မန်ယူအတွက် ပွဲဦးထွက် ကစားပေးရန် အသင့်ဖြစ်နေပြီဟု ပေါ့ဂ်ဘာ ပြော

မန်ယူအတွက် ပွဲဦးထွက် ကစားပေးရန် အသင့်ဖြစ်နေပြီဟု ပေါ့ဂ်ဘာ ပြော

လာမယ့် သောကြာနေ့ ဆောက်သမ်တန်အသင်းနဲ့ ကစားရမယ့် ပရီးမီးယားလိဂ်ပွဲစဉ်အတွက် ပွဲထွက်ကစားပေးရန် အသင့်ဖြစ်နေပြီလို့ ပေါလ်ပေါ့ဂ်ဘာက ကြေညာခဲ့ပါတယ်။

ကမ္ဘာ့စံချိန်တင် ပြောင်းရွှေ့ကြေး စတာလင်ပေါင် (၈၉) သန်းနဲ့ ယူနိုက်တက်ကို ပြန်လည် ပြောင်းရွှေ့လာတဲ့ ပြင်သစ်လက်ရွေးစင် ကွင်းလယ်လူဟာ ဂျူဗင်တပ်စ်မှာ ကစားခဲ့စဉ်က နောက်ဆုံးပွဲစဉ်မှာ အဝါကတ်ထိခဲ့တဲ့ ပွဲပယ်ပြစ်ဒဏ်ကြောင့် တနင်္ဂနွေနေ့က ဘုန်းမောက်နှင့် အဖွင့်ပွဲစဉ်ကို လွဲချော်ခဲ့ပါတယ်။ ၎င်းပွဲကို မန်ယူက (၃-၁) ဂိုးနဲ့နိုင်ပြီး နည်းပြဟိုဆေးမော်ရင်ဟိုက ခေတ်သစ်ကို အစပြုခဲ့ပါတယ်။

ဒါပေမယ့် အသက် (၂၃) နှစ်အရွယ် ပေါ့ဂ်ဘာက သောကြာနေ့မှာ မိမိ ပွဲထွက်ဖို့ အဆင်သင့်ဖြစ်နေပြီဖြစ်ကြောင်း ဆိုပါတယ်။

"ကျွန်တော် ပွဲထွက်ခွင့်ရ၊ မရဆိုတာကိုတော့ နည်းပြကိုပဲ မေးဖို့လိုပါတယ်။ ဒါပေမဲ့ ကျွန်တော့် အနေအထားကတော့ အရမ်းကို ကောင်းမွန်နေပြီလို့ ခံစားရပြီး အသင်းမှာ (၁၀)ရက်လောက် လေ့ကျင့်ခန်း ဆင်းပြီးတဲ့နောက် ကျွန်တော်ကတော့ အိုကေပါပဲ”လို့ ပေါ့ဂ်ဘာက မန်ချက်စတာညနေခင်း သတင်းစာကို ပြောပါတယ်။

“ကျွန်တော့်အတွက်တော့ ဒါမျိုးက အသားကျနေပါပြီ။ ဂျူဗင်းတပ်စ်မှာ ရှိစဉ်က လွန်ခဲ့တဲ့ (၂)နှစ်က ကမ္ဘာ့ဖလားကစားခဲ့ပါတယ်။ လွန်ခဲ့တဲ့ (၃) နှစ်ကလည်း အသက်(၂၀)အောက် ကမ္ဘာ့ဖလားမှာ ဒီလိုပဲ ကစားဖူးတယ်။ ဒါလည်း ကျွန်တော်အတွက် အဆင့်ပြေပါတယ်။ ဒါက ကိုယ့်ရဲ့ ခန္ဓာကိုယ် ကြံ့ခိုင်မှုပါပဲ။ ကျွန်တော်က အားလပ်ရက်မှာလည်း လေ့ကျင့်ခဲ့ပါတယ်”လို့ ပေါ့ဂ်ဘာက ဆိုပါတယ်။

ရီးယဲလ်မက်ဒရစ်က ခရစ္စတီယာနို ရော်နယ်လ်ဒိုနဲ့ ဂါရတ်ဘေးလ်တို့ရဲ့ စံချိန်တင် ပြောင်းရွှေ့ကြေးတွေကို ကျော်တက်ကာ မန်ယူအသင်းက ပေါ့ဂ်ဘာကို ကနေဦး ပြောင်းရွှေ့ကြေး ပေါင် (၈၉) သန်းကို ကုန်ကျခံပြန်လည် ခေါ်ယူခဲ့ပါတယ်။

“ကျွန်တော်က ဘောလုံးကို ပျော်ပျော်ရွှင်ရွှင် ကစားဖို့ပါပဲ။ ပြောင်းရွှေ့ကြေးနဲ့ ပတ်သတ်တဲ့အကြောင်းကို တွေးတောင်မတွေးဘူး။ ကျွန်တော့် ရည်မှန်းချက်က အမြဲတမ်း နံပါတ်(၁) ဖြစ်နေဖို့နဲ့ အကောင်းဆုံးဖြစ်နေဖို့ပါပဲ။ ဒီကြောင့် ရည်ရွယ်ချက်က ပရီးမီးလိဂ်ဖလား ဆွတ်ခူးဖို့ ဖြစ်ပါတယ်။ ကျွန်တော်တို့ လာမယ့်ရာသီ ချန်ပီယံလိဂ်ပြိုင်ပွဲဆီ ပြန်လာနိုင်ဖို့ လိုပါတယ်။ ဘာကြောင့်လဲဆိုတော့ အဲဒီလိုနေရာမျိုးမှာ ကျွန်တော်တို့ ရှိနေဖို့ပါပဲ”ဟု ပေါ့ဂ်ဘာက ပြောပါတယ်။

Ref; Skysports

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly

Tags