ဒေါ်စု တရုတ်ခရီးစဉ်သည် မြစ်ဆုံဆည် စီမံကိန်း ပြန်စရန် အလားအလာကောင်းဟု တရုတ်သတင်းစာရေး

ဒေါ်စု တရုတ်ခရီးစဉ်သည် မြစ်ဆုံဆည် စီမံကိန်း ပြန်စရန် အလားအလာကောင်းဟု တရုတ်သတင်းစာရေး
- မြစ်ဆုံဆည် စီမံကိန်း ရပ်ဆိုင်းပေးရန် မလေးရှားနိုင်ငံရှိ မြန်မာသံရုံးရှေ့တွင် တောင်းဆိုဆန္ဒပြနေကြသူများကို စက်တင်ဘာ ၂၂ ရက် ၂၀၁၁ ခုနှစ်က တွေ့ရစဉ် (ဓာတ်ပုံ - အီးပီအေ)

၂၀၁၁ ခုနှစ်မှစကာ ရပ်ဆိုင်းထားရသည့် တရုတ်တို့၏ မြစ်ဆုံဆည် စီမံကိန်းမှာ နိုင်ငံတော် အတိုင်ပင်ခံပုဂ္ဂိုလ် ဒေါ်အောင်ဆန်းစုကြည်၏ တရုတ်ခရီးစဉ်မတိုင်ခင် အလှည့်အပြောင်းတစ်ခုသို့   ရောက်ရှိလာတော့မည်ဟု ခန့်မှန်းရသည်။

သတင်းမီဒီယာများ၏ ဖော်ပြချက်များအရ မြန်မာအစိုးရသည် မြစ်ဆုံဆည် စီမံကိန်းအပါအဝင် ကချင်ပြည်နယ်ရှိ ရေအားလျှပ်စစ် စီမံကိန်းများကို ပြန်လည်သုံးသပ်ရန် ကော်မတီတစ်ရပ် ဖွဲ့စည်းခဲ့သည်။ အဆိုပါ လုပ်ဆောင်မှုက အစိုးရသစ်အနေဖြင့် စီမံကိန်းပြန်စမည့် သဘောကို ဆောင်နေသည်ဟု အကဲဖြတ်များက သုံးသပ် ထင်မြင်နေကြ သကဲ့သို့  အစိုးရသစ်လက်ထက် တရုတ်-မြန်မာ စီးပွားရေးဆက်ဆံမှုဆိုင်ရာ ရပ်တည်ချက်ကို ပြသရန်နှင့် အနောက်အုပ်စုနှင့် အာရှက တရုတ်တို့အကြား ရပ်တည်ချက်ကို ပြသသွားမည်ဟု မျှော်လင့်နေကြသည်။

အလားတူ ဒေါ်အောင်ဆန်းစုကြည်၏ တရုတ်ခရီးစဉ်အတွင်း သတင်းကောင်းများကို ကြားရရန် မျှော်လင့်နေကြပြီး အစိုးရသစ် အနေဖြင့်လည်း နှစ်နိုင်ငံ စီးပွားရေးဆက်ဆံမှု၏ ထိလွယ်ရှလွယ်အဖြစ်ဆုံး ကိစ္စရပ်များကို စတင်ကိုင်တွယ် ဖြေရှင်းသွားတော့မည်ဟု ယူဆရသည်။ သို့ရာတွင်လည်း ခရီးစဉ်အတွင်းမှာပင် ကာလအတန်ကြာ ပြဿနာ ဖြစ်နေခဲ့သော မြစ်ဆုံဆည်ကိစ္စရပ်ကို အပြီးတိုင် ဖြေရှင်းနိုင်မည်ဆိုသည်ကတော့ လက်တွေ့ကျကျ ယူဆ၍ ရနိုင်မည် မဟုတ်ပေ။

မြန်မာနိုင်ငံတွင်မူ အဆိုပါ ဆည်တည်ဆောက်မှု စီမံကိန်းနှင့် ပတ်သက်၍ အစိုးရသစ်၊ ပြည်တွင်းလက်နက်ကိုင် အုပ်စုများ၊ အစိုးရမဟုတ်သော အဖွဲ့အစည်းများ၊ ဒေသခံ ပြည်သူလူထု စသည့် မတူညီသည့် အုပ်စုများထံမှ ကွဲပြားခြားနားသော ထင်မြင်ယူဆချက်များ ထွက်ပေါ်နေခဲ့ပြီးဖြစ်သည်။

အကယ်၍ အစိုးရအနေဖြင့် ကာလကြာ ရပ်ဆိုင်းထားသည့် မြစ်ဆုံဆည် စီမံကိန်းကို ပြန်စရန် မျှော်လင့်ကောင်း မျှော်လင့်နိုင်သော်လည်း တရုတ်၏ ရင်းနှီးမြှုပ်နှံသူများ အနေဖြင့်ကမူ နိုင်ငံရေးနှင့် လူ့အဖွဲ့အစည်းများထံမှ ထောက်ခံမှု ရရှိနိုင်မည် မဟုတ်သောကြောင့် စီမံကိန်း ဖော်ဆောင်ရေးလမ်းကြောင်း ဖြောင့်ဖြူးနိုင်မည်တော့ မဟုတ်ပေ။

အဆိုပါ မြစ်ဆုံဆည် စီမံကိန်းမှာ ကချင်လွတ်မြောက်ရေး တပ်မတော် ရှိနေသည့် ကချင်ပြည်နယ်ထဲတွင် တည်ရှိနေလျက် ရှိသည်။ လက်ရှိ ဒေသခံ နိုင်ငံရေးလှုပ်ရှားမှု အဖွဲ့အစည်းများ၏ သဘောထားအရဆိုလျင် တရုတ်တို့ အနေဖြင့် အစိုးရနှင့် မည်သည့် သဘောတူညီချက်မျှ လုပ်ဆောင်နိုင်မည်မဟုတ်ဘဲ ဒေသတွင်း နိုင်ငံရေးအင်အားကို လေးစားရရန် ရှိနေကာ စီမံကိန်းအပေါ် လူထုသဘောထားများကိုလည်း နားထောင်သွားရမည်ပင်ဖြစ်သည်။

လက်ရှိအချိန်တွင်မူ တရုတ်တို့အနေဖြင့် စီမံကိန်းအပေါ် အခြားရှုထောင့်မှ ထောက်ခံမှုရနိုင်သည့် အခွင့်အလမ်း တစ်ခုလည်း ရှိနေသည်။ ယင်းမှာ အရှေ့တောင်အာရှ မြန်မာနိုင်ငံသည် လက်ရှိအချိန်တွင် ယင်း၏ တိုးတက် လိုအပ်လာနေသော လျှပ်စစ်စွမ်းအင် လိုအပ်ချက်များကို ဖြည့်ဆည်းနိုင်ရန် ရေအားလျှပ်စစ် စီမံကိန်းများ အရေးတစ်ကြီး လိုအပ်နေသည်။

ယင်းအပြင် အစိုးရသစ်မှာလည်း နိုင်ငံ၏ စီးပွားရေး အင်ဂျင်ကို ပြန်လည်စတင် မောင်းနှင်နေလျက်ရှိသည်။ မီဒီယာဖော်ပြချက်များအရ တာဝန်ရှိသူတစ်ချို့သည် နိုင်ငံရှိ ရေအားလျှပ်စစ် စီမံကိန်းများကို ထောက်ခံကြရန် လူထုကို တိုက်တွန်းနေသည်ဟု သိရသည်။ မြန်မာနိုင်ငံတွင် လက်တစ်လော နိုင်ငံလူဦးရေ၏ သုံးပုံ ပုံတစ်ပုံသာ လျှပ်စစ်မီး သုံးစွဲနေရသည်။

အလားတူ မီဒီယာသတင်းများအရ မြန်မာအစိုးရအနေဖြင့် မြစ်ဆုံဆည် စတင်လည်ပတ် နိုင်ခဲ့ပါက ထုတ်လုပ်သည့် လျှပ်စစ်ဓါတ်အား ၁၀ ရာခိုင်နှုန်းကို အလကားရရှိစရာ ရှိနေသည်ဟုသိရသည်။ ခန့်မှန်းရမည်ဆိုပါက မြန်မာပြည်သူ လူထုအကြား ယုံကြည်အားထားခံရဆုံး ပုဂ္ဂိုလ်ဖြစ်သည့် ဒေါ်အောင်ဆန်းစုကြည်အနေဖြင့် လာမည့် တရုတ်ခရီးစဉ်တွင် စီမံကိန်းနှင့်ပတ်သက်၍ အပြုသဘောဆောင်သော သဘောထား ရပ်တည်ချက်ကို ပြသမည်ဟု ယူဆရသည်။ အလားတူ တရုတ်အစိုးရက ငွေကြေးစိုက်ထူထားသည့် ရေအားလျှပ်စစ် စီမံကိန်းအပေါ် ပြည်တွင်းက ပြည်သူလူထုသည် သတိဖြင့် စောင့်ကြည့် ကန့်ကွက်မည့် အခြေအနေများကိုပါ ပြေလျော့ သွားစေနိုင်သည်ဟု ခန့်မှန်းရသည်။

( Global Times အင်တာနက် စာမျက်နှာတွင် ဖေါ်ပြသည့် “Hopefully Suu Kyi’s China visit will show positive attitude toward Myitsone dam” ကို ဘာသာပြန်ဆိုဖေါ်ပြပါသည်။ )

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly