ဗိုလ်ချုပ်အောင်ဆန်းဒိုင်း ရှုံးထွက်ဖလားပြိုင်ပွဲရှိ၍ လိဂ်-၂ ပွဲစဉ်များ တစ်ပတ် ရပ်နား

ဗိုလ်ချုပ်အောင်ဆန်းဒိုင်း ရှုံးထွက်ဖလားပြိုင်ပွဲရှိ၍ လိဂ်-၂ ပွဲစဉ်များ တစ်ပတ် ရပ်နား
လိဂ်-၂ ပွဲစဉ်တစ်ပွဲဖြစ်သည့် Horizon အသင်းနှင့် Best United အသင်းတို့ အကြိတ်အနယ် ကစားဟန်(ဓာတ်ပုံ-သောကြာ)

ဇူလိုင် ၁၁၊ ရန်ကုန်။ ။ ၂၀၁၅ မြန်မာနေရှင်နယ်လိဂ်-၂ အမှတ်ပေးဘောလုံးပြိုင်ပွဲ ပထမအကျော့ပွဲစဉ်များကို ဇွန် ၂၆ ရက်မှ စတင်ကာ ပြန်လည် ကျင်းပ နေပြီဖြစ်သော်လည်း ၂၀၁၅ ဗိုလ်ချုပ်အောင်ဆန်း ရှုံးထွက်ဖလား၊ ဒုတိယအဆင့်ပြိုင်ပွဲများ ကျင်းပရန် ရှိသောကြောင့် နေရှင်နယ်လိဂ်-၂ ဘောလုံးပွဲစဉ်များကို တစ်ပတ် ရပ်နားခဲ့သည်။

လက်ရှိအချိန်တွင် နေရှင်နယ်လိဂ်-၂ ဘောလုံးပြိုင်ပွဲ ပွဲစဉ် ၁၁ အထိ ကစားထားပြီး ပွဲစဉ် ၁၂ ပွဲစဉ်များကို လာမည့် ဇူလိုင် ၁၆၊ ၁၇၊ ၁၈ ရက်များတွင် ပြန်လည်ကျင်းပသွားမည်ဖြစ်သည်။ ၂၀၁၅ ဗိုလ်ချုပ်အောင်ဆန်း ရှုံးထွက်ဖလား၊ ဒုတိယ အဆင့် ပြိုင်ပွဲတွင် မြန်မာနေရှင်နယ်လိဂ်-၂ မှ Horizon အသင်း၊ GFA အသင်း၊ တက္ကသိုလ်လက်ရွေးစင်အသင်းနှင့် ဆောက်သမ်း အသင်းစသည့် အသင်းလေးသင်း တက်ရောက်ကစားခွင့်ရထားသည်။

ဗိုလ်ချုပ်အောင်ဆန်း ရှုံးထွက်ဖလား ပထမအဆင့် တွင် Horizon အသင်းက မောရဝတီအသင်းကို ၂-၀ ဂိုး၊ GFA အသင်းက မြဝတီအသင်းကို ၂-၁ ဂိုး၊ တက္ကသိုလ်လက်ရွေး စင်အသင်းက ငွေကြယ်ပွင့်အသင်းကို ၄-၂ ဂိုး၊ ဆောက်သမ်းအသင်းက Best United အသင်းကို ၂-၀ ဂိုးများဖြင့် အသီးသီး အနိုင်ရကာ ဒုတိယအဆင့်သို့ တက်နိုင်ခဲ့ခြင်းဖြစ်သည်။

ဗိုလ်ချုပ်အောင်ဆန်းဒိုင်း ရှုံးထွက်ဖလား ဒုတိယအဆင့်တွင် Horizon အသင်းက ရတနာပုံအသင်းနှင့် ပွဲကျပ်ကစားရမည်ဖြစ်သလို GFA အသင်းမှာလည်း ရန်ကုန်အသင်းနှင့် ပွဲကျပ်ကစားရမည် ဖြစ်သည်။ တက္ကသိုလ်လက်ရွေးစင်အသင်းက ဧရာဝတီအသင်းနှင့် ကစားရမည်ဖြစ်ပြီး ဆောက်သမ်းအသင်းမှာ မနောမြေ အသင်းနှင့် ယှဉ်ပြိုင်ကစားရမည်ဖြစ်သည်။

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly