နာဂဒေသတွင် ကူးစက်ရောဂါကြောင့် သေဆုံးသူ လေးပုံ သုံးပုံမှာ ၁၂ နှစ်အောက် ကလေးများဖြစ်

နာဂဒေသတွင် ကူးစက်ရောဂါကြောင့် သေဆုံးသူ လေးပုံ သုံးပုံမှာ ၁၂ နှစ်အောက် ကလေးများဖြစ်

ရန်ကုန်၊ သြဂုတ် ၁၈ ။        ။ နာဂဒေသတွင်ဖြစ်ပွားနေသည့် ကူးစက်ရောဂါ (ဝက်သက်) ကြောင့် သေဆုံးမှု၏ လေးပုံ သုံးပုံမှာ ၁၂ နှစ်အောက် ကလေးများဖြစ်ကြောင်း သြဂုတ်လ ၁၆ရက်က Orchid Hotel တွင်ပြုလုပ်သည့် သတင်းစာရှင်းလင်းပွဲတွင် ပြောကြားသည့် အချက်အလက်များအရ သိရသည်။

၎င်းအချက်အလက်များအရ သြဂုတ်လ ၁၂ ရက်ထိ သေဆုံးမှု ၄၂ ဦးရှိပြီး ၃၃ ဦးမှာ ၁၂နှစ်အောက်ကလေးငယ်များဖြစ်သည်။ သေဆုံးသူ ၄၂ ဦးအနက် ကလေးများအပါဝင်၂၅ ဦးမှာ ထန်ခေါ်လားမား ကျေးရွာမှဖြစ်သည်။

လက်ရှိ နာဂဒေသရှိကလေးများတွင် (ဝက်သက်) ကာကွယ်ဆေးထိုးထားမှုမရှိခြင်းနှင့် ရောဂါဖြစ်သည့် ရွာအများစု၌ မတ်လကုန်ခန့်မှ စားနပ်ရိက္ခာပြတ်လပ်သွားသည်ဟု ဦးနော်အောင်ဆန်းမှပြောသည်။

နာဂဒေသအပါဝင် စစ်ကိုင်းတိုင်းဒေသကြီးတစ်ခုလုံးတွင် ဝက်သက်ကာကွယ်ဆေး ၉၄% ထိုးပြီးကြောင်း လက်ခံရရှိထားသည်ဟု ကျန်းမာရေးအရာရှိတစ်ဦးမှ မီဒီယာတစ်ခုသို့ ပြောကြားခဲ့ဖူးသည်ဟု နာဂအမျိုးသားရေးရာကောင်စီမှ အထွေထွေအတွင်းရေးမှူး ဦးနော်အောင်ဆန်းမှ မဇ္ဈိမကိုပြောသည်။ သို့သော် ယင်းသို့ပြောကြားခဲ့သည့် အချိန်ကာလ အတိအကျကိုမူ ၎င်းက မမှတ်မိဟုဆိုသည်။

"၉၄ ရာခိုင်နှုန်း ထိုးပြီးတယ်ဆိုတော့ ကျန်တဲ့ ၆ ရာခိုင်နှုန်းက ကျွန်တော်တို့နာဂဒေသမှာ မထိုးဖြစ်တဲ့ဟာဖြစ်လိမ့်မယ် ” ဟု ဦးနော်အောင်ဆန်းမှဆိုသည်။

ကာကွယ်ဆေး၏ အာနိသင်မှာ ရောဂါ၏ ၈၅ ရာခိုင်နှုန်းသာ ကာကွယ်နိုင်ကြောင်း နေပြည်တော်ကူးစက်ရောဂါတိုက်ဖျက်ရေးဌာန (ဗဟို) မှ ဒုညွှန်ချုပ် ဒေါက်တာသန်းထွန်းအောင်က ရှင်းပြသည်။

တစ်မြို့နယ်လုံတွင် ၉၄ ရာခိုင်နှုန်းရသော်လည်း ထန်ခေါ်လားမားတွင် ရသည့်ရာခိုင်နှုန်းနည်းသွားနိုင်ကြောင်း ၎င်းကဆက်ပြောသည်။

“ကာကွယ်ဆေးက တစ်မြို့နယ်လုံး ၉၄ ရာခိုင်နှုန်း မှန်တာပေါ့ တစ်ရွာချင်းကျတော့ ၉၄ မဟုတ်ဘူးလေ …(ထန်ခေါ်လားမား) အဲ့ရွာမှာ ၉၄ မရှိဘူး။ ရှိဦးတော့ ၂၅ သောကလေးတွေသည် ကူးစက်နိုင်တယ်။ ဝက်သက်မှာ ၉၄ နဲ့မရဘူး ၉၅ ရာခိုင်နှုန်း နဲ့ အထက်ရမှစိတ်ချရတယ်" ဟု နေပြည်တော်ကူးစက်ရောဂါတိုက်ဖျက်ရေးဌာန(ဗဟို)မှ ဒုညွှန်ချုပ် ဒေါက်တာသန်းထွန်းအောင်က မဇ္ဈိမကိုအတည်ပြုပြောသည်။

မိုးတွင်းကာလသည် ရောဂါအဖြစ်များပြီး လက်ရှိကျန်းမာရေးဝန်ထမ်းများနှင့် မလုံလောက်ကြောင်း နှင့် အရေးပေါ်အခြေနေတွင် လိုအပ်သည့် ကျန်းမာရေးဝန်ထမ်းအရေအတွက်မှာ စာရင်းထဲတွင်သာ ရှိမနေသင့်ဘဲ လူရှိအောင် အစိုးရအနေဖြင့် စီမံခန့်ခွဲရန်လိုအပ်ကြောင်း ဦးနော်အောင်ဆန်းက ပြောသည်။

လက်ရှိ နာဂဒေသတွင် သြဂုတ်လ ၁၆ရက်မှ စတင်၍ အသေအပျောက် မရှိကြောင်းလည်း ၎င်း၏ ပြောကြားချက်အရ သိရသည်။

ဇူလိုင်လ ၂၁ရက်မှ စတင်ကာ နန်းယွန်းနှင့် လဟယ်မြို့နယ်ရှိ ၁၅နှစ်အောက်ကလေး ၁၆၁၄ဦး (ဝက်သက်) ကာကွယ်ဆေးထိုးပြီးကြောင်းသိရသည်။

ကူးစက်ဆရာဝန်၊ ပြည်သူ့ကျန်းမာရေး အထူးကုဆရာဝန် ၁၅ဦး အပါဝင် ၁၈ဖွဲဖြင့် ကလေးအားလုံးကို ကာကွယ်ဆေးထပ်ထိုးပေးရန်နှင့် ဗီတာမင်အေတိုက်ကျွေးလျက်ရှိသည်ဟု ဒေါက်တာ သန်းထွန်းအောင်က ပြောသည်။

မြန်မာနိုင်ငံသည် ၂၀၂၀ ပြည့်နှစ်တွင် ဝက်သက်ရောဂါ ပပျောက်ရေးအတွက် တစ်နိုင်ငံလုံး ကာကွယ်ဆေးထိုးအစီအစဉ်ကို ဆောင်ရွက်နေသည့်နိုင်ငံဖြစ်သည်ဟု သိရသည်။

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly