးမြင့် လုပ်ဆောင်ရမည်ဖြစ်ကြောင်း တိုက်တွန်းပြောကြားခဲ့သည်ဟု လျိုက ဆိုသည်။

မြစ်ဆုံစီမံကိန်းနှင့်ပတ်သက်၍ ယခုအခါ  သုံးသပ်စစ်ဆေးရေး ကော်မရှင်တစ်ခုဖွဲ့စည်းပေးထားလိုက်ပြီဖြစ်သော မြန်မာအစိုးရအနေဖြင့် တရုတ်နှင့် ဆက်ဆံမှုပိုင်းကို လက်တွေ့ကျကျဖြင့် လုပ်ဆောင်နေလျက်ရှိသည့် သဘောပင်ဖြစ်သည်။

ယင်းအပြင် ထိပ်တန်းခေါင်းဆောင် ဒေါ်အောင်ဆန်းစုကြည် တာဝန်များကို စတင်ထမ်းဆောင်ချိန်မှစ၍ အာဆီယံဒေသပြင်ပ တရုတ်သို့ ပထမဆုံးလာရောက်ရန် ဆုံးဖြတ်ခဲ့ခြင်းကလည်း တရုတ်နှင့်ဆက်ဆံမှုပိုင်းအပေါ် အလေးထားကြောင်း ပြသခဲ့ခြင်းဟု အကဲဖြတ်များက ဆိုသည်။

ယခု နှစ်ဘက်ခေါင်းဆောင်များ ဆွေးနွေးခဲ့ရာတွင်လည်း နှစ်နိုင်ငံစလုံးအနေဖြင့် အပြန်အလှန် လေးစားတန်ဖိုးထားကြောင်းနှင့် ငြိမ်းချမ်းစွာ အတူယှဉ်တွဲနေထိုင်ရေး မူကြီးငါးရပ်ကို လိုက်နာကြောင်း ပြောဆိုဆွေးနွေးခဲ့ကြသည်။

တရုတ်တို့အနေဖြင့်လည်း မြန်မာအစိုးရ ရွေးချယ်ထားသော နိုင်ငံ ဖွံ့ဖြိုးတိုးတက်ရေး လမ်းကြောင်းနှင့် အမျိုးသားပြန်လည်သင့်မြတ်ရေး အားထုတ်ကြိုးပမ်းမှုများကို ထောက်ခံအားပေးနေလျက်ရှိကြောင်း တရုတ်ဝန်ကြီးချုပ်က ပြောသည်ဟု သိရသည်။

နှစ်ဘက်အကြား နိုင်ငံရေးအရ ယုံကြည်မှု တိုးပွားခိုင်မာစေရေး၊ ခေတ်သစ်တစ်ခုတွင် မတူညီသော ကဏ္ဍများ၌ ဆက်သွယ်ပူးပေါင်းသွားရေးတို့အတွက် လက်တွဲလုပ်ဆောင်သွားလိုကြောင်းလည်း လီက ပြောကြားခဲ့သည်။

စီးပွားရေး၊ ကုန်သွယ်မှု၊ စိုက်ပျိုးရေး ယဉ်ကျေးမှု၊ ပညာရေး နှင့်ကျန်းမာရေး စသည့် နယ်ပယ်များတွင်လည်း တိုးမြင့်ပူးပေါင်းသွားရမည်ဟုလည်း ဆိုခဲ့သည်။

မြန်မာခေါင်းဆောင် ဒေါ်အောင်ဆန်းစုကြည်ကလည်း တရုတ်နှင့် အဆင့်မြင့်အရာရှိများအချင်းချင်း ဆက်ဆံမှုကို ထိန်းသိမ်းထားလိုကြောင်း၊ နိုင်ငံရေးယုံကြည်မှု တိုးမြင့်နိုင်ရေး၊ စွမ်းအင်ဆိုင်ရာ တိုးမြင့်ပူးပေါင်းရေး၊ နယ်စပ်ကုန်သွယ်မှု၊ စိုက်ပျိုးရေး၊ ကျန်းမာရေး၊ ပညာရေး နှင့် အခြားနယ်ပယ်များတွ်ငလည်း တိုးမြင့်ပူးပေါင်းရေး၊ နယ်စပ်ဒေသများတွင် တည်ငြိမ်အေးချမ်းမှုကို ထိန်းသိမ်းရေး စသည့်ကိစ္စရပ်များကို ဆွေးနွေးသွားခဲ့သည်။

ယခုနှစ်သည် တရုတ်-အာဆီယံ အပြန်အလှန်ဆက်ဆံမှု ၂၅ နှစ်ပြည့်မြောက်ခဲ့ပြီဖြစ်ရာ အာဆီယံအသိုက်အဝန်းထူထောင်ခြင်းနှင့် ယင်းအဖွဲ့ကြီးတွင် မြန်မာသည် အရေးပါသော အခန်းကဏ္ဍ တာဝန်ယူထားမှုတို့အပေါ် ထောက်ခံကြောင်း တရုတ်ဝန်ကြီးချုပ်ကလည်း ပြန်လည်ပြောကြားသည်။။

တရုတ်နှင့် အာဆီယံအကြား ဆက်ဆံမှု ဆက်လက်တိုးမြင့်စေလိုကြောင်း ဒေါ်အောင်ဆန်းစုကြည်ကလည်း ပြောသည်။   ဆွေးနွေးမှုများအပြီး  နှစ်ဘက်တာဝန်ရှိသူများသည်   ခေါင်းဆောင်များ   ရှေ့မှောက်တွင် နှစ်နိုင်ငံ စီးပွားရေး၊ နည်းပညာပိုင်းဆိုင်ရာ ပူးပေါင်းရေး စာချုပ်များကို လက်မှတ်ထိုးခဲ့ကြသည်။

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly