(၂၁)ရာစုပင်လုံညီလာခံကို ကာတွန်းဆရာ ၁၀၀ကျော်ထောက်ခံ

(၂၁)ရာစုပင်လုံညီလာခံကို ကာတွန်းဆရာ ၁၀၀ကျော်ထောက်ခံ

ရန်ကုန်၊ သြဂုတ် ၁၂ ။               ။ တိုင်းပြည်ဖွံ့ဖြိုးတိုးတက်ချိန်တန်ပြီဖြစ်၍ ပြည်တွင်းစစ်ရပ်တန့်ရေး နှင့် ငြိမ်းချမ်းရေးကို ရှေ့ရှု၍ (၂၁)ရာစုပင်လုံညီလာခံကို ကြိုဆိုထောက်ခံသောအားဖြင့်   မြန်မာတစ်နိုင်ငံလုံးမှ ကာတွန်းဆရာများ တစ်ရာကျော်စုပေါင်းကာ ငြိမ်းချမ်းရေးကာတွန်းပြပွဲကို ကျင်းပခဲ့သည်။

"ကာတွန်းဆရာကတော့ ကျွန်တော်တို့ ဘယ်အစိုးရပဲတက်တက် ချို့ယွင်းချက်၊ ဟာကွက်လေးတွေကိုတော့ ထောက်ပြရမှာပဲ၊ ထောက်ပြမယ်ဆိုတာ ဒီအစိုးရနဲ့ ပြည်သူကြားက ပေါင်းကူးဆက်သွယ်ရေးကိရိယာ၊ ဒီကာတွန်းတွေသည် ပြည်သူ့ဆန္ဒကိုထင်ဟပ်စေတယ်" ဟု ကာတွန်းဆရာကြီး ဦးငွေကြည်က မဇ္ဈိမသို့ ပြောကြားသည်။

လက်ရှိအနေအထားတွင် စစ်ပွဲများရပ်ထားပြီး ငြိမ်းချမ်းရေးပင်လုံညီလာခံ၌ လက်မှတ်ရေးထိုးနိုင်ရန် ဆွေးနွေးနေကြသည့်အတွက် ငြိမ်းချမ်းရေးဖြစ်စဉ်ကို သရော်ရေးဆွဲထားခဲ့သည့် ကာတွန်းများကို ဖယ်ကာ ငြိမ်းချမ်းရေးကိုကြိုဆိုသည့် ကာတွန်းများကိုသာ ယခုပြပွဲတွင် ပြသထားကြောင်း (သတင်းပြန်ကြားရေး) ကာတွန်းဆရာဖောင်းဖောင်းက ပြောသည်။

"ကျွန်တော်တို့ရပ်တည်တာကတော့ ပြည်သူလူထုအတွက်ပဲရပ်တည်မယ်၊ အစိုးရမှားရင် ထောက်ပြမှာပဲ၊ အစိုးရမှန်နေတယ်ဆိုရင် ကျွန်တော်တို့ထောက်ခံမယ်၊ အခုလက်ရှိ အစိုးရက (၂၁)ရာစုပင်လုံညီလာခံကြီးကို လုပ်မယ်၊ ဒါ အရမ်းမှန်ကန်တဲ့ကိစ္စ၊ မှန်ကန်တဲ့ ကိစ္စဖြစ်တဲ့အတွက် ကျွန်တော်တို့ထောက်ခံပြီးတော့ ကြိုဆိုတာဖြစ်ပါတယ်"ဟု ၎င်းက မဇ္ဈိမသို့ပြောသည်။

ငြိမ်းချမ်းရေးကာတွန်းပြပွဲကို ယနေ့နံနက် ၉နာရီတွင် ရန်ကုန်မြို့တော်ခန်းမရှေ့ရှိ မဟာဗန္ဓုလပန်းခြံရှေ့တွင် ကျင်းပပြုလုပ်ခဲ့သည်။ ၎င်းပြပွဲတွင် ကာတွန်းဆရာများက ကာတွန်းကားပေါင်း (၂၀၀)ကျော်ကို ပြသထားပြီး ပြပွဲကိုလည်း နံနက် ၉ နာရီမှာ ညနေ ၆ နာရီထိ ပြသသွားမည်ဖြစ်ကြောင်း၊ ငြိမ်းချမ်းရေးကို ကြိုဆိုသော အနေဖြင့်ကာတွန်းပြပွဲကို သြဂုတ်လ ၁၂ ရက်မှ သြဂုတ်လ ၁၄ ရက်ထိ ၃ ရက်ကြာ ပြသသွားမည်ဟုလည်း ၎င်းပွဲမှသိရသည်။

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly