နိုင်ငံတကာ လွတ်ငြိမ်းချမ်းသာခွင့်အဖွဲ့က အိန္ဒိယရှိ ရုံးများကို ပိတ်ထားမည်

နိုင်ငံတကာ လွတ်ငြိမ်းချမ်းသာခွင့်အဖွဲ့က အိန္ဒိယရှိ ရုံးများကို ပိတ်ထားမည်

နယူးဒေလီ၊ သြဂုတ် ၁၈ ။        ။ နိုင်ငံတကာလွတ်ငြိမ်းချမ်းသာခွင့်အဖွဲ့အနေဖြင့် အစိုးရဆန့်ကျင်ရေးလှုပ်ရှားမှုများကို အားပေးနေကြောင်း စွပ်စွဲခံထားရသဖြင့် အဆိုပါအဖွဲ့က ဝန်ထမ်းများ၏ လုံခြုံရေးအတွက် ၎င်းတို့၏ အိန္ဒိယနိုင်ငံရှိ ရုံးများကို ယာယီပိတ်ထားမည်ဖြစ်ကြောင်း သြဂုတ် ၁၈ ရက်တွင် ထုတ်ပြန်လိုက်သည်။

အိန္ဒိယလုံခြုံရေးတပ်ဖွဲ့ဝင်များ၏ အနိုင်ကျင့်တိုက်ခိုက်မှုများအပေါ် ကက်ရှ်မီးယားဒေသ၌ အခမ်းအ နားတစ်ခုပြုလုပ်ခဲ့ရာတွင် လွတ်ငြိမ်းချမ်းသာခွင့်အဖွဲ့က အစိုးရအား အမုန်းတရားဖြစ်စေရန် လုပ်ဆောင်ခဲ့ကြောင်း နိုင်ငံရေးတက်ကြွလှုပ်ရှားသူများက စွပ်စွဲကာ ဆန္ဒပြမှုများ လုပ်ဆောင်ခဲ့သည်။

အိန္ဒိယလက်ရှိ  အာဏာရပါတီအား ထောက်ခံထားသော လက်ယာယိမ်းကျောင်းသား အဖွဲ့အစည်းတစ်ခု တိုင်ကြားမှုကို ရရှိပြီးနောက် ကက်ရှ်မီးယားတွင် ပြုလုပ်ခဲ့သည့် အခမ်းအနား၌ အိန္ဒိယဆန့်ကျင်ရေး ကြွေးကြော်မှုများ ပြုလုပ်ခဲ့ခြင်း ရှိ၊မရှိအား စုံစမ်းစစ်ဆေးသွားမည်ဟု ရဲတပ်ဖွဲ့က ပြောကြားသည်။

စွပ်စွဲမှုများသည် အခြေအမြစ်ခိုင်ခိုင်လုံလုံမရှိကြောင်း သို့သော်  သြဂုတ် ၁၃ ရက်က ပြုလုပ်ခဲ့သည့် အခမ်းအနားတွင်း  လူအချို့က ကက်ရှ်မီးယားဒေသအား လွတ်လပ်ရေးပေးရန်   တောင်းဆို အော်ဟစ်မှုများရှိခဲ့ကြောင်း အိန္ဒိယနိုင်ငံတကာ လွတ်ငြိမ်းချမ်းသာခွင့်အဖွဲ့က ပြောကြားသည်။

“တိုင်ကြားထားတဲ့အထဲမှာ စွပ်စွဲတာတွေက အခြေအမြစ်မရှိပါဘူး။ တံခါးပိတ်အခမ်းအနားမဟုတ်လို့ လူတွေအဝင်အထွက်ရှိပါတယ်။ ကျွန်မတို့ဆီက ဝန်ထမ်းတွေ အော်ခဲ့တာမဟုတ်ပါဘူး” ဟု အဆိုပါအဖွဲ့က အမျိုးသမီးအရာ ဟီမန်ရှိမတ္တာက ပြောကြားသည်။

သြဂုတ် ၁၇ ရက်က ဘင်ဂါလူရူမြို့နှင့်  ၁၈ ရက်က ဒေလီတွင် ပြုလုပ်ခဲ့သည့် ဆန္ဒပြပွဲများတွင် လက်ယာယိမ်းတက်ကြွလှုပ်ရှားသူများ ပါဝင်ခဲ့ပြီး ပူနေး၊ နယူးဒေလီနှင့် ချန်နိုင်းမြို့ကြီးများရှိ   နိုင်ငံတကာ လွတ်ငြိမ်းချမ်းသာခွင့်အဖွဲ့၏ ရုံးများကို ပိတ်ထားလိုက်ကြောင်း မတ္တာက ပြောကြား သည်။

အိန္ဒိယအစိုးရအုပ်ချုပ်သည့် အပိုင်းရှိ ကက်ရှ်မီးယားဒေသတွင် လွန်ခဲ့သည့် ရက် ၄၀ ခန့်က ဆန္ဒပြပွဲများ ဖြစ်ပွားခဲ့ရာ အရပ်သားနှင့် လုံခြုံရေးတပ်ဖွဲ့ဝင်များ နှစ်ဖက်စလုံးမှ ၆၄ ဦးထက် မနည်း သေဆုံးခဲ့ပြီး တင်းကြပ်သော ညမထွက်ရအမိန့် ထုတ်ပြန်ထားသည်။

 

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly

Tags