မန်ယူနှင့်သုံးနှစ်စာချုပ်ရန် ရှဝိန်းစတိုင်ဂါ သဘောတူညီမှုရ

မန်ယူနှင့်သုံးနှစ်စာချုပ်ရန် ရှဝိန်းစတိုင်ဂါ သဘောတူညီမှုရ

ဇူလိုင် ၁၁၊ မန်ချက်စတာ။ ။ ဘိုင်ယန်မြူးနစ်ကွင်းလယ်ကစားသမား ရှဝိန်းစတိုင်ဂါသည် မန်ယူအသင်းတွင် ဆရာဟောင်းဗန်ဟားလ်နှင့်ပြန်လည်လက်တွဲရန် သဘောတူ ညီမှုရခဲ့ပြီဖြစ်သည်။

ဘိုင်ယန်မြူးနစ်တွင်ရနေသော လစာအတိုင်း တစ်နှစ်လျှင် ပေါင် ၇ ဒသမ ၂ သန်းခန့်ရရှိနိုင်မည့် သုံးနှစ်စာချုပ်အတွက် ဂျာမနီကွင်းလယ် ကစားသမားကဆုံးဖြတ်ချက်ချဖြစ်ခဲ့ရာ၌ ဗန်ဟားလ်ကအဓိကကျခဲ့ဖွယ်ရှိသည်ဟု ယူဆရသည်။

အသက် ၃၀ အရွယ်ရှိ ရှဝိန်းစတိုင်ဂါသည် မန်ယူသို့ပြောင်းချင်သည်ဟု ဘိုင်ယန်မြူးနစ်နည်းပြ ဂွါဒီယိုလာကိုအသိပေးထားပြီး မန်ချက်စတာ သို့သွားကာ ဆေးစစ်မှုခံရန်နှင့်စာချုပ်ရန်အသင့်ဖြစ်သည်ဟု ဂျာမန်သတင်းစာ ဘေ့ကဖော်ပြသည်။

ပြောင်းရွှေ့ကြေးညှိနှိုင်းရန်သာကျန်ရှိနေပြီး ဘိုင်ယန်မြူးနစ်အသင်းက ပေါင် ၁၅ သန်းနှင့်အထက်လိုချင်နေသော်လည်း မန်ယူအသင်းကမူ ကစားသမား၏ အသက်အရွယ်၊ စာချုပ်သက်တမ်းတစ်နှစ်ကျန်ရှိမှုများကို သုံးသပ်လျှက်ရှိသည်။

သို့သော်လည်း အသင်းအတွက် ၁၇ နှစ်သားအရွယ်ကတည်းကပေးဆပ်ခဲ့သည့် ကစားသမား၏ဆန္ဒကို ဘိုင်ယန်မြူးနစ်အသင်းက ပိတ်ပင် လိမ့်မည်မဟုတ်ဘဲ ထိုက်သင့်သည့်ပြောင်းရွှေ့ကြေးအတွက် ညှိနိူင်းပေးရန်အသင့်ရှိနေသည်။

မန်ယူအသင်းသည် အတွေ့အကြုံရင့်ကွင်းလယ်ကစားသမားကို ရက်သတ္တပတ်များစွာဆွဲဆောင်ခဲ့သော်လည်း ဘိုင်ယန်၏ နှစ်နှစ်စာချုပ် ကမ်းလှမ်းမှုကို ရှဝိန်းစတိုင်ဂါက ငြင်းဆန်လိုက်ပြီးနောက်မှသာ အခြေအနေကောင်းလာခဲ့ခြင်းဖြစ်သည်။

ရည်ညွှန်း ဒေးလီးမေးလ်

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly