မြန်မာနိုင်ငံအတွက် အရေးကြီးသည့် မူဝါဒရေးရာနှင့် လူမှုစီးပွားတိုးတက်မှု

မြန်မာနိုင်ငံအတွက် အရေးကြီးသည့် မူဝါဒရေးရာနှင့် လူမှုစီးပွားတိုးတက်မှု

မြန်မာနိုင်ငံတွင် ဒီမိုကရေစီနည်းကျ ရွေးချယ် တင်မြှောက်လိုက်သည့် နိုင်ငံတော်၏ အတိုင်ပင်ခံပုဂ္ဂိုလ် ဒေါ်အောင်ဆန်းစုကြည် ဦးဆောင်သော အစိုးရသစ်တစ်ရပ် ပေါ်ထွက်လာခဲ့ခြင်းကြောင့်  ဘက်စုံကဏ္ဍစုံမှ အပြုသဘော ဆောင်သော မျှော်မှန်းချက်များ ရှင်သန် နိုးကြားလာခဲ့သည်။

ကမ္ဘာ့ ရင်းနှီးမြှုပ်နှံသူများအနေဖြင့်လည်း တည်ငြိမ်မှုနှင့် ကြိုတင်မှန်းဆနိုင်သော နိုင်ငံ၏ စီးပွားရေး မူဝါဒသစ်အပေါ်တွင် များစွာ မျှော်လင့်စောင့်စားခဲ့ကြသည်။ ယခုအချိန်ကာလသည် ယခင် ခေတ်ကာလများနှင့် မတူညီတော့သည်ကိုလည်း တွေ့ရနိုင်သည်။ သို့သော် ယခုလက်ရှိအချိန်ထိ နိုင်ငံတွင် စီးပွားရေးအရ လွတ်လပ်ခြင်းရှိမှု အပိုင်းတွင် ကောင်းမွန်သည့် စွမ်းဆောင်ရည်မျိုးကိုပင် ပြသနိုင်ခြင်းမရှိပေ။

ယခုအခါတွင်မူ ဈေးကွက်လိုလားသော လွတ်လပ်သည့် စီးပွားရေး အလားအလာများသည်လည်း ပြည်သူ ဗဟိုပြုမည်ဟုဆိုသော အစိုးရ၏ စီးပွားရေးမူဝါဒသစ်နှင့်အတူ ပေါ်ပေါက် လာခဲ့ပြီဖြစ်သည်။ ပြီးခဲ့သည့်လက ထုတ်ပြန်လိုက်သည့် အချက် ၁၂ ချက်ပါ စီးပွားရေးမူဝါဒမှာ အလုံးစုံ စီးပွားရေးတိုးတက်ရန်နှင့် ပြည်သူတို့၏ လူနေမှုဘ၀ တိုးတက်ရေးတို့အတွက် အစိုးရက လုပ်ဆောင်ရန်လိုအပ်နေသော မျှခြေတစ်ခုဆီသို့ သွားရာ အမှတ်ကို ပြသနေသည်။

သို့ရာတွင် ယင်းမူဝါဒများအရ ဆင်းရဲနွမ်းပါးမှု လျှော့ချခြင်းနှင့် လူမှုဖူလုံမှုပိုင်းတွင် လုပ်ဆောင်မည့်အချက် နည်းပါး နေသေးသည်ကိုလည်း တွေ့ရသည်။ နိုင်ငံတွင် အခြေခံ အဆောက်အအုံပိုင်း အပြင် လယ်ယာ စိုက်ပျိုးရေး၊ စက်မှုလုပ်ငန်းကဏ္ဍနှင့် အလုပ်အကိုင် ဖန်တီးရေးတို့မှာလည်း နိုင်ငံစီးပွားရေး တိုးတက်နိုင်မှု၏ အဓိက ယန္တရားများ ဖြစ်နေသည်။

အလားတူ နိုင်ငံလူဦးရေ၏ ၇၀ ရာခိုင်နှုန်းဖြစ်သော ကျေးလက်ဒေသနေ ဆင်းရဲနွမ်းပါးသော သာမာန် ပြည်သူများအတွက်လည်း ဆင်းရဲနွမ်းပါးမှုဆိုင်ရာ စိန်ခေါ်မှုများ ဖြေရှင်းရန်၊ အသက်မွေးမှုများ အာမခံချက် ရှိနိုင်ရန်၊ အခြေခံလိုအပ်ချက်များ ရရှိရန်နှင့် သဘာဝဘေးအန္တရာယ်များ မကြာခဏ ကြုံတွေ့နေရခြင်းမှ ကာကွယ်ရန်တို့မှာလည်း အရေးကြီးနေသည်။ ၎င်းတို့မှာ အစိုးရ၏ ကူညီထောက်ပံ့မှုကို မျှော်လင့်နေမည်မှာ မလွဲပေ။

ဒါမျိုးကို အစိုးရက ဘယ်လိုမျိုး တုန့်ပြန် လုပ်ဆောင်ပေးနိုင်ပါမည်နည်း။ လိုအပ်သည့် မူဝါဒနှင့် စီမံချက်များကရော အဘယ်နည်း။ အခြေခံဝန်ဆောင်မှုများ တိုးချဲ့ရန် အရင်းအမြစ်များကို မည်သည့်နေရာက မည်ကဲ့သို့ ရှာရပါမည်နည်း။ မည်သည်တို့ကို အလျင်မြန်ဆုံးနှင့် ဦးစားပေးလုပ်ကိုင်ရပါမည်နည်း။ ယင်းအချက်များနှင့်အတူ အခြားမေးခွန်းပေါင်းများစွာလည်း ကျန်ရှိနေပေသေးသည်။

အစိုးရသစ်အနေဖြင့်မူ ပြည်သူတို့၏ မျှော်မှန်းချက်များနှင့် အသွင်ကူပြောင်းမှုများကို မျှခြေရှိရန်နှင့် စုစည်းမှုရှိရန်၊ နိုင်နိုင်နင်းနင်း ကိုင်တွယ်နိုင်ရန် သတိထားလုပ်ဆောင်သွားမည်ဟု မျှော်လင့်ရသည်။ ယင်းမှာ ဦးစားပေးနှင့် အရေးပေါ် ချမှတ်လုပ်ဆောင်ရမည်ဆိုသော ကမ္ဘာ့အသိုင်းအဝိုင်း၏ မျှော်မှန်းချက်တို့နှင့် ဆန့်ကျင်နေမည်ဖြစ်သည်။

ပြည်သူလူထု၏ လူနေမှုဘဝများ ဖွံ့ဖြိုးတိုးတက်စေရေးဆိုသည့် ပြင်းပြသော နိုင်ငံရေးစိတ်ဆန္ဒမှာ NLD ပါတီ၏ လမ်းစဉ်လည်းဖြစ်သည်။ ယင်း စိတ်ဆန္ဒကိုလည်း အဆင့်မြင့် ပါတီခေါင်းဆောင်များနှင့် အစိုးရ ဝန်ကြီးဌာနများကလည်း နှလုံးသွင်းထားသည်။ အစိုးရ၏ ပထမဆုံး ရက် ၁၀၀ စီမံကိန်းတွင် လက်တွေ့ကျပြီး အလုပ်ဖြစ်မည့် လုပ်ဆောင်ချက်မျိုးကို ချမှတ်ရတော့မည့် အချိန်လည်း ဖြစ်သည်။

ကျေးလက်ဒေသများရှိ ပြည်သူတို့၏ လူမှုစီးပွားအခြေအနေကို မြှင့်တင်ပေးနိုင်ရန် အတွက်မှာမူ ထင်သာမြင်သာ အရှိဆုံး လုပ်ဆောင်နိုင်မှု စိုက်ပျိုးရေးလုပ်ငန်းနှင့် ယင်း၏ ဆက်စပ်ကဏ္ဍများ တိုးတက်မှုကို မြှင့်တင်ပေးရေးဖြစ်သည်။ နိုင်ငံ၏ အဓိက အန္တရားများဖြစ်သော စီးပွားရေး ဖွံ့ဖြိုးတိုးတက်မှုနှင့် အလုပ်အကိုင် ဖန်တီးနိုင်မှုတို့ကိုလည်း လယ်ယာ စိုက်ပျိုးရေးလုပ်ငန်းနှင့် ယင်းနှင့် ဆက်စပ်လုပ်ငန်းများမှတဆင့် အကောင်အထည်ဖော် နိုင်မည်ဖြစ်သည်။ ယင်းသည် နိုင်ငံ၏ ဂျီဒီပီအပေါ် ထည့်ဝင်နိုင်မှုနှင့် အလုပ်အကိုင် ခန့်ထားမှုတို့ကို ပြုပြင်ပြောင်းလဲမှုအဖြစ် ရောက်ရှိသွားစေမည်ဖြစ်သည်။

မူဝါဒရွေးချယ်စရာများအဖြစ် တန်ဖိုးမြင့် စုပေါင်းလယ်ယာ လုပ်ငန်းနှင့် စိုက်ပျိုး စားသောက်ကုန်ကဏ္ဍ တိုးတက်စေရေး လမ်းကြောင်းကို ရွေးချယ်မည်လား သို့မဟုတ် အသေးစား စိုက်ပျိုးမှုများနှင့် ထုတ်လုပ် နိုင်စွမ်းကို အားပေးပြီး ဈေးကွက်ကို ဝင်ရောက်စေခြင်းဖြင့် တောင်သူ လယ်ယာလုပ်ငန်းကို ပြန်လည် အသက်သွင်းမည်လား စသည်တို့ ရှိနေသည်။

တစ်နိုင်တစ်ပိုင် စိုက်ပျိုးရေးလုပ်ငန်းနှင့် ရေရှည်နှင့် ရာသီဥတုဒဏ်ခံနိုင်သော စိုက်ပျိုးရေး လုပ်ငန်းမျိုးကို တိုးတက်စေခြင်းတွင် လုပ်ဆောင်ချက် အများအပြား ပါဝင်သည်။ ယင်းတု့ိမှာ နည်းလမ်းနှစ်ခုသုံးခု ခွဲလုပ်ခြင်း၊ ထုတ်ကုန်စွမ်းရည် မြှင့်တင်ရန် သင့်တော်သည့် နည်းပညာ အသုံးပြုခြင်း၊ ရင်းနှီးမြှုပ်နှံမှုနှင့် ချေးငွေထောက်ပံ့မှု ပေးခြင်း၊ သုတေသနနှင့် ဖွံ့ဖြိုးရေးလုပ်ငန်းများ ပြုလုပ်ခြင်းနှင့် ဈေးကွက်များ ဝင်ရောက် ရောင်းချနိုင်ရန် လုပ်ဆောင်ခြင်း စသည်တို့ဖြစ်သည်။

သို့မှသာ တစ်နိုင်တစ်ပိုင် စိုက်တောင်သူများ၏ ဝင်ငွေရရှိမှု တိုးတက်လာမည်ဖြစ်ကာ ယင်းမှတဆင့် ကျေးလက် ဒေသများတွင် ဝယ်လိုအား ကောင်းသွားနိုင်မည်ဖြစ်သည်။  အရေးကြီးဆုံး အချက်မှာ မြန်မာနိုင်ငံသည် လက်ရှိအချိန်ထိ ဆန်စပါးကို နိုင်ငံ၏ အဓိက စိုက်ပျိုးသီးနှံ သို့မဟုတ် စပါးကျီအဖြစ် ဆက်လက် ထားရှိမည်လားဆိုသည့် မေးခွန်းပင်ဖြစ်သည်။ ယင်းအတွက်ကြောင့် မူဝါဒ ရွေးချယ်စရာများ အဖြစ် တစ်နိုင်တစ်ပိုင် တောင်သူစိုက်ပျိုးရေးနှင့် ပုဂ္ဂလိက ကဏ္ဍအပါအဝင် စိုက်ပျိုး စားသောက်ကုန် လုပ်ငန်းများကို တိုးမြှင့်ပေါင်းစည်းရေးတို့ ပါဝင်မည်ဖြစ်သည်။

အရေးကြီးဆုံးအချက်မှာ လယ်ယာကဏ္ဍအတွက် အစိုးရနှင့် ပုဂ္ဂလိကကဏ္ဍတို့ ပူးပေါင်း ရင်းနှီး မြှုပ်နှံမှု များလည်း လိုအပ်နေပြီး ယင်းမှသာ ထုတ်လုပ်နိုင်မှုနှင့် ကျေးလက်ဒေသ ဝင်ငွေရရှိမှု တိုးတက်လာနိုင်မည် ဖြစ်သည်။ စိုက်ပျိုးရေး လုပ်ငန်းကဏ္ဍအတွင်း ဖွဲ့စည်းတည်ဆောက်ပုံဆိုင်ရာ အသွင်ကူးပြောင်းမှုများဖြင့် ထုတ်လုပ်မှုနှင့် ထုတ်ကုန်စွမ်းအား တိုးမြှင့်ခြင်းတို့ ဖြစ်စေနိုင်ပြီး စိုက်ပျိုးရေးအခြေခံ စက်မှုကဏ္ဍပိုင်းကိုပါ ချိတ်ဆက်ပေး နိုင်စရာ ရှိနေသည်။

ပြည်သူတု့ိ၏ လူမှုဖူလုံရေး၊ ပညာရေး၊ ကျန်းမာရေး၊ ရေနှင့် သန့်ရှင်းရေး၊ အိမ်ယာနှင့် လူမှုဖူလုံရေးစသည့် ကဏ္ဍများ တွင်လည်း ရင်းနှီး မြှုပ်နှံမှုများနှင့် အရင်းအမြစ်များ လိုအပ်မည်ဖြစ်သည်။ ဈေးကွက်ကို မျက်နှာမူသည့် စီးပွားရေး မူဝါဒများအရ အစိုးရအနေဖြင့် ယင်း၏ ရင်းနှီး မြှုပ်နှံမှုများကို တိုးမြင့်ရာတွင် အရေးပါသော အဓိကနေရာမှ ပါဝင်ရန် လိုအပ်မည်ဖြစ်သည်။

လူသားအရင်းအမြစ် စွမ်းအားများ မြင့်တင်ရန် လိုအပ်ပြီး ယင်းမှသာလည်း အရည်အချင်းပြည့်မီသော လုပ်သားထုကို အားကိုးနေရသည့် ပုဂ္ဂလိက လုပ်ငန်းကဏ္ဍများ တိုးတက် ကြီးထွားမည်ဖြစ်သည်။ လေ့လာချက် အများအပြားအရလည်း မြန်မာနိုင်ငံအနေဖြင့် ပညာရေး၊ကျန်းမာရေး နှင့် လူမူဖူလုံမှုပိုင်းတို့တွင် ရင်းနှီးမြှုပ်နှံမှု များများ ပြုလုပ်ရန်လိုအပ်နေသည်။

မြန်မာနိုင်ငံတွင် လူမူဖူလုံမှုပိုင်း ဖြန့်ကျက်ထားနိုင်မှုမှာ နည်းပါးနေသေးပြီး ပြည်သူလူထု၏ ကောင်းကျိုး အတွက် တိုးမြင့်ဖြည့်ဆည်းပေးနိုင်ရန် ကြိုးပမ်း အားထုတ်ရဦးမည်ဖြစ်သည်။ စည်းစနစ် မကျသော လုပ်ငန်းခွင်များ၊ အလုပ်ရှင်ပေါ်တွင်သာ မှီခိုနေရသော လုပ်သားများ၊ ကျွမ်းကျင်မှု နည်းပါးသော ဝန်ထမ်းများနှင့် အခြေခံလူမှု ဖူလုံမှု အခွင့်အရေးများ မရရှိခြင်းတို့သည် စီးပွားရေး တိုးတက်နိုင်မှုအတွက် အဟန့်အတားများ အဖြစ် ရှိနေကြသည်။

ယင်းအတွက်ကြောင့် လူသားအရင်းအမြစ် တည်ဆောက်ရေးလုပ်ငန်းသည် အရေးကြီး လာနေသကဲ့သို့ အခွန်ကောက်ခံမှုစနစ် စနစ်ကျရေးတို့လည်း အရေးပါသော အခန်းကဏ္ဍသို့ ရောက်ရှိနေသည်။ လက်ရှိ ရှိရင်းစွဲ အခွန်ကောက်ခံမှုစနစ်ကို အလုံးစုံ ပြုပြင်ပြောင်းလဲခြင်းက ပြည်တွင်းအရင်းအမြစ် ဖွံ့ဖြိုး တိုးတက်ရေးအပေါ် မြှင့်တင်ပေးနိုင်သကဲ့သို့ ရင်းနှီးမြှုပ်နှံသူများ၏ ယုံကြည်စိတ်ချမှုနှင့် ကောင်းမွန်သော ပတ်ဝန်းကျင်တစ်ခုကို အားပေးအားမြှောက်ကျရာ ရောက်သည်။ ယင်းအတွက်ကြောင့် နိုင်ငံတွင် မျှတ သင့်တင့် ပွင့်လင်းမြင်သာပြီး ကြိုတင်မှန်းဆနိုင်သော အခွန်စနစ်ကို ထူထောင်ရမည်ဖြစ်သည်။

နိုင်ငံအတွက် အခွန်ဘဏ္ဍာငွေများ တိုးမြင့် ကောက်ခံနိုင်ရန်အလို့ငှာ အခွန် စည်းကြပ်မှုပိုင်းကို တိုးတက်စေခြင်း၊ အခွန်ရှောင်လွှဲမှုများကို ဖမ်းဆီးအရေးယူခြင်း၊ မျှတပြီး ပွင့်လင်းမြင်သာသော ပူးပေါင်း စည်းကြပ်ခွန်မူဝါဒများ ချမှတ်ခြင်း စသည်တို့ကို လုပ်ဆောင်ရမည်ဖြစ်သည်။ အခွန် တိမ်းရှောင်မှုကို ဖမ်းဆီးသည့် လုပ်ဆောင်ချက်များကို နေရာတစ်ကျ လုပ်ဆောင်ရန်လိုအပ်သည်။ လက်ရှိ အခွန် ကောက်ခံရရှိမှုက နိုင်ငံဂျီဒီပီ၏ ၅ ရာခိုင်နှုန်းသာ ရရှိနေလျက်ရှိနေသည်။

ကိုယ်တိုင် အားကိုးအားထားပြုသော ကုန်ထုတ်လုပ်မှု ဝန်းကျင်တစ်ခု၏ ကောင်းကျိုးအတွက် အခွန်ဆိုင်ရာ မူဝါဒများ ချမှတ်အသုံးပြုခြင်းက နိုင်ငံခြားရင်းနှီး မြှုပ်နှံမှုနှင့် ပို့ကုန်အသားပေး လုပ်ငန်းများအပေါ် မှီခို နေရခြင်းထက်စာလျင် စီးပွားရေးမူဝါဒနှင့် ပိုမိုကိုက်ညီ အကျိုးဖြစ်မည်ဖြစ်သည်။

မကြာသေးမီက ပြုလုပ်ခဲ့သည့် မူဝါဒဆွေးနွေးပွဲ တစ်ခုတွင်လည်း တက်ရောက် ဆွေးနွေးသူများက အသုံးစရိတ် ထိထိရောက်ရောက် သုံးစွဲရန်၊ အစိုးရ ရင်းနှီးမြှုပ်နှံမှုများ လုပ်ဆောင်ရန်နှင့် ထိရောက်သည့် အစိုးရ အသုံးစရိတ် စီမံခန့်ခွဲမှုများ လုပ်ဆောင်ရန်တို့ လိုအပ်ကြောင်း ထောက်ပြသွားကြသည်။

အခြေခံ ဝန်ဆောင်မှုလုပ်ငန်းများတွင် အစိုးရအသုံးစရိတ် တိုးချဲ့ရာတွင် အထက်ပါအချက်များက အရေးကြီး နေလျက်ရှိသည်။ ထိရောက်ပြီး နည်လမ်းကျသော အစိုးရ အသုံးစရိတ် စီမံခန့်ခွဲမှုပိုင်းတွင် ဗျူရိုကရေစီ ယန္တရားအတွင်း စွဲမြဲနေမှုများကို ပြောင်းလဲခြင်း၊ ဖမ်းဆီးအရေးယူခြင်းနှင့် စောင့်ကြည့်လေ့လာမှုများ ပါဝင်သည်။

မြန်မာနိုင်ငံ၏ လူမှုစီးပွား တိုးတက်မှုပိုင်းသည် ကာလကြာမြင့်နေသော ငြိမ်းချမ်းရေးနှင့် တည်ငြိမ်ရေး ပိုင်းဆိုင်ရာ နိုင်ငံရေးဆွေးနွေးပွဲ များပေါ်တွင်လည်း များစွာတည်မှီနေသည်။ နိုင်ငံတော်၏ ရေရှည် တည်တံ့အေးချမ်းနိုင်သည့် အခြေအနေတစ်ခုကို ဖန်တီးရန်အတွက် စီးပွားရေးနှင့် လူမှုမူဝါဒ လုပ်ဆောင်ချက်များကို အသုံးချခြင်းမှာ မူဝါဒမူဘောင်တစ်ခုကို အကောင်အထည်ဖော်မည့် သူများပေါ်တွင် မူတည်နေသည်။ မူဝါဒတစ်ရပ်ကိုလည်း မျှတမှု၊ မျှော်မှန်းချက်များနှင့် ကိုက်ညီနိုင်မှု၊ မတူညီသော တိုင်းနှင့်ပြည်နယ်များ အရင်းအမြစ်စိုက်ထူပေးနိုင်မှု စသည်တို့ဖြင့် တည်ဆောက် ချမှတ်ရမည်ဖြစ်သည်။

*The author works for Action Aid. The views expressed are personal.

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly