တရုတ်နှင့် ပူးပေါင်းဆောင်ရွက်လိုသူအဖြစ် ဒေါ်အောင်ဆန်းစုကြည်ကို တရုတ်တို့ ရှုမြင်

တရုတ်နှင့် ပူးပေါင်းဆောင်ရွက်လိုသူအဖြစ် ဒေါ်အောင်ဆန်းစုကြည်ကို တရုတ်တို့ ရှုမြင်
(ဓာတ်ပုံ - ဦးဖြိုးမင်းသိန်းဖေ့စ်ဘုတ်)

ဒေါ်အောင်ဆန်းစုကြည်အား မြန်မာနိုင်ငံ၏ ဒီမိုကရေစီ ခေါင်းဆောင်တစ်ဦးအဖြစ် အနောက်အုပ်စုက ရှုမြင်ထား သည်နှင့်မတူဘဲ တရုတ်ပြည်သူများနှင့် လေ့လာစောင့်ကြည့်သူများမှာတော့ သူမအား မြန်မာပြည်သူလူထု၏  အကျိုးအတွက် တရုတ်နှင့် ပူးပေါင်းဆောင်ရွက်လိုသူ တစ်ဦးအဖြစ် လက်ခံယူဆထားမည်ပင် ဖြစ်သည်။

ယခုဆိုလျင် တရုတ် ဝန်ကြီးချုပ် လီခါ့ချန်၏ ဖိတ်ကြားချက်အရ နိုင်ငံတော်၏ အတိုင်ပင်ခံပုဂ္ဂိုလ် ဒေါ်အောင်ဆန်းစုကြည်သည် သြဂုတ် ၁၇ ရက်မှ ၂၁ ရက်အထိ တရုတ်သို့ အလည်အပတ်ခရီး လာရောက်မည် ဖြစ်သည်။

ဒေါ်အောင်ဆန်းစုကြည်အတွက်  အာဆီယံဒေသ ပြင်ပနိုင်ငံများထဲတွင် ပထမဆုံး တရုတ်နိုင်ငံသို့ လာရောက်ခြင်း လည်းဖြစ်သည်။  သူမ၏ ယခုခရီးစဉ်အရ မြန်မာနိုင်ငံ၏ အကြီးဆုံးသော နိုင်ငံခြား တိုက်ရိုက် ရင်းနှီးမြုပ်နှံသူနှင့် ကုန်သွယ်ဘက်နိုင်ငံဖြစ်နေသော တရုတ်နိုင်ငံအပေါ် အလေးထားကြောင်းကို ပြသနေမည် ဖြစ်ကြောင်း ရှန်ဟိုင်း နိုင်ငံတကာ လေ့လာရေးဌာနမှ တောင်အာရှဆိုင်ရာ ဒါရိုက်တာ Zhao Gancheng က ပြောသည်။

အပြန်အလှန်အားဖြင့် မြန်မာနိုင်ငံတွင် သမ္မတပြီးလျင် ဒုတိယရာထူးအမြင့်ဆုံး ခေါင်းဆောင်ဖြစ်နေသည့် နိုင်ငံတော်၏ အတိုင်ပင်ခံပုဂ္ဂိုလ် ဒေါ်အောင်ဆန်းစုကြည် အပေါ်တွင်လည်း တရုတ်နိုင်ငံဘက်မှ လေးစားမှုကို ပြသသွားမည်ဟု မျှော်လင့်ရကြောင်း Xiamen တက္ကသိုလ် တောင်အာရှရေးရာ လေ့လာရေးစင်တာမှ အကြီးအကဲ Zhuang Guotu က ပြောသည်။

တရုတ်ခေါင်းဆောင်ကြီးများအနေဖြင့် သူမနှင့်တွေ့ဆုံကာ နှစ်နိုင်ငံဆက်ဆံရေး ကိစ္စရပ်များ၊ အပြန်အလှန် ယုံကြည်မှု ကိစ္စရပ်များနှင့် ပတ်သက်၍ အမြင်ချင်း ဖလှယ်သွားကြမည်ဖြစ်သည်။ ယခုခရီးစဉ်သည် သူမအတွက် ပထမဆုံး မဟုတ်ဘဲ ၂၀၁၅ ရွေးကောက်ပွဲမတိုင်ခင်ကလည်း နှစ်နိုင်ငံ ပါတီချင်း ချိတ်ဆက် ဖိတ်ကြားမှုဖြင့် လာရောက် ခဲ့သေးသည်။

မြန်မာနိုင်ငံတွင် ဒေါ်အောင်ဆန်းစုကြည်၏ NLD ပါတီ အာဏာရမလာခင် အချိန်ကတည်းက တရုတ်မီဒီယာများက သူမနှင့်ပတ်သက်၍ သတင်းဖော်ပြရာတွင် အထူးဂရုစိုက် ဖော်ပြခဲ့ကြသည်ဟု ကျွမ်းကျင်သူများက ပြောသည်။ ပြီးခဲ့သည့် နှစ်များအတွင်း သူမနှင့်ပတ်သက်၍ တရုတ်မီဒီယာများ၏  သတင်းရေးသားချက်များတွင် မြန်မာနိုင်ငံ၏ ၂၀၁၅ ရွေးကောက်ပွဲနှင့် ရွေးကောက်ပွဲအလွန် တရုတ်နိုင်ငံအပေါ် ထားရှိမည့်သူမ၏ အနာဂတ် သံတမန် နည်းဗျူဟာပိုင်းနှင့် ပတ်သက်၍ ခန့်မှန်းချက်များကိုသာ ဖော်ပြခဲ့ဲကြသည်ဟု အွန်လိုင်းသုတေသန လေ့လာချက် တစ်ခုအရ သိရသည်။

အလားတူ ၂၀၁၁ ခုနှစ်က သူမအကြောင်း ဒါရိုက်တာ Luc Besson ရိုက်ကူးခဲ့သည့် The Lady ရုပ်ရှင်ဇာတ်ကားကို တရုတ်နိုင်ငံတွင် တရားဝင် ကြည့်ရှုနိုင်ခြင်း မရှိခဲ့ပေ။ တရုတ်နိုင်ငံရှိ ပြည်သူအများစုက ဒေါ်အောင်ဆန်းစုကြည်က ဘယ်သူဘယ်ဝါဆိုသည်နှင့် သူမဘာအတွက် ရပ်တည်နေသည်ဆိုသည်ကို ကောင်းစွာ သိရှိကြခြင်းလည်း မရှိဟု သိရသည်။

"မြန်မာနိုင်ငံမှာ သူမတွေ့ကြုံထားခဲ့တဲ့ နိုင်ငံရေးအတွေ့အကြုံမျိုးတွေကို ဆိုရှယ်လစ် နိုင်ငံတစ်နိုင်ငံမှာ မှီငြမ်းကိုးကားဖို့ ဆိုတာကတော့ မဖြစ်နိုင်ပါဘူး" ဟု ပေကျင်းတက္ကသိုလ်မှ ကျောင်းသားတစ်ဦးက ပြောသည်။ အမည်မဖော်လိုသူ ချုံကျင်း ရဲတပ်ဖွဲ့ဝင်တစ်ဦးက ၎င်းအနေဖြင့် ကမ္ဘာ့ဇာတ်ခုံထက်ရှိ အမျိုးသမီးခေါင်းဆောင်များထဲတွင် ဒေါ်အောင်ဆန်းစုကြည်ထက် အမေရိကန် သမ္မတလောင်း ဟီလာရီနှင့် ဂျာမန် ဝန်ကြီးချုပ် မာကယ်လ်တို့ အကြောင်းကိုသာ ပိုသိထားသည်ဟု ဂလိုဘယ်လ်တိုင်းမ် သတင်းဌာနကို ဖြေကြားသွားသည်။

အလားတူ ကမ္ဘာ့သြဇာအကြီးဆုံး အမျိုးသမီး ခေါင်းဆောင်များနှင့် ပတ်သက်၍ ယင်းနိုင်ငံတွင် စစ်တမ်း ကောက်ယူခဲ့ရာတွင် ဖြေဆိုသူ ၇,၀၀၀ ကျော်အနက် ၂၁ ဒသမ ၈ ရာခိုင်နှုန်းက မာကယ်လ်ကို ရွေးချယ်ခဲ့ကြပြီး ၂၁ ရာခိုင်နှုန်းခန့်ကမူ ဗြိတိန်ဘုရင်မကြီးအား ရွေးချယ်ခဲ့သည်ဟု သိရသည်။ ယင်းစစ်တမ်းတွင် ဖြေဆိုသူ  ၇ ဒသမ ၆ ရာခိုင်နှုန်းကပဲ ဒေါ်အောင်ဆန်းစုကြည်အား ရွေးချယ်အဆိုပြုခဲ့ကြသည်။

"ခုချိန်မှာ အတိုက်အခံပါတီခေါင်းဆောင် မဟုတ်တော့တဲ့ ဒေါ်အောင်ဆန်းစုကြည်အနေနဲ့ အိမ်နီးချင်းနိုင်ငံနဲ့ စီးပွားရေး ပြန်လည်ပူးပေါင်းနိုင်ဖို့အတွက် သူမ ပြသထားခဲ့တဲ့ အနောက်အုပ်စုလိုလားတဲ့ ရပ်တည်ချက်ကနေ ပြန်ပြောင်း သွားပါလိမ့်မယ်" ဟု Zhuang Guotu က သုံးသပ်သည်။

"သူမဟာ ဘယ်တုန်းကမှ တရုတ်-မြန်မာ ဆက်ဆံရေးကို ထိခိုက်စေတဲ့ ပြောစကားတွေ ပြောထားတာမျိုး မရှိခဲ့ပါဘူး" ဟုလည်း မြန်မာနိုင်ငံဆိုင်ရာ တရုတ်သံအမတ်တာဝန် ထမ်းဆောင်ခဲ့ဖူးသည့် Cheng Ruisheng က ပြောသည်။ လက်ရှိအချိန်တွင် မြန်မာအစိုးရသစ် အနေဖြင့် နိုင်ငံ၏ လူမှုစီးပွား ဖွံ့ဖြိုးတိုးတက်နိုင်ရန် ကြိုးပမ်းနေချိန် တရုတ်နှင့် ဆက်ဆံမှုပိုင်း ခိုင်မာနိုင်ရန် ထိန်းသိမ်းဆေင်ရွက်မှုမျိုးကို ပြသထားကြောင်း Zhuang ကလည်း ပြောသည်။

ယင်းအပြင် မြန်မာအစိုးရသစ်မှာ တရုတ်တို့ ရင်းနှီးထားသည့် မြစ်ဆုံဆည် စီမံကိန်းအပါအဝင် နိုင်ငံရှိ ရေအားလျှပ်စစ် စီမံကိန်းများစွာကို ပြန်လည်သုံးသပ်ရေး ကော်မတီတစ်ရပ်ဖွဲ့စည်းပေးထားကာ လာမည့် နိုဝင်ဘာ ၁၁ ရက်မတိုင်ခင် အစီရင်ခံစာတစ်ရပ် ထွက်ပေါ်လာတော့မည်ဖြစ်ကြောင်းလည်း ရိုက်တာသတင်းဌာနက ဖော်ပြထားသည်။

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly