တူရကီတွင် ကားဗုံးပေါက်ကွဲမှု နှစ်ကြိမ် ဖြစ်ပွားခဲ့ရာ ခြောက်ဦးသေဆုံးပြီး ထိခိုက်ဒဏ်ရာရသူ အနည်းဆုံး ၂၁၉ ဦးထိ ရှိနေ

တူရကီတွင် ကားဗုံးပေါက်ကွဲမှု နှစ်ကြိမ် ဖြစ်ပွားခဲ့ရာ ခြောက်ဦးသေဆုံးပြီး ထိခိုက်ဒဏ်ရာရသူ အနည်းဆုံး ၂၁၉ ဦးထိ ရှိနေ

သြဂုတ် ၁၈ ။      ။ တူရကီ နိုင်ငံတွင် ရဲစခန်းနှစ်ခုကို ပစ်မှတ်ထားလုပ်ဆောင်ခဲ့သော ကားဗုံးကွဲမှုနှစ်ခုကြောင့် ခြောက်ဦးထက် မနည်း သေဆုံးသွားပြီး စုစုပေါင်း ၂၁၉ ဦးထိ ဒဏ်ရာရရှိသွားကြောင်း အာဏာပိုင်များက သြဂုတ် ၁၈ ရက်တွင် ပြောသည်။

နိုင်ငံအရှေ့ပိုင်း Van Late ပြည်နယ်ရှိ ရဲစခန်းတစ်ခုကို သြဂုတ် ၁၇ ရက်က ကားဗုံးခွဲတိုက်ခိုက်ခဲ့ရာ ရဲဝန်ထမ်းတစ်ဦးနှင့် အရပ်သားနှစ်ဦး သေဆုံးခဲ့သည်။ ယင်းဖြစ်စဉ်တွင် ထိခိုက်ဒဏ်ရာရသူ ၇၃ ဦးထိ ရှိခဲ့ပြီး အရပ်သား ၅၃ ဦးနှင့် ရဲဝန်ထမ်း ၂၀ တို့ဖြစ်ကြကြောင်း သိရသည်။

သြဂုတ် ၁၈ ရက်တွင်လည်း အရှေ့ပိုင်းမြို့ Elazig တွင် ရဲဌာနချုပ်အဆောက်အအုံတစ်ခု၏ နောက်ထပ်ကားဗုံးခွဲတိုက်ခိုက်မှုတစ်ခု ထပ်မံဖြစ်ပွားခဲ့ရာ အနည်းဆုံး ရဲ သုံးဦးသေဆုံးခဲ့ကြောင်းနှင့် ၁၄၆ ဦးထိ ဒဏ်ရာအသီးသီး ရရှိသွားကြောင်း အာဏာပိုင်များက ပြောသည်။ ၎င်းဒဏ်ရာရရှိသူများထဲမှ ၁၄ ဦး အခြေအနေစိုးရိမ်ရသည်ဟု သိရသည်။

ယခုဖြစ်စဉ်များနှင့် ပတ်သက်၍ နိုင်ငံတွင် ရဲစခန်းများ သို့မဟုတ် လမ်းဘေးရပ် ရဲကားများကို ပစ်မှတ်ထားတိုက်ခိုက်မှုများလုပ်ဆောင်ထားခဲ့သော ကာဒစ်ရှန် အလုပ်သမားပါတီ PKK အပေါ် တူရကီအာဏာပိုင်များက ပြစ်တင်ပြောကြားထားသည်။  PKK တပ်မှူး စီမယ်လ် ဘာယစ်ကလည်း နိုင်ငံတွင် ရဲများကို ပစ်မှတ်ထား တိုက်ခိုက်မှုများ တိုးမြင့်လုပ်ဆောင်သွားမည်ဖြစ်ကြောင်း ခြိမ်းခြောက်ပြောဆိုထားသူဟု သိရသည်။

အဆိုပါ PKK အုပ်စုနှင့် အစိုးရတပ်များအကြား ငြိမ်းချမ်းရေး သဘောတူမှု ပျက်ပြားထားခဲ့ပြီးနောက်ပိုင်း ယမန်နှစ်က နှစ်ဘက်အကြား အပြန်အလှန်တိုက်ခိုက်မှုများ ပြန်လည်အရှိန်မြင့်လာခဲ့သည်။

 

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly

Tags