၂၁ ပင်လုံညီလာခံကို တက်ရောက်ရန်အသင့်ရှိကြောင်း တိုင်းရင်းသား လက်နက်ကိုင်အဖွဲ့ ၃ဖွဲ့ ကြေညာ

၂၁ ပင်လုံညီလာခံကို တက်ရောက်ရန်အသင့်ရှိကြောင်း တိုင်းရင်းသား လက်နက်ကိုင်အဖွဲ့ ၃ဖွဲ့ ကြေညာ

ရန်ကုန် ၊ သြဂုတ် ၁၈ ။              ။ သြဂုတ်လ ၃၁ ရက်နေ့တွင် ကျင်းပမည့် ၂၁ ပင်လုံညီလာခံသို့ တက်ရောက်ဖို့ အဆင်သင့် ရှိနေကြောင်း ကိုးကန့်၊ ပလောင်နှင့် ရခိုင်တိုင်းရင်းသား လက်နက်ကိုင်အဖွဲ့ ၃ဖွဲ့က ထုတ်ပြန်ကြေညာ လိုက်သည်။

၎င်းတို့အနေဖြင့် တပ်မတော်နှင့် အပြန်အလှန် ပစ်ခတ်နေမှုများကို ရပ်စဲပြီး တစ်နိုင်ငံလုံး အပစ်အခတ်ရပ်စဲရေး၊ ဒေသတည်ငြိမ်အေးချမ်းရေး၊ ဖွံ့ဖြိုးတိုးတက်ရေး၊ အမျိုးသားပြန်လည် သင့်မြတ်ရေးတို့ကို နိုင်ငံရေးတွေ့ဆုံဆွေးနွေးသည့် နည်းလမ်းဖြင့် အကောင်အထည်ဖော်ဆောင်ရွက်ရန် ဆန္ဒအပြည့်အဝရှိကြောင်း အဆိုပါ ထုတ်ပြန်ချက်တွင်ဖော်ပြပါရှိသည်။

သြဂုတ်လ ၃၁ ရက်နေ့တွင် ကျင်းပမည့် ပြည်ထောင်စု ငြိမ်းချမ်းရေးညီလာခံ (၂၁ ရာစု ပင်လုံ)ကို သက်ဆိုင်သူအားလုံး ပါဝင်ရေးမူဖြင့် ပြည်ထောင်စု ငြိမ်းချမ်းရေး ဆွေးနွေးမှု ပူးတွဲကော်မတီ (UPDJC) က သြဂုတ်လ ၁၅ ရက်တွင် အတည်ပြု သတ်မှတ်ပေးခဲ့ပြီး ဖြစ်သည်။

ကိုးကန့်(MNDAA)၊ ပလောင်(TNLA) နှင့် ရခိုင်(AA) တို့မှာ အစိုးရနှင့် တနိုင်ငံလုံး ပစ်ခတ်တိုက်ခိုက်မှုရပ်စဲရေးစာချုပ် (NCA) ချုပ်ဆိုထားခြင်း မရှိသည့် တိုင်းရင်းသားလက်နက်ကိုင်အဖွဲ့များဖြစ်သည်။

သြဂုတ်လ ၉ ရက်နေ့က ပြည်ထောင်စု ငြိမ်းချမ်းရေးကော်မရှင် ဒုဥက္ကဌ ဦးသိန်းဇော်၊ အတွင်းရေးမှူး အငြိမ်းစား ဒုဗိုလ် ချုပ်ကြီး ခင်ဇော်ဦးနှင့် အကြံပေး ဦးအောင်ကြည်တို့ ၃ ဦးနှင့် TNLA မှ ဥက္ကဌ တာအိုက်ဘုန်း၊ AA မှ ဗိုလ်မှူးချုပ် ထွန်းမြတ်နိုင်၊ MNDAA မှ အထွေထွေအတွင်းရေးမှူး ဦးထွန်းမြတ်လင်းတို့  ၂၁ရာစု ပင်လုံညီလာခံ တက်ရောက်နိုင်ရေးအတွက်
မိုင်းလားအထူးဒေသတွင် တွေ့ဆုံ ဆွေးနွေးမှုများပြုလုပ်ခဲ့သည်။

ယင်း တွေ့ဆုံဆွေးနွေးမှုတွင် အစိုးရဘက်မှ လက်နက်ကိုင်အဖွဲ့ ၃ဖွဲ့အား “လက်နက်ကိုင် နည်းလမ်းကို အပြီးတိုင် ချုပ်ငြိမ်းဖို့ အပြည့်အဝ ဆန္ဒရှိပြီး လက်နက်ကိုင်ဆောင်မှုကိုထိန်းချုပ်ရန်   ဆွေးနွေးမည်ဆိုသည့် အချက်အား သဘောတူကြောင်း ကြေငြာချက် ထုတ်ပြန်ရန် ပြောဆိုခဲ့သည့်အတွက် ဆွေးနွေးမှု အောင်မြင်မှုမရရှိခဲ့ပေ။

ယင်းကဲ့သို့ ထုတ်ပြန်ကြေညာပါက အဆိုပါ အဖွဲ့ ၃ဖွဲ့အနေဖြင့် ၂၁ရာစု ပင်လုံညီလာခံအား လက်နက်စွန့်ရန်မလိုဘဲ တက်ရောက်နိုင်မည်ဟု အငြိမ်းစား ဒုတိယ ဗိုလ်ချုပ်ကြီး ခင်ဇော်ဦးက    ပြည်ပသတင်းဌာနတစ်ခုနှင့် အင်တာဗျူး တစ်ခုတွင် ဖြေကြားထားသည်။

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly