အာဆင်နယ်ကွင်းလယ်လူ ရမ်ဆေး သုံးပတ်ခန့်အနားယူရဖွယ်ရှိ

အာဆင်နယ်ကွင်းလယ်လူ ရမ်ဆေး သုံးပတ်ခန့်အနားယူရဖွယ်ရှိ

သြဂုတ် ၁၆၊ အင်္ဂလန် ။        ။ အာဆင်နယ်ကွင်းလယ်ကစားသမား ရမ်ဆေးသည် လီဗာပူးလ်အသင်းနှင့်ပွဲစဉ်တွင် တံကောက်ကြောဒဏ်ရာရရှိခဲ့သည့်အတွက် သုံးပတ်ခန့် အနားယူရဖွယ်ရှိနေပြီ ဖြစ်သည်။

ရမ်ဆေးသည် ယူရို ၂၀၁၆ ပြိုင်ပွဲတွင် ဝေးလ်အသင်းနှင့်အတူ ပြိုင်ပွဲဝင်ခဲ့သည့်အတွက် အနားယူရန် လိုအပ်နေသေးသော်လည်း ပရီးမီးယားလိဂ်အဖွင့်ပွဲစဉ်ကို ဝင်ရောက်ကစားခဲ့ရသည်။ သို့သော် ၎င်းမှာ ကြံ့ခိုင်မှု မပြည့်ဝသည့်အတွက် တံကောက်ကြောဒဏ်ရာ ရရှိသွားခဲ့ပြီး ဒုတိယပိုင်းတွင် ကာဇိုလာနှင့် လူစားလဲခဲ့သည်။

ယခုအချိန်တွင် ရမ်ဆေးသည် ထိုဒဏ်ရာကြောင့် အနားယူနေရပြီး သြဂုတ်လ ၂၀ ရက်နေ့တွင်ကစားရမည့် ချန်ပီယံလက်စတာအသင်းနှင့်ပွဲစဉ်၊ သြဂုတ်လ ၂၇ ရက်နေ့တွင် ကစားရမည့် ဝက်ဖို့ဒ်အသင်းနှင့်ပွဲစဉ်များကို လွဲချော်ဖွယ်ရှိနေသည်။

အာဆင်နယ်အသင်းတွင် ယူရိုပြိုင်ပွဲဝင် ကစားသမားများဖြစ်သည့် အိုဇေးလ်၊ ဂီရော့ဒ်နှင့် ကိုစီရယ်နီတို့ကို အနားပေးထားရပြီး မာတီဆက်ကာနှင့် ဂါဘရီရယ်တို့မှာ ဒဏ်ရာရနေသောကြောင့် လီဗာပူးလ်နှင့်ပွဲစဉ်တွင် ရုန်းကန်ခဲ့ရပြီး သုံးဂိုး၊ လေးဂိုးဖြင့် ရှုံးနိမ့်ခဲ့ရသည်။

အာစင်ဝင်းဂါးမှာ ပြင်သစ်နောက်ခံလူ ကိုစီရယ်နီကို အသုံးမပြုခြင်းနှင့် ကစားသမားသစ် မဝယ်ယူခြင်းတို့ကြောင့် ဝေဖန်မှုများနှင့် ရင်ဆိုင်နေရသည်။

 

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly