အမေရိကန်လေကြောင်းတိုက်ခိုက်မှုကြောင့် အိုင်အက်စ် ထိပ်တန်းခေါင်းဆောင်တစ်ဦး အာဖဂန်နစ္စတန်တွင် သေဆုံးသွားခဲ့ပြီဟု ဆို

အမေရိကန်လေကြောင်းတိုက်ခိုက်မှုကြောင့် အိုင်အက်စ် ထိပ်တန်းခေါင်းဆောင်တစ်ဦး အာဖဂန်နစ္စတန်တွင် သေဆုံးသွားခဲ့ပြီဟု ဆို

သြဂုတ် ၁၃ ။             ။ အာဖဂန်နစ္စတန်နှင့် ပါကစ္စတန် နိုင်ငံတို့တွင် ခြေကုပ်ယူကာ လှုပ်ရှားနေခဲ့သည့် အိုင်အက်စ်ထိပ်တန်းခေါင်းဆောင်တစ်ဦး ပြီးခဲ့သည့်လက အမေရိကန်တို့၏ လေကြောင်း တိုက်ခိုက်မှုတစ်ခုအတွင်း သေဆုံးသွားခဲ့ဟု သိရသည်။

အာဖဂန် အရှေ့ပိုင်း နန်ဂါဟာပြည်နယ်ရှိ လေကြောင်းတိုက်ခိုက်မှုတစ်ခုတွင် အဆိုပါ အစ္စလမ္မစ် နိုင်ငံတော်အကြမ်းဖက်အဖွဲ့၏ ခေါင်းဆောင်တစ်ဦးဖြစ်သည့် ဟာဖစ် ဆေအစ်ခန် သေဆုံးခဲ့ကြောင်း အာဖဂန်ထောက်လှမ်းရေး အေဂျင်စီက အတည်ပြုသည်။

သို့သော် ယင်းတိုက်ခိုက်မှုတွင် ဟာဖစ် ရှင်သန်လွတ်မြောက်ခဲ့ကြောင်းလည်း အိုင်အက်စ်တို့ဘက်မှ ခုခံချေပထားသည်။

မည်သို့ပင်ဖြစ်စေကာမူ ယမန်လ ၂၆ ရက်ကလုပ်ဆောင်ခဲ့သည့် လေကြောင်းစစ်ဆင်ရေးအတွင်း အဆိုပါ အကြမ်းဖက်ခေါင်းဆောင်သေဆုံးခြင်းမှာ မှန်ကန်ကြောင်းအမေရိကန်တို့ဘက် ယုံကြည်ထားသည်။

ယခုကဲ့သို့ အာဖဂန်နှင့် ပါကစ္စတန်တို့ကို ခြေကုပ်ယူလှုပ်ရှားနေသည့် ခေါင်းဆောင် သေဆုံးခြင်းကြောင့် အိုင်အက်စ်အဖွဲ့၏ ဒေသတွင်း တိုးချဲ့နိုင်ရန် ကြိုးပမ်းနေမှုကို အားလျော့သွားစေခဲ့ပြီဖြစ်ကြောင်း အမေရိကန်တို့က ပြောကြားခဲ့သည်။

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly