နှစ်နိုင်ငံလုံးအတွက် အရေးကြီးသည့် ဒေါ်စုရဲ့ တရုတ်နိုင်ငံ ခရီးစဉ်

နှစ်နိုင်ငံလုံးအတွက် အရေးကြီးသည့် ဒေါ်စုရဲ့ တရုတ်နိုင်ငံ ခရီးစဉ်
ဓာတ်ပုံ-မဇ္ဈိမ
 

(တရုတ်ဝန်ကြီးချုပ်၏ ဖိတ်ကြားချက်ဖြင့် တရုတ်နိုင်ငံသို့ သွားရောက်နေပြီဖြစ်သော နိုင်ငံတော်၏ အတိုင်ပင်ခံပုဂ္ဂိုလ် ဒေါ်အောင်ဆန်းစုကြည်နှင့် ပတ်သက်၍ ဘန်ကောက်ပို့စ် သတင်းစာတွင် ဖေါ်ပြထားသည့်  Suu Kyi heads to China for key talks ဆောင်းပါးကို ဘာသာပြန်ဆို ဖေါ်ပြခြင်းဖြစ်ပြီး ဤဆောင်းပါးသည် မဇ္ဈိမ၏ အာဘော်မဟုတ်ပါ)

နိုင်ငံတော်၏ အတိုင်ပင်ခံ ပုဂ္ဂိုလ် ဒေါ်အောင်ဆန်းစုကြည်သည် တရုတ် ဝန်ကြီးချုပ်၏ ဖိတ်ကြားချက်အရ သြဂုတ်လ ၁၇ တွင် ပေကျင်းသို့ ထွက်ခွာသွားခဲ့ပြီဖြစ်သည်။ ယခုခရီးစဉ်ကြောင့် နှစ်နိုင်ငံဆက်ဆံမှုပိုင်းကို ပိုမိုခိုင်မာလာစေနိုင်ရန် နှစ်ဘက်စလုံးက မျှော်လင့်နေလျက်ရှိသည်။ စစ်အစိုးရခေါင်းဆောင်ဟောင်း ဗိုလ်ချုပ်မှူးကြီးဟောင်း သန်းရွှေ အာဏာလွှဲပြောင်း ပေးခဲ့ပြီးနောက်ပိုင်း ပြီးခဲ့သည့် နှစ်များအတွင်းကမူ နှစ်ဘက်ဆက်ဆံရေးပိုင်းတွင် အတက်အကျ ဖြစ်စဉ်များ မြင်တွေ့ထားခဲ့ရသည်။

ဒေါ်အောင်ဆန်းစုကြည်၏ ယခုခရီးစဉ်တွင် နှစ်နိုင်ငံ စီးပွားရေးအရ ဆက်ဆံမှုပိုင်း၊ ဒေသတွင်းလုံခြုံရေးနှင့် မြန်မာနိုင်ငံ၏ ငြိမ်းချမ်းရေးလုပ်ငန်းစဉ် စသည့်ကိစ္စရပ်များကို ဆွေးနွေးသွားမည်ဖြစ်ကြောင်း သံတမန် အသိုင်းအဝိုင်းထံမှ သိရသည်။ နိုင်ငံ၏ အတိုင်ပင်ခံပုဂ္ဂိုလ်လည်းဖြစ် နိုင်ငံခြားရေး ဝန်ကြီးလည်းဖြစ်သည့် ဒေါ်အောင်ဆန်းစုကြည်အတွက်ကမူ ယခုခရီးစဉ်မှာ အရေးကြီးလှသည့် ခရီးစဉ်လည်းဖြစ်သည်။

"တရုတ်ဆိုတာက ကျွန်မတို့အတွက် အရေးပါတဲ့ အိမ်နီးချင်းနိုင်ငံပါ၊ ဒါကြောင့်မို့ သူတို့ကို ကမောက်ကမ ဖြစ်စေတာမျိုး ကျွန်မတို့ လုပ်လို့မရပါဘူး" ဟု ၂၀၀၃ခုနှစ်က ဒေါ်အောင်ဆန်းစုကြည်က ပြောကြားထားဖူးသည်။

ယခု သူမ၏ တရုတ်ခရီးစဉ်မှာ ဝန်ကြီးချုပ်၏ ဖိတ်ကြားချက်ကြောင့် လာရောက်ခြင်းဖြစ်သည်ဟုသာ ဆိုထားပြီး အခြား အကြောင်းအရာများနှင့် ပတ်သက်၍ နှစ်ဘက် သံတမန်အသိုင်းအဝိုင်းက နှုတ်ဆိတ်နေလျက်ရှိသည်။ ခရီးစဉ်တွင် သူမအနေဖြင့် တရုတ်သမ္မတ ရှီကျီဖျင်အပါအဝင် ထိပ်တန်း ခေါင်းဆောင်များနှင့် တွေ့ဆုံမည်ဖြစ်သည်။

ယခုခရီးစဉ်တွင် စီးပွားရေးဆိုင်ရာ ကိစ္စရပ်များမှာ ဦးစားပေး ဆွေးနွေးမည့် အကြောင်းအရာ တစ်ခုဖြစ်ရန် သေချာနေသည်။ တရုတ်သည် မြန်မာနိုင်ငံ၏ အကြီးဆုံးနိုင်ငံခြား ရင်းနှီးမြုပ်နှံသူဖြစ်သည့်အပြင် အဓိက ထောက်ပံ့ လှူဒါန်းသူနိုင်ငံလည်းဖြစ်သည်။ ငြိမ်းချမ်းရေး လုပ်ငန်းစဉ်များတွင် တရုတ်ဘက်က ဒေါ်လာသန်းပေါင်းများစွာ ထောက်ပံ့ ပေးထားခဲ့သည်။ နိုင်ငံ၏ စီးပွားရေးနှင့် နိုင်ငံရေး အခြေအနေအပါ် အနောက်အုပ်စု ရင်းနှီးမြုပ်နှံသူများက စောင့်ကြည့် နေချိန်တွင် တရုတ်စီးပွားရေး လုပ်ငန်းရှင်းများက လျင်လျင်မြန်မြန် ဝင်ရောက်တိုးချဲ့လုပ်ကိုင်ထားခဲ့သည်။

အလားတူ ယခင်အစိုးရလက်ထက်က ရပ်ဆိုင်းထားခဲ့သည့် ဒေါ်လာ ၃ ဒသမ ၆ ဘီလီယံ တန်ဖိုးရှိ မြစ်ဆုံဆည် စီမံကိန်းနှင့်ပတ်သက်၍ တရုတ်တို့ဘက်က လွန်စွာပူပန်နေလျက်ရှိပြီး ယခုခရီးစဉ်တွင်လည်း အဓိက ကိစ္စတစ်ခုအနေဖြင့် ဆွေးနွေးသွားဖွယ်ရှိနေသည်။ အလားတူ အခြားစီမံကိန်းတစ်ခုဖြစ်သော ကျောက်ဖြူ အထူး စီးပွားရေးဇုန်နှင့် ပတ်သက်၍လည်း တရုတ်တို့ဘက်က ယခု ဒေါ်အောင်ဆန်းစုကြည်၏ ခရီးစဉ်တွင် ဦးစားပေး ကိစ္စတစ်ခုအနေဖြင့် ဆွေးနွေးနိုင်ဖွယ်ရှိသည်။ ကျောက်ဖြူနှင့် ကူမင်းတို့ကို ချိတ်ဆက်မည့် ရေနံနှင့် သဘာဝဓါတ်ငွေ့ ပိုက်လိုင်းများ၊ မြန်နှုန်းမြင့်ရထားလမ်းများ ကလည်း တရုတ်တို့၏ စီးပွားရေးရင်းနှီးမြုှပ်နှံမှုများဖြစ်နေလျက်ရှိသည်။ အလားတူ သီလဝါနှင့် ထားဝယ်ရေနက်ဆိပ်ကမ်း ကဲ့သို့ပင် တရုတ်နှင့်မြန်မာ အစိုးရအချင်းချင်း သဘောတူညီမှုဖြင့် အထူးစီးပွားရေးဇုန်တစ်ခု ထူထောင်ရန် တရုတ်တို့ဘက်က သိမ်းသွင်းလိုလျက်ရှိရာ နှစ်နိုင်ငံပူးပေါင်းကာ ရေနက် ဆိပ်ကမ်းတစ်ခု တည်ဆောက်ရန် ဆန္ဒရှိလျက်ရှိသည်။

တစ်ဘက်တွင်လည်း နိုင်ငံတွင် ၂၁ ရာစု ပင်လုံညီလာခံ မကြာခင်သီတင်းပတ်အတွင်း ကျင်းပရန်လည်း ရှိနေရာ ငြိမ်းချမ်းရေး လုပ်ငန်းစဉ်သည် ယခုခရီးစဉ်အတွင်း အဓိကဆွေးနွေးလာမည့် အကြောင်းအရာတစ်ခုလည်း ဖြစ်လာရန် ရှိနေသည်။ တရုတ်-မြန်မာနယ်စပ်တွင် ရှိနေသော ဝနှင့် မိုင်းလား လက်နက်ကိုင်တပ်ဖွဲ့ဝင်များသည် တရုတ်နှင့် နီးကပ်စွာ ရှိနေလျက်ရှိရာ ငြိမ်းချမ်းရေး လုပ်ငန်းစဉ်တွင် ၎င်းတို့ တက်ကြွစွာ ပူးပေါင်းပါဝင်ခြင်းအတွက် တရုတ်၏ ရပ်တည် ဆောင်ရွက်ချက်က အရေးကြီးနေသည်။

အလားတူ နှစ်နိုင်ငံအကြား ထိလွယ်ရှလွယ်ဖြစ်နေသည့် နယ်စပ်ပြဿနာများသည်လည်း ယခု တွေ့ဆုံဆွေးနွေးမှုတွင် အဓိကကျလာစရာ ရှိနေသည်။ အခြားတစ်ဘက်တွင်မူ မြန်မာစစ်တပ် အကြီးအကဲ တပ်မတော် ကာကွယ်ရေးဦးစီးချုပ် ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်၏ ယခင်က တရုတ်နှင့်နီးကပ်သည့် ဆက်ဆံမှုမှ အလှမ်းကွာနေစေမှု အပေါ်တွင်လည်း တရုတ်တို့ဘက်က စိုးရိမ်ပူပန်နေမည်ပင်ဖြစ်သည်။

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly