အစိ်ုးရသစ်လက်ထက် လေးလတာ၌ နိုင်ငံခြားတိုက်ရိုက်ရင်းနှီးမြုပ်နှံမှုများ သိသိသာသာ ကျဆင်း

အစိ်ုးရသစ်လက်ထက် လေးလတာ၌ နိုင်ငံခြားတိုက်ရိုက်ရင်းနှီးမြုပ်နှံမှုများ သိသိသာသာ ကျဆင်း

ဒေါ်အောင်ဆန်းစုကြည်ဦးဆောင်သော အစိုးရ၏ လေးလတာကာလ အတောအတွင်း ရင်းနှီးမြုပ်နှံသူများက ဒီမိုကရေစီအကူးအပြောင်းအပေါ် သတိထားစောင့်ကြည့်နေ၍   နိုင်ငံခြားတိုက်ရိုက် ရင်းနှီးမြုပ်နှံမှုသည်  ပြီးခဲ့သည့် တစ်နှစ်ကထက် သိသိသာသာ ကျဆင်းကြောင်း အစိုးရသတင်းအချက်အလက်များက ဖော်ပြသည်။

မြန်မာနိုင်ငံ၏ ဘဏ္ဍာနှစ်၏ ပထမလေးလဖြစ်သော ဧပြီလမှ ဇူလိုင်လအတွင်း နိုင်ငံခြားကုမ္ပဏီများ၏ ရင်းနှီးမြုပ်နှံမှုက အမေရိကန်ဒေါ်လာ သန်း ၃၈၀ ရှိခဲ့ရာ ပြီးခဲ့သည့်နှစ် အလားတူကာလက ဒေါ်လာ ၂ ဒဿမ ၆ ဘီလီယံမှ သိသိသာသာ ထိုးကျသွားခြင်းဖြစ်ကြောင်း ရင်းနှီးမြုပ်နှံမှုနှင့် ကုမ္ပဏီများ စီမံခန့်ခွဲမှုရုံးက ထုတ်ပြန်သည်။

ရာစုနှစ်ဝက်ကျော်အတွင်း အကြီးဆုံးနိုင်ငံရေးအပြောင်းအလဲကာလတွင် ငွေကြေးရင်းနှီးရမည်ကို တွန့်ဆုတ်နေခြင်း၊ ရင်းနှီးမြုပ်နှံမှုသစ်များကို အတည်ပြုပေးမည့် ကော်မတီသစ်ဖွဲ့စည်းမှုတွင်   နှောင့်နှေးခြင်းနှင့် စီးပွားရေးစီမံကိန်းသစ်မှာလည်း အသေးစိတ်အချက်အလက်များ မရှိခြင်းတို့အပေါ် စီးပွားရေးနယ်ပယ်မှ ပုဂ္ဂိုလ်များနှင့် တာဝန်ရှိသူများက ထောက်ပြသည်။

“အစိုးရ အပြောင်းအလဲနဲ့ ဥပဒေအပြောင်းအလဲတွေကြောင့် ရင်းနှီးမြုပ်နှံမှုကြီးအချို့ လက်တွန့်နေတာဖြစ်တယ်လို့ ကျွန်တော် ထင်တယ်။”ဟု Union of Myanmar Federation of Chambers of Commerce and Industry မှ ဥက္ကဌဖြစ်သူ ဦးဝင်းအောင်က ပြောသည်။

“အပြောင်းအလဲနဲ့အတူ ဖြစ်လာနိုင်တဲ့ ဘေးများအပေါ်လည်း စိုးရိမ်နေကြတာဖြစ်ပါတယ်။ အခြေအနေတွေ တည်တည်ငြိမ်ငြိမ်ဖြစ်မှ ရင်းနှီးမြုပ်နှံမှုတွေ ထည့်ဝင်ကြမယ့် သဘောပဲ။ အခု ဖော်ပြတဲ့ ပထမသုံးလပတ် ရင်းနှီးမြုပ်နှံမှု ပမာဏက ဘဏ္ဍာနှစ်တစ်နှစ်လုံးအတွက် အကဲဖြတ်လို့ မရဘူးလို့ ကျွန်တော်ပြောချင်တယ်။”ဟု ၎င်းက ဆိုသည်။

ယခုရင်းနှီးမြုပ်နှံမှုများသည် သယ်ယူပို့ဆောင်ရေး၊ ကုန်ထုတ်လုပ်မှုတို့မှသည် ဆက်သွယ်ရေးစသည့် ကဏ္ဍာများမှ စီမံကိန်း ၁၃ ခုမှ ဒေါ်လာ သန်း ၃၈၀ ရရှိခြင်းဖြစ်ကြောင်း ရင်းနှီးမြုပ်နှံမှုနှင့် ကုမ္ပဏီများ စီမံခန့်ခွဲမှုရုံး ညွန်ကြားရေးမှူးချုပ် ဦးကျော်ဝင်းထွန်းက ပြောသည်။

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly