ရခိုင်ပြည်နယ်အတွင်း ငြိမ်းချမ်းစွာ ယှဉ်တွဲနေထိုင်ရေး ကော်မရှင်ဖွဲ့မည်

ရခိုင်ပြည်နယ်အတွင်း ငြိမ်းချမ်းစွာ ယှဉ်တွဲနေထိုင်ရေး ကော်မရှင်ဖွဲ့မည်

စစ်တွေ၊ သြဂုတ် ၁၇ ရက် ။      ။ ရခိုင်ပြည်နယ်အတွင်း ဗုဒ္ဓဘာသာနှင့် အစ္စလမ်ဘာသာ လူ့အသိုက်အဝန်းနှစ်ခုကြား ငြိမ်းချမ်းစွာ အတူယှဉ်တွဲနေထိုင်ရေး ကော်မရှင်တစ်ရပ်ကို ဖွဲ့စည်းသွားမည် ဖြစ်ကြောင်း နယ်စပ်ရေးရာနှင့် လုံခြုံရေး ပြည်ထောင်စုဝန်ကြီး ဦးရဲအောင်၏ သြဂုတ်လ ၁၆ ရက် ရခိုင်ပြည်နယ်ခရီးစဉ်အတွင်း ပြောကြားချက်များအရ သိရသည်။

၂၀၁၂ ခုနှစ်တွင် ဖြစ်ပွားခဲ့သည့် ရခိုင်ပြည်နယ် ပဋိပက္ခနှင့် နောက်ဆက်တွဲ ပြဿနာများအတွက် နိုင်ငံတကာမှ ပြစ်တင်ပြောဆိုမှုများ ရှိနေမှုအပေါ် အမြင်ရှင်းလင်းစေရန်အတွက် ကော်မရှင် ဖွဲ့နိုင်ရန် ဒေသခံများ၏ သဘောထားကို နယ်စပ်ရေးရာ လုံခြုံရေး ပြည်ထောင်စုဝန်ကြီး ဦးရဲအောင်နှင့် အဖွဲ့က ရယူခဲ့ကြသည်။

"ဝန်ကြီးပြောသွားတာကတော့ နောက်လာမယ့် အချိန်တွေမှာ ရခိုင်ပြည်နယ် တည်ငြိမ်အေးချမ်းမှုနဲ့ ဗုဒ္ဓဘာသာလူ့အဖွဲ့အစည်းနဲ့ အစ္စလမ်ဘာသာ လူ့အဖွဲ့အစည်းတွေ အတူယှဉ်တွဲနေထိုင်ရေးအတွက် လုပ်သွားမယ်။ ဒါကို ဘက်မလိုက်တဲ့ နိုင်ငံတကာက ပညာရှင်တွေနဲ့ စုံစမ်းစစ်ဆေးရေး ကော်မရှင်တစ်ခု ဖွဲ့စည်းပြီးတော့ နိုင်ငံတကာကိုချပြမယ်။ မြန်မာနိုင်ငံဟာ အစ္စလမ် ဘာသာဝင်တွေကို လူ့အခွင့်အရေး ချိုးဖောက်နေပါတယ်လို့ မြင့်နေတာကို ကျွန်တော်တို့ဘက်က လူ့အခွင့်အရေး ချိုးဖောက်နေတာ          မဟုတ်ကြောင်းကို ချပြဖို့အတွက် ကော်မရှင် ဖွဲ့ပြီးတော့ ဒေသခံတွေနဲ့ ပူးပေါင်းဆောင်ရွက်သွားဖို့ ဆိုပြီးတော့   ပြောသွားခဲ့ပါတယ်။” ဟု ရခိုင်အမျိုးသားပါတီ  မြောက်ဦးမြို့နယ် အတွင်းရေးမှူး ဦးထွန်းနေဝင်းကပြောသည်။

ပြည်ထောင်စုဝန်ကြီး ဦးရဲအောင် ဦးဆောင်သော အဖွဲ့သည် သြဂုတ်လ ၁၆ ရက်က မြောက်ဦးမြို့နယ်ဒေသခံများနှင့် တွေ့ဆုံခဲ့ပြီး ယင်းတွေ့ဆုံမှုသို့ နိုင်ငံရေးပါတီများ၊ အရပ်ဖက် အဖွဲ့အစည်းများနှင့် တက်ကြွလှုပ်ရှားသူများက တက်ရောက်ခဲ့သည်။

 

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly