ကလေးသူငယ်နှင့် လက်နက်ကိုင်ပဋိပက္ခဆိုင်ရာ အထူးကိုယ်စားလှယ် Leila Zerrougui လာမည်

ကလေးသူငယ်နှင့် လက်နက်ကိုင်ပဋိပက္ခဆိုင်ရာ အထူးကိုယ်စားလှယ် Leila Zerrougui လာမည်
Ms. Leila Zerrougui-UN

ဇူလိုင် ၁၁ ။      ။ ကုလသမဂ္ဂအတွင်းရေးမှူးချုပ်၏ ကလေးသူငယ်နှင့် လက်နက်ကိုင်ပဋိပက္ခဆိုင်ရာ အထူးကိုယ်စားလှယ် Ms. Leila Zerrougui သည် မြန်မာနိုင်ငံသို့ ဇူလိုင် ၁၁ ရက်နေ့မှ ၁၇ရက်နေ့အထိ ရက်သတ္တတစ်ပတ်ကြာ လာရောက်ပါမည်။

ခရီးစဉ်အတွင်း လက်နက်ကိုင်ပဋိပက္ခများကြောင့် ကလေးသူငယ်များ ကြုံတွေ့နေရသည့် အခက်အခဲနှင့် ဒုက္ခများကိုလေ့လာ ရန်နှင့် မြန်မာအစိုးရက ၂၀၁၂ ခု၌ လက်မှတ်ရေးထိုးထားသည့် ကလေးစစ်သားစုဆောင်း အသုံးပြုမှုဆိုင်ရာ အကောင်အထည်ဖော်ရေး လုပ်ငန်းစဉ်များ တိုးတက်မှုရှိမရှိ အကဲဖြတ်ရန်တို့ ဆောင်ရွက်သွားမည်။

ရန်ကုန်မြို့မှတဆင့် နေပြည်တော်၊ မန္တလေးနှင့် မြစ်ကြီးနားမြို့များသို့လည်း သွားရောက်ရန် ရှိနေကြောင်း ဇူလိုင် ၁၀ ရက်က အထူးကိုယ်စားလှယ်ရုံး၏ရုံးမှ ထုတ်ပြန်ထားသည်။

အထူးကိုယ်စားလှယ်သည် မြန်မာတာဝန်ရှိသူများ၊ သံတမန်အသိုင်းအဝိုင်း၊ UNICEF အပါအဝင် ဌာနေကုလအဖွဲ့အစည်းများ၊ အစိုးရမဟုတ်သည့်အဖွဲ့အစည်းများနှင့်သာမက လက်နက်ကိုင်အဖွဲ့အစည်းများတွင် ပါဝင်ခဲ့ဖူးသည့် ကလေးသူငယ်များနှင့် လည်းတွေ့ဆုံသွားရန်ရှိသည်။

ဇူလိုင် ၁၆ ရက်နေ့ မွန်းလွဲ ၁ နာရီတွင် ရန်ကုန်ရှိ UNICEF ရုံး၌ သတင်းစာရှင်းပွဲတရပ်ပြုလုပ်သွားရန်လည်း အစီအစဉ်အတွင်း ပါဝင်သည်။

ကုလသမဂ္ဂအတွင်းရေးမှူးချုပ်က ၎င်း၏ ကလေးသူငယ်နှင့် လက်နက်ကိုင်ပဋိပက္ခဆိုင်ရာ အထူးကိုယ်စားလှယ်အဖြစ် အယ်လ်ဂျီးရီးယားနိုင်ငံသူ Ms. Leila Zerrougui အား ၂၀၁၂ ခုတွင် တရားဝင်ခန့်အပ်ခဲ့သည်။

အသက် ၅၉ နှစ်ရှိ လူ့အခွင့်အရေးဆိုင်ရာ ဥပဒေကျွမ်းကျင်သူ Ms. Leila Zerrougui သည် ကုလသမဂ္ဂ၌ လူ့အခွင့်အရေးဆိုင်ရာ ကဏ္ဍ၊ ဥပဒေစိုးမိုးရေး၊ အမျိုးသမီးနှင့် ကလေးသူငယ်များဆိုင်ရာကဏ္ဍများတွင် တာဝန်ထမ်းဆောင်ခဲ့သူဖြစ်သည်။

အယ်လ်ဂျီးရီးယားနိုင်ငံ တရားရုံးချုပ် တရားသူကြီးအဖြစ်လည်း တာဝန်ထမ်းခဲ့သည်။

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly