ကိုင်းဖျားကိုင်းနား ပြောင်းလဲမှုမှသည် ပင်စည်ပင်မ ပြောင်းလဲမှုဆီသို့

ကိုင်းဖျားကိုင်းနား ပြောင်းလဲမှုမှသည် ပင်စည်ပင်မ ပြောင်းလဲမှုဆီသို့

ရန်ကုန်မြို့တော်ဝန်က သူ၏ လူမှုကွန်ရက်စာမျက်နှာပေါ်တွင် စာတစ်ပုဒ် မနေ့တစ်နေ့က ရေးတင်ခဲ့ပါသည်။ ရန်ကုန်မြို့အတွင်း အခြေခံလူတန်းစားများ ကျင်လည်သွားလာရာ လမ်းတချို့ပေါ် လမ်းလျှောက်ရင်း လမ်းဘေးပလက်ဖေါင်းဈေးဆိုင်များအကြောင်း စာတစ်ပုဒ် ရေးတင်ခဲ့၏။ သူ၏ ရည်ရွယ်လိုရင်း အချက်မှာ ရန်ကုန်မြို့ လူစည်ကားရာလမ်းများ၏ ဘေးတစ်ဘက်တစ်ချက်တွင် ပိုင်ရှင်မဟုတ်သော လူတချို့က နေရာတချို့ကို လက်ညှိုးထိုးငှားစားနေသည့်အချက်ကို အဓိက ရည်ရွယ်ညွှန်းဆိုထားသည်ကို ဖတ်လိုက်ကြရ၏။ နောက် သုံးလေးရက်ကြာသောအခါ ယင်းကဲ့သို့ ကိုယ့် ကိုယ်ပိုင်မြေမဟုတ်သည်ကို လက်ညှိုးထိုးငှားစားနေမှုများ စတင်စစ်ဆေးဖယ်ရှားတော့မည်ဖြစ်ကြောင်း သတင်းစာများတွင် ဖတ်ရှုကြရတော့၏။

ရွေးကောက်ပွဲပြီးနောက် ပေါ်ပေါက်လာသော အစိုးရသစ်လက်ထက်တွင် ပြုပြင်ပြောင်းလဲမှုဆိုင်ရာ ကြိုးပမ်းဆောင်ရွက်ချက်များကို မိမိတို့ပြည်သူများသာမက ကမ္ဘာကပါ လေ့လာစောင့်ကြည့်နေခဲ့ကြ စိတ်ဝင်စားနေခဲ့ကြသည်မှာ လူတိုင်းအသိဖြစ်သည်။ သည်အထဲက ပြီးခဲ့သည့် သြင်္ကန်ရက်အတွင်း လူတစ်စုစီးပွားရေးဆန်သော သြင်္ကန်ပွဲတော်ကို လူထုသြင်္ကန်ဖြစ်လာအောင် ဆောင်ရွက်မှုများ၊ ကွမ်းယာ စားသုံးမှုလျှော့ချရေးကြိုးပမ်းမှုများ၊ အစွန်းရောက်အဖွဲ့အစည်းတချို့အပေါ် ဟန့်တားဆောင်ရွက်မှုများ  အစရှိသည့် အစိုးရ၏ လှုပ်ရှားဆောင်ရွက်မှုများအပေါ် အားပေးထောက်ခံသည့် လက်ခုပ်သံများ ကြားရသလို ဝေဖန်ထောက်ပြမှုများလည်း ရှိခဲ့ပါသည်။ သည်လိုအခြေအနေအတွင်းမှာပင် အစိုးရသစ်၏ ယင်းပြုပြင်ပြောင်းလဲရေး ကြိုးပမ်းမှုများမှာ လူတိုင်းစိတ်ဝင်စားမှု ရှိခဲ့သည်ကိုမူ မည်သူမျှ မငြင်းနိုင်ခဲ့ပါ။

ယခုအခါ အစိုးရသစ်က အချက် ၁၂ ချက်ပါ စီးပွားရေးစီမံချက်မူကြမ်း ထုတ်ပြန်ကြေညာခဲ့ပြီဖြစ်သည်။ ဒါကိုလည်း ကြိုဆိုထောက်ခံသူများရှိသလို ဝေဖန်ထောက်ပြမှုများလည်း မကင်းခဲ့ပါချေ။ အစိုးရ၏ ယင်း စီးပွားရေးစီမံချက်မှာ ယေဘုယျဆန်လွန်းကြောင်း၊ လက်တွေ့အကောင်အထည်ဖေါ်မည်ဆိုလျင် အကောင်အထည်ဖေါ်ကြရမည့် အောက်ခြေတာဝန်ရှိသူများအတွက် နည်းနာအရ အခက်အခဲဖြစ်မှာသေချာကြောင်း ထောက်ပြပြောဆိုကြသည်များ ရှိပါသည်။

မည်သို့ပင်ဖြစ်စေ အစိုးရသစ်သည် တိုင်းပြည်ပြုပြင်ပြောင်းလဲရေးကို အဓိက ဦးတည်ချက်ထား ဆောင်ရွက်လာနေသည်ဆိုသည့်အချက်ကိုမူ အသိအမှတ်ပြုကြရမည်ဖြစ်သည်။ ပြုပြင်ပြောင်းလဲရေးကို ဦးဆောင်ကြသည့် ပုဂ္ဂိုလ်တစ်ဦးချင်း အနေအထားမှာလည်း ကိုယ်ကျိုးစီးပွား ကင်းရှင်းမှုနှင့် လူတန်းစားရပ်တည်ချက် မှန်ကန်သည်ဆိုသည့်အချက်ကိုလည်း မိမိတို့ မငြင်းပယ်နိုင်ပါ။ လောလောဆယ်တွင် ယင်းပုဂ္ဂိုလ်များမှာ အဂတိလိုက်စားမှု ကင်းရှင်းလျက်ရှိပြီး တိုင်းပြည်နှင့် လူမျိုးအကျိုးရှိရာရှိကြောင်း၊ တနည်းအားဖြင့် လူထုဘက်မှ ရပ်တည်စဉ်းစား ဆောင်ရွက်လာနေကြပြီဖြစ်သည်ဆိုသည့် လူတန်းစားရပ်တည်ချက်ကိုလည်း အထင်အရှားမြင်နေကြရ၏။ ထို့ကြောင့် မိမိတို့အနေနှင့် လက်ရှိအစိုးရ၏ ပြုပြင်ပြောင်းလဲမှု ကြိုးပမ်းမှုများကို မူအရ ထောက်ခံကြိုဆိုရပါမည်။

စဉ်းစားရမည့်အချက်တော့ ရှိပါသည်။ လက်ရှိအစိုးရသည် တိုင်းပြည်ပြုပြင်ပြောင်းလဲရေး အလုပ်များလုပ်ကိုင်သည့်အခါ အခြေခံပြုပြင်ပြောင်းလဲရေးအလုပ်များကို မကိုင်တွယ်ဘဲ အခြေခံမှားယွင်းမှုများကြောင့် ဖြစ်ပေါ်လာခဲ့ရသည့် အပရိက ပြဿနာများကိုသာ ဦးစားပေးလုပ်ကိုင်နေသလိုများ ဖြစ်နေသည်လား ဟူသည့် စဉ်းစားချက်တော့ ရှိပါသည်။ ဥပမာအားဖြင့်ဆိုလျင် လမ်းဘေးဈေးသည်များကိစ္စ၊ ဆေးလိပ်ကွမ်းရာ လျှော့ချရေးကိစ္စလို အခက်အလက်ပြဿနာမျိုးကို ဆိုလိုပါသည်။ တိုင်းပြည်၏ စီးပွားရေး၊ ပညာရေးနှင့် အခြေခံဥပဒေပြုပြင်ပြောင်းလဲရေးတည်းဟူသော အခြေခံကျသည့် ပြုပြင်ပြောင်းလဲရေးအလုပ်များ လုပ်ကိုင်ဖို့ရာ လက်တွန့်နေသေးသည်လောဟု တွေးရမလိုဖြစ်သည်။

မှန်ပါသည်။ ယင်း အခြေခံပြုပြင်ပြောင်းလဲမှုလုပ်ငန်းများ လုပ်ဆောင်ဖို့ရာ အကောင်အထည်ပေါ်လာဖို့ရာ အချိန်ကာလအားဖြင့် နည်းနေသေးသည်ဆိုသည်မှာ မှန်ပင်မှန်သော်ငြားလည်း သက်ဆိုင်ရာနယ်ပယ်အသီးသီး၏ ပွင့်လင်းမြင်သာစွာ မူဝါဒရေးဆွဲထုတ်ပြန်မှုနှင့် အစပျိုးလုပ်ဆောင်မှုများ အရိပ်အယောင်မျှတော့ ပေါ်လွင်လာသင့်ပြီဟု ယူဆမိသည်။

နိဂုံးချုပ်ရလျင် ရန်ကုန်မြို့တော်ဝန်၏ လမ်းဘေးဈေးသည်များကိစ္စ စဉ်းစားချက်၊ အရေးယူဆောင်ရွက်ချက်များသည် ကောင်းပါသည်။ သို့သော် လမ်းသွားလမ်းလာများ စိတ်ညစ်ရလောက်အောင်၊ ပတ်ဝန်ကျင် ညစ်နွမ်းအောင်၊ မတော်လောဘ ဖြစ်လာရအောင်၊ အဂတိလိုက်စားမှုများ လမ်းခင်းပေးသလိုဖြစ်ရအောင် လမ်းခင်းပေးသည့်သူများမှာ ကိုယ့်မြေကိုယ့်အိမ်ရာမဟုတ်ဘဲ လက်ညှိုးထိုးရောင်းချ၊ ငှားရမ်းအမြတ်ထုတ်နေသော သူလိုငါလို လမ်းဘေးက လူလည်လူနပ်လူရှုပ်များကြောင့် ဖြစ်သည်ဆိုသည်လောက်နှင့်တော့ တိုင်းပြည်ပြုပြင်ပြောင်းလဲမှုလုပ်ငန်းကြီးမှာ အောင်မြင်အောင် အကောင်အထည်ဖေါ်နိုင်မည် မဟုတ်ပါ။ ငါးပွက်ရာ ငါးစာချ၊ ဆန်စင်ရာကျည်ပွေ့လိုက်လုပ်သည့် အလုပ်လောက်နှင့်လည်း တိုင်းပြည်ပြုပြင်ပြောင်းလဲရေး လုပ်ငန်းကြီးကို  အောင်မြင်အောင်   ဆောင်ရွက်နိုင်မည်မဟုတ်ပါ။

ယင်းကဲ့သို့သော မတော်လောဘ၊ အဂတိလိုက်စားမှု၊ လိမ်ညာစားသောက်မှု၊ ကိုယ့် ကိုယ်ပိုင်ပစ္စည်း၊ ကိုယ်ပိုင်နေရာ မဟုတ်သည်များကို လက်ညှိုးထိုးရောင်း၊ လက်ညှိုးထိုးငှားစားချင်သည့် လူလိမ်၊ လူနပ်၊ လူ့အညွန့်ခူးစားသည့် စိတ်ဓါတ်များဆိုသည်မှာလည်း မိုးပေါ်က သူ့အလိုလို ကျလာသည့် စိတ်ဓါတ်များ မဟုတ်ပါ။  ယင်းမှားယွင်း နိမ့်ကျသည့်စိတ်ဓါတ်များမှာ တချိန်တုန်းက တိုင်းပြည်သယံဇာတများ၊ အခွင့်အာဏာများကို မိမိဘိုးဘွားပိုင်လိုသဘောထားကာ ထင်သလို လက်ညှိုးထိုးရောင်းစားခဲ့ကြသော၊ ထင်သလို ချယ်လှယ်ခဲ့ကြသော စစ်အာဏာရှင်များရဲ့ အပြုအမူ စိတ်ဓါတ်များ အောက်ခြေအထိ ရောက်ရှိကူးစက်လာရာက ဆင့်ပွားပေါ်ပေါက်လာသော စိတ်ဓါတ်များသာလျင် ဖြစ်သည်ကို ရှင်းလင်းစွာ မြင်ဖို့ လိုအပ်ပါသည်။ သို့မှသာ ကောက်ရိုးပုံကြား ကျပျောက်သည့်အပ်တစ်ချောင်းကို ခါးတောင်းကျိုက်ပြီး ရှာမိသည့်အဖြစ်မှ လွတ်ကင်းပြီး ပင်မအခြေခံ ပြုပြင်ပြောင်းလဲမှုကို တွေ့နိုင်မြင်နိုင်ကြမည် ဖြစ်ပါသည်။

ထို့ကြောင့် တိုင်းပြည် ပင်စည်ပင်မ အခြေခံပြုပြင်ပြောင်းလဲရေးနှင့် အကိုင်းအခက် ပြုပြင်ပြောင်းလဲရေးကို ကွဲပြားခြားနားစွာ၊  သိမြင်ဆောင်ရွက်နိုင်ပါစေကြောင်း အကြံပြုလိုက်ပါသည်။

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly