တရုတ်ကို ဒေါ်အောင်ဆန်းစုကြည် အလေးထား ဆက်ဆံဖို့ တရုတ်သတင်းစာရေးသား

တရုတ်ကို ဒေါ်အောင်ဆန်းစုကြည် အလေးထား ဆက်ဆံဖို့ တရုတ်သတင်းစာရေးသား
အမျိုးသားဒီမိုကရေးစီအဖွဲ့ချုပ် ဒေါ်အောင်ဆန်းစုကြည်နှင့် မီဒီယာတွေ့ဆုံပွဲသတင်းစာရှင်းလင်းပွဲကို ရန်ကုန်မြို့ အုပ်လမ်း အမျိုးသားဒီမိုကရေစီ အဖွဲ့ချုပ်ရုံးတွင် ဒီဇင်ဘာလ ၃၀ရက် နံနက်ပိုင်းက ပြုလုပ်နေစဉ်။ ဓာတ်ပုံ-မဇ္ဈိမ

(တရုတ်နိုင်ငံသို့ သွားရောက်မည့် ဒေါ်အောင်ဆန်းစုကြည်ခရီးစဉ်နှင့် ပတ်သက်၍ တရုတ် သတင်းစာဖြစ်သော Global Times  သတင်းစာက နေ့စဉ်ရက်ဆက် ဆောင်းပါး၊ သတင်းနှင့် အတွေးအမြင်များကို ဖေါ်ပြလျက်ရှိနေရာ သြဂုတ်လ ၁၆ ရက်တွင် ဖေါ်ပြသည် Suu Kyi visit heralds better ties with China ဆောင်းပါးတွင် ဒေါ်အောင်ဆန်းစုကြည်၏ တရုတ်ခရီးစဉ်သည် အင်အားကြီးနှစ်နိုင်ငံခြား ချိန်ခွင်လျှာငြိနိုင်ရန် ကြိုးစားခြင်းဟု ရေးသားထားသည်။ အလားတူ အနောက်အုပ်စု၏ ထောက်ခံချက်ကောင်း ရရှိရန်ထက် နိုင်ငံရေး အောင်မြင်မှုရရှိရန် ကြိုးစားသင့်သည်ဟု ရေးသားထားပြီး တရုတ်ကို အရေးတယူ ဆက်ဆံရန်လိုအပ်ကြောင်းလည်း ရေးသားထားသည်။ ဤအတွေးအမြင် ဆောင်းပါးသည် Global Times  တွင် ပါရှိသည့် Suu Kyi visit heralds better ties with China ခေါင်းစဉ်ဖြင့် ရေးသားသည့် ဆောင်းပါးကို ဘာသာပြန်ဆိုဖေါ်ပြခြင်းဖြစ်ပြီး မဇ္ဈိမ၏ အာဘော်မဟုတ်ပါ)

နိုင်ငံတော်၏ အတိုင်ပင်ခံပုဂ္ဂိုလ် ဒေါ်အောင်ဆန်းစုကြည်သည် သြဂုတ် ၁၇ ရက်မှ ၂၁ ရက်အထိ တရုတ်နိုင်ငံသို့ အလည်အပတ်ခရီး သွားရောက်မည်ဖြစ်သည်။ ဒီမိုကရေစီ ခေါင်းဆောင်တစ်ဦးလည်း   ဖြစ်သော ဒေါ်အောင်ဆန်းစုကြည်သည် နိုင်ငံ၏ ခေါင်းဆောင်လည်းဖြစ်သည်။

အလားတူ လာမည့် စက်တင်ဘာလ ကုလသမဂ္ဂ ညီလာခံ ကျင်းပချိန်ကာလအတွင်း အမေရိကန်သို့လည်း သွားရောက်ရန် စီစဉ်ထားသည်။ သို့သော် အမေရိကန် ခရီးစဉ်မတိုင်ခင် သွားရောက်မည့် ယခုတရုတ် ခရီးစဉ်ကို ကနဦးသွားရောက်ခြင်းအားဖြင့် သူမအနေဖြင့် အင်အားကြီး နိုင်ငံနှစ်နိုင်ငံအကြား ချိန်ခွင်လျှာတစ်ခုကို ချိန်နိုင်ရန် ကြိုးပမ်းခြင်းဖြစ်ကြောင်း ယူဆနိုင်သည်။

တရုတ်ခရီးစဉ်သည် သူမအတွက် ပထမဆုံးဖြစ်သော အာဆီယံပြင်ပ နိုင်ငံ ခရီးစဉ်လည်းဖြစ်သည်။

မြန်မာနိုင်ငံ၏ နိုင်ငံရေး အတက်အကျ အနိမ့်အမြင့် ဖြစ်စဉ်များနှင့်အတူ ပြီးခဲ့သည့်နှစ်များအတွင်းက တရုတ်-မြန်မာ ဆက်ဆံရေးပိုင်းတွင် စိန်ခေါ်မှုတစ်ချို့ မြင်တွေ့ထားခဲ့ရသည်။

မြန်မာနိုင်ငံအနေဖြင့် မည်သည့်အခါကမှ တရုတ်နိုင်ငံဘက်သို့ ယိမ်းယိုင်ခဲ့ခြင်း မရှိသကဲ့သို့ အများက ထင်ကြေး ပေးထားခဲ့သည့် အနောက်အုပ်စုဘက်သို့လည်း ယိမ်းယိုင်နေခြင်းလည်း မရှိပေ။ မြန်မာ့နိုင်ငံရေး ပြောင်းလဲမှုတွင် ဘက်တစ်ခုခုသို့ လွှဲပြောင်းယိမ်းယိုင်နှုန်းမှာ ထင်သာမြင်သာ ရှိခဲ့ခြင်းမရှိပေ။

မြန်မာအစိုးရအနေဖြင့် ယင်း၏ အမျိုးသားရေး အကျိုးစီးပွားအတွက် စံနှုန်း သတ်မှတ်ချက်များကို ပြန်လည် တည်ဆောက်ထားခဲ့ချိန်တွင် ရှေ့နှစ်ကာလများကတည်းက ရှိထားခဲ့သော ပေါက်ဖော် ဆက်ဆံရေးမှာလည်း ဆက်လက် တည်ရှိနေဆဲဖြစ်သည်။

အာဏာရ လာခဲ့ပြီးနောက်ပိုင်း ဒေါ်အောင်ဆန်းစုကြည်မှာ မန်ဒဲလားနှင့် အလားသဏ္ဍာန်တူသော ခေါင်းဆောင် တစ်ဦး သရုပ်သကန်မျိုး ပြသထားခဲ့သည်။ သူမသည် စစ်တပ်နှင့်လည်း ဆက်ဆံရေးကောင်း တစ်ရပ်ကို ထူထောင်ပြသ နိုင်ခဲ့ပြီး ၂၁ ရာစု ပင်လုံညီလာခံ ကျင်းပကာ အမျိုးသား ရင်ကြားစေ့ရေး ဘက်ကိုလည်း တွန်းအားပေး မောင်းနှင်လုပ်ဆောင်နေလျက်ရှိသည်။

အလားတူ စီးပွားရေး ပြန်လည် နာလန်ထူ တိုးတက်လာရေးအပေါ် အလေးထားသကဲ့သို့ သဘာ၀ ပတ်ဝန်းကျင် ထိန်းသိမ်းစောင့်ရှောက်မှု အပိုင်းကိုလဲ အာရုံစိုက်ထားသည်။ သြဂုတ် ၁၂ ရက်တွင် သမ္မတ ဦးထင်ကျော်မှာလည်း ကာလကြာ ရပ်ဆိုင်းထားခဲ့သည့် မြစ်ဆုံဆည် စီမံကိန်းအပေါ် ပြန်လည်သုံးသပ်ရန် အထူး ကော်မတီတစ်ရပ် ဖွဲ့စည်းပေးခဲ့ခြင်းကြောင့် တရုတ် ငွေကြေးစိုက်ထူထားသည့် စီမံကိန်းကို ပြန်လည် အသက်သွင်းရန် လမ်းကြောင်း ဖော်ဆောင်ခြင်း ဖြစ်နိုင်သည်ဟု ယူဆရသည်။

သို့ရာတွင်လည်း အနောက်အုပ်စု မီဒီယာများမှတဆင့် ဒေါ်အောင်ဆန်းစုကြည်အပေါ် ဝေဖန်သံတစ်ချို့ ထွက်ပေါ် လာခဲ့သည်ကိုလည်း တွေ့ရသည်။ အေပီသတင်းဌာနကလည်း သူမအပေါ်တွင် ကျဆင်း လာနေသော ကြယ်တစ်ပွင့်လား သို့မဟုတ် မျှော်လင့်ချက်တို့ကို ထွန်းငြိပေးမည့် မီးပြတိုက်လား ဟူ၍ မေးခွန်းထုတ်ခဲ့သည်။ အလားတူ နိုဗယ်ငြိမ်းချမ်းရေးဆုရှင်၏ ထွန်းလင်းနိုင်မှုမှာ တည်ရှိ နေသေးသော်လည်း ကမ္ဘာ့အဆင့်တွင်မူ အငွေ့ပျံနေခဲ့ပြီဆိုသော ဆောင်းပါးတစ်ပုဒ်လည်း ဖော်ပြထားခဲ့သည်။

အနောက်အုပ်စုမှ အစဉ်တစိုက် ထောက်ခံအားပေးလာသော အတိုက်အခံ ခေါင်းဆောင်တစ်ဦးမှသည် အစိုးရ လုပ်ငန်းတာဝန်များ ပခုံးထမ်း တင်နေရပြီဖြစ်သော ဒေါ်အောင်ဆန်းစုကြည်အနေဖြင့်   နိုင်ငံတွင် ကြုံတွေ့ လာရမည့် ကိစ္စရပ်အားလုံးနှင့် ထိပ်တိုက်ရင်ဆိုင် ဖြေရှင်းရဦးမည်ဖြစ်သည်။ အနောက်အုပ်စု၏ ထောက်ခံချက်ကောင်း ဆက်လက် ရရှိရေးဘက်ကို လိုက်ခြင်းထက် သူမအနေဖြင့် နိုင်ငံအောင်မြင်ရေး အတွက်သာ ဦးဆောင်ရမည်ဖြစ်သည်။

အလားတူ နိုင်ငံတွင် ဆင်းရဲနွမ်းပါးမှု လျော့ပါး ပပျောက်ရေးနှင့် အမျိုးသားရင်ကြားစေ့ရေး အောင်မြင်နိုင်ခြင်း ရှိမရှိက သူမအပေါ် စောင့်ကြည့်ရမည်ဖြစ်သည်။ အာရှနိုင်ငံများတွင် အမျိုးသားရေး အကျိုးစီးပွားကို ဒီမိုကရေစီ စမှတ်တစ်ခုအဖြစ် သတ်မှတ်ထားရှိ နေလျက်ရှိသည်။ ဒေါ်အောင်ဆန်းစုကြည်နှင့် သူမ၏ NLD ပါတီအတွက်ကမူ တိုင်းရင်းသား စည်းလုံးညီညွတ်ရေး၊ ရင်းနှီးမြုပ်နှံမှု ထည့်ဝင်ရရှိရေးနှင့် ဖွံ့ဖြိုးမှုများအတွက် အခွင့်အလမ်းကောင်းများ ဖန်တီးပေးရေးတို့အပိုင်းတွင် အရေးပါသော မိတ်ဘက်နိုင်ငံများ၏ ကူညီတိုးတက်စေမှု လိုအပ်မည်ဖြစ်သည်။ ယင်းအတွက်ကြောင့် ဒေါ်အောင်ဆန်းစုကြည်အနေဖြင့် တရုတ်ကို ဆက်လက် အရေးတစ်ယူ ဆက်ဆံရန်လိုအပ်သည်။

ပြီးခဲ့သည့်ကာလများအတွင်းကမူ ပေကျင်းအစိုးရနှင့် ဆက်ဆံမှုပိုင်းမှာ နီးနီးကပ်ကပ် မရှိခဲ့ဘဲ ကြီးမားသော ပူးပေါင်း ဆောင်ရွက်မှု စီမံကိန်းများသည်လည်း ပြန်လည် ဆုတ်ခွာသွားမှုများ ရှိထားခဲ့သည်။ သို့ရာတွင် တရုတ်၏ အိမ်နီးချင်းကောင်းမူဝါဒနှင့် အမျိုးသားအင်အားအပိုင်းကိုမူ လျစ်လျူရှုထား၍ ရနိုင်မည်မဟုတ်ပေ။

လက်ရှိ အခြေအနေများအရ အင်အားကြီးနိုင်ငံများအကြား ချိန်ခွင်လျှာညိရန် လိုအပ်ကြောင်း သဘောပေါက် နားလည်ထားရန်လိုသည်။

တရုတ်-အမေရိကန် ဆက်ဆံမှုက အမေရိကန်-ရုရှ ဆက်ဆံမှုကဲ့သို့ ဖြစ်မလာသေးသရွေ့ စစ်အေးခေတ် နိုင်ငံရေးအယူဝါဒ အစွဲအလမ်းကြီးမှုများ နောက်တစ်ကြိမ် ပေါ်ပေါက် လာဦးမည် မဟုတ်ပေ။ ဒေါ်အောင်ဆန်းစုကြည်ဦးဆောင်သော အစိုးရအနေဖြင့် အမေရိကန်နှင့် အနောက်အုပ်စုတို့နှင့် ဆက်ဆံမှုပိုင်းကိုလည်း ဆက်လက် အလေးထားသွားမည်ပင်ဖြစ်သည်။   မြန်မာနိုင်ငံအတွက် တရုတ်၏ အရေးပါနေမှုမှာ ကမ္ဘာ့အလယ်တွင် တရုတ်၏ ရပ်တည်နိုင်မှု အခြေအနေ အင်အားဖြင့်သာ ဆုံးဖြတ် ပေးသွားမည်ဖြစ်သည်။

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly