တရုတ်နှင့် မြန်မာ စီမံကိန်းများ သာတူညီမျှ ရှိဖို့ တရုတ်သတင်းစာပြော

တရုတ်နှင့် မြန်မာ စီမံကိန်းများ သာတူညီမျှ ရှိဖို့ တရုတ်သတင်းစာပြော
ဓါတ်ပုံ- မဇ္ဈိမ

နိုင်ငံတော်အတိုင်ပင်ခံပုဂ္ဂိုလ် ဒေါ်အောင်ဆန်းစုကြည်သည် ယနေ့ သြဂုတ်လ ၁၇ ရက်တွင် တရုတ်သို့ အလည်အပတ်ခရီး ထွက်ခွာသွားပြီဖြစ်သည်။ ယခုခရီးစဉ်မတိုင်မီ အမျိုးသားဒီမိုကရေစီ အဖွဲ့ချုပ်ပါတီ၏ ခေါင်းဆောင်အနေဖြင့် ယမန်နှစ်က တရုတ်သို့ ခရီးစဉ်တစ်ခေါက်ရောက်ရှိထားခဲ့ပြီးဖြစ်သည်။ သူမ၏ ယခုခရီးစဉ်မှာ ဧပြီလ ၁ ရက်က အစိုးရသစ်တက်လာချိန်ကတည်းက အာဆီယံဒေသပြင်ပ၌ တရုတ်သို့ ပထမဆုံးသွားရောက်ခြင်းဖြစ်သည်။

မြန်မာ့ သံတမန်ရေးရာအခန်းကဏ္ဍတွင် တရုတ်တို့က အထူးအခန်းကဏ္ဍတစ်ရပ်မှ ပါဝင်အသုံးတော်ခံထားခဲ့သကဲ့သို့ နိုင်ငံ၏ စီးပွားရေးဖွံ့ဖြိုးတိုးတက်မှုများအပေါ်တွင် အဓိက ထောက်ခံပေးထားခဲ့သည့် နိုင်ငံဖြစ်သည်။ ယင်းအတွက်ကြောင့် နှစ်ဘက်စီးပွားရေးပူးပေါင်းမှု ကိစ္စရပ်များ အထူးသဖြင့် မြန်မာနိုင်ငံတွင် တရုတ်၏ ရင်းနှီးမြုှပ်နှံမှု ကိစ္စ စသည်တို့သည် ယခု ခရီးစဉ်အတွင်း အဓိကဆွေးနွေးသွားမည့်အကြောင်းအရာများဟု ယူဆရသည်။

အိမ်နီးချင်းနိုင်ငံများဖြစ်သည့် အားလျော်စွာ ဒေါ်အောင်ဆန်းစုကြည်က တရုတ်နိုင်ငံကို အရေးပါသည့် အိမ်နီးချင်းအဖြစ် ရှုမြင်ထားသည်။ နှစ်နိုင်ငံအကြား ပူးပေါင်းဆောင်ရွက်မှု တိုးမြှင့်ရာတွင် စီးပွားရေး ပူးပေါင်းမှုများက အဓိကကျလာမည်ဖြစ်သည်။

တရုတ်တို့အနေဖြင့် ပြီးခဲ့သည့် ၂၀၁၁ ခုနှစ်ကတည်းက ထိုင်းနိုင်ငံကို ကျော်ဖြတ်ကာ မြန်မာ၏ အကြီးဆုံး ကုန်သွယ်ဘက်နိုင်ငံဖြစ်လာခဲ့သည်။ နှစ်နိုင်ငံကုန်သွယ်မှုသည် မြန်မာ၏ စုစုပေါင်း နိုင်ငံခြား ကုန်သွယ်မှုပမာဏ၏ သုံးပုံ ပုံတစ်ပုံ ရှိသည်။ အချက်အလက်များအရ ၁၉၈၈ ခုနှစ်မှ ၂၀၁၅ ခုနှစ်အထိ တရုတ်တို့အနေဖြင့် စီမံကိန်းပေါင်း ၁၁၅ ခုတွင် ကန်ဒေါ်လာ ၁၅ ဒသမ ၄၂ ဘီလီယံ ခန့် ရင်းနှီးမြုပ်နှံထားသည်ဟု သိရသည်။

တရုတ်နှင့် စီးပွားရေးတိုးမြင့်ဆက်ဆံခြင်းက နိုင်ငံ၏ စီးပွားရေးနှင့် လူမှု ဆိုင်ရာ ဖွံ့ဖြိုးတိုးတက်မှုအတွက် များစွာ အထောက်အကူပြု တိုးမြင့်စေနိုင်မည်ဖြစ်သည်။ ဥပမာအနေဖြင့် မြန်မာ၏ သယ်ယူပို့ဆောင်ရေး ကဏ္ဍထဲတွင် ကြည့်နိုင်သည်။ ၁၉၉၀ ပြည့်နှစ်နောက်ပိုင်း တရုတ်ကုမ္ပဏီများက ကွန်ကရစ် မြစ်ကူးတံတား ဆယ်စင်းခန့်ကို တည်ဆောက်ပေးထားခဲ့သည့် အတွက် နိုင်ငံအရှေ့ပိုင်းနှင့် အနောက်ပိုင်း သယ်ယူပို့ဆောင်မှုပိုင်းကို အဆင်ပြေချောမွေ့စေခဲ့သည်။ လျှပ်စစ် ဓါတ်အား ထုတ်လုပ်ဖြန့်ဖြူးမှုပိုင်းတွင်လည်း နိုင်ငံ၏ ရဲရွာရေအားလျှပ်စစ် စက်ရုံကို တရုတ်တို့က ကူညီတည်ဆောက်ပေးခဲ့ကာ လျှပ်စစ်ဓါတ်အားဖြန့်ဖြူးမှုပိုင်းကို ကူညီထောက်ပံ့ပေးနိုင်ခဲ့သည်။

အလားတူ တရုတ်တို့လုပ်ဆောင်နေသော One Belt ၊ One Road စီမံချက်တွင်လည်း မြန်မာနိုင်ငံက အရေးပါသော နိုင်ငံတစ်ခုအဖြစ် ပါဝင်နေသည်။ လက်ရှိအချိန်တွင် စင်ကာပူ၊ မလေးရှားစသည့် အခြားသော အာဆီယံနိုင်ငံများနှင့် နှိုင်းယှဉ်ပါက မြန်မာနိုင်ငံသည် ဒေသတွင်း ဖွံ့ဖြိုးတိုးတက်မှုနှုန်း နည်းပါးနေသေးသည်။ ယင်းအခြေအနေတို့ကြောင့် နိုင်ငံ၏ စီးပွားရေးတိုးတက်စေရန်အလို့ငှာ တရုတ်-မြန်မာ နှစ်နိုင်ငံအကြား ပူးတွဲ စီမံကိန်းများ လုပ်ဆောင်ခြင်းဖြင့် အပြန်အလှန် အကျိုးရှိစေနိုင်မည်ဖြစ်သည်။

လက်ရှိအချိန်တွင် မြန်မာနိုင်ငံတွင် တရုတ်ကုမ္ပဏီများမှာ အကြီးဆုံးသော ရင်းနှီးမြုှပ်နှံသူများဖြစ်နေချိန်တွင် မြစ်ဆုံကိစ္စကဲ့သို့သော ၎င်းတို့အနေဖြင့် ရင်းနှီးမြုှပ်နှံမှုဆိုင်ရာ အတားအဆီးများနှင့် ရင်ဆိုင်နေရသည်။ ၂၀၁၁ ခုနှစ် ပြည်သူများ၏ သဘောဆန္ဒအတိုင်း ဦးသိန်းစိန်အစိုးရက ယင်းစီမံကိန်းကို ရပ်ဆိုင်းထားခဲ့သော်လည်း နောက်ပိုင်းတွင် စီမံကိန်းရပ်ဆိုင်းရခြင်း၏ နောက်ကွယ်၌ ရှုပ်ထွေးသော နိုင်ငံရေး အကြောင်းရင်းများ ရှိနေခဲ့သည်။ မြစ်ဆုံစီမံကိန်းရှိရာ ကချင်ပြည်နယ်အတွင်း အစိုးရစစ်တပ်နှင့် တိုင်းရင်းသားလက်နက်ကိုင်အဖွဲ့တို့အကြား ပဋိပက္ခတိုက်ပွဲ များဖြစ်ပွားနေခဲ့ခြင်းကလည်း တရုတ်ရင်းနှီးမြုှပ်နှံ သူများ၏ အကျိုးစီးပွားကို တိုက်စားစေလျက်ရှိသည်။ ဦးသိန်းစိန်အစိုးရလက်ထက်တွင် ပြည်တွင်းအဖွဲ့အစည်းများ အစိုးရ     မဟုတ်သော       အဖွဲ့အစည်းများက ယင်းစီမံကိန်းတည်ဆောက်မှုကို ကန့်ကွက်မှုများ ပြုလုပ်ထားခဲ့ကြသည်။

အကယ်၍ တရုတ်ကုမ္ပဏီဘက်မှ ဗဟိုအစိုးရ၊  ဒေသအစိုးရနှင့် ဒေသခံများနှင့်  ဆက်ဆံမှုပိုင်းတွင်    ချိန်ညှိနိုင်ခဲ့မည်ဆိုပါက ပြည်သူလူထုဘက်မှ ယင်းစီမံကိန်းရပ်ဆိုင်းရန် ကြိုးပမ်းလာဖွယ်ရှိမည် မဟုတ်တော့ပေ။ အကယ်၍ စစ်တပ်နှင့် တိုင်းရင်းသားလက်နက်ကိုင်အဖွဲ့အစည်းတို့အကြား တိုက်ပွဲများကြောင့် ယင်းစီမံကိန်းကို ဆက်လက်ရပ်ဆိုင်းထားရမည်ဆိုလျင်တောင်မှ စီမံကိန်းမှတဆင့် အကျိုးအမြတ်ရနိုင်သော အခြားအဖွဲ့များဘက်မှ စီမံကိန်းပြန်စရန် ဆန္ဒရှိချင်ရှိနေနိုင်မည်ဖြစ်သည်။ ယခုအခါမီဒီယာ ဖော်ပြချက်များအရလည်း မြန်မာအစိုးရသည် ယင်းစီမံကိန်းကို   ပြန်လည်သုံးသပ်ရန်   ကော်မတီတစ်ရပ်ဖွဲ့စည်းပေးထားသည်ဟု သိရသည်။

နှစ်နိုင်ငံ ပူးပေါင်းစီမံကိန်းများလုပ်ဆောင်ရန်အတွက် တရုတ်ကုမ္ပဏီများ၊ မြန်မာအစိုးရ တို့အပေါ်တွင်သာ အဓိကကျနေသည်မဟုတ်တော့ဘဲ နိုင်ငံတွင် ဗဟိုအစိုးရ၊   ဒေသအစိုးရနှင့်   ဒေသခံပြည်သူ လူထုတို့အကြား သဘောတူချိန်ညှိနိုင်ရန်လည်း လိုအပ်နေသည်ကို မြစ်ဆုံစီမံကိန်းမှတဆင့် သင်ခန်းစာရရှိခဲ့ပြီဖြစ်သည်။ တရုတ်ကုမ္ပဏီများဘက်ကလည်း ဆောက်လုပ်ရေးပိုင်းတွင် ယခုထက် အရည်အသွေးပိုင်းကို    မြင့်တင်ရမည်ဖြစ်ကာ ယင်းမှသာ မြန်မာပြည်သူလူထုအတွက် အကျိုးရှိနိုင်မည်ဖြစ်သည်။ ယင်းအတွက် ဒေါ်အောင်ဆန်းစုကြည် တရုတ်ခေါင်းဆောင်များနှင့်   ဆွေးနွေးရာတွင်   နိုင်ငံ၌ တရုတ်တို့၏ ရင်းနှီးမြုှပ်နှံမှု အကြောင်းသည်လည်း မဖြစ်မနေ ပါဝင်လာမည်ဖြစ်ကာ စီမံကိန်းများမှ ရရှိသော အကျိုးအမြတ်များကို ခွဲဝေရန် တရုတ်တို့၏ အလေးထားမှုကြောင့် ပါဝင်သူအားလုံး၏ အကျိုးအတွက် အသေအချာဆောင်ကြဉ်းပေးနိုင်မည်ပင်ဖြစ်သည်။

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly