ရခိုင်ပြည်လွတ်မြောက်ရေးပါတီ ပြန်ကြားရေးဌာန ဒုတိယတာဝန်ခံ လွတ်မြောက်ရေး ဒေသခံများ တောင်းဆို

ရခိုင်ပြည်လွတ်မြောက်ရေးပါတီ ပြန်ကြားရေးဌာန ဒုတိယတာဝန်ခံ လွတ်မြောက်ရေး ဒေသခံများ တောင်းဆို

 သြဂုတ် ၁၂ ရက် ။              ။ ရခိုင်ပြည်နယ်အတွင်းဖြစ်ပွားခဲ့သည့် တိုက်ပွဲများကြောင့် လူ့အခွင့်အရေး ဆုံးရှုံးနစ်နာခဲ့ရကြောင်း ထုတ်ဖေါ်ပြောဆိုရာမှ ဖမ်းဆီးခံထားရသည့် ရခိုင်ပြည်လွတ်မြောက်ရေးပါတီ ALP ၏ ပြန်ကြားရေးဌာန ဒုတိယတာဝန်ခံ ဦးခိုင်မျိုးထွန်း ပြန်လည်လွတ်မြောက်ရေးအတွက် ယနေ့ သြဂုတ် ၁၂ ရက် နံနက်ပိုင်းက စစ်တွေမြို့ တရားလွှတ်တော်ရုံးရှေ့တွင် ရာနှင့်ချီသည့် ဒေသခံများက တောင်းဆိုဆန္ဒဖော်ထုတ်ခဲ့ကြသည်။

၎င်းအား ဇူလိုင်လ ၂၅ ရက်နေ့က ဖမ်းဆီး လိုက်ခြင်းဖြစ်ကာ ပုဒ်မ ၅၀၅ (ခ)၊ (ဂ) ဖြင့်စွဲချက်တင်ကာ စစ်တွေတရားလွှတ်တော်ရုံးတွင် စစ်ဆေးမှု ခံယူလျှက်ရှိပြီး ယနေ့ သြဂုတ်လ ၁၂ ရက်နေ့တွင် ခိုင်မျိုးထွန်းအား တတိယအကြိမ်ရုံးထုတ်ရက်ဖြစ်သည့် အတွက် လာရောက်တောင်းဆိုခဲ့ခြင်း ဖြစ်ကြောင်း ဆန္ဒဖော်ထုတ်သူများက ပြောသည်။

“အခုအဖမ်းခံထားရတဲ့ ခိုင်မျိုးထွန်းဟာ လူ့အခွင့်အရေးအတွက် လုပ်ခဲ့သူဖြစ်ပါတယ်။ ကျွန်တော်တို့ အခွင့်အရေး တွေအတွက် ပြောဆိုခဲ့သူဖြစ်တာကြောင့် ကျွန်တော်တို့ အခုလိုလာရောက်ပြီးတော့ သူ့ကို လွှတ်ပေးဖို့တောင်းဆိုတာဖြစ်ပါတယ်။ သူ အမှုရင်ဆိုင်နေရာတဲ့အခြေအနေကတော့ ဘယ်လိုဖြစ်လာမယ်ဆိုတာကိုတော့ မသိရသေးဘူး။ ဒီနေ့ တရားရုံးရှေ့ကိုရောက်လာတဲ့ လူအင်အားကတော့ အများကြီးပါပဲ။ မြို့နယ်တော်တော်များများက လာခဲ့ကြတာ ဖြစ်ပါတယ်။ အခု ကျွန်တော်တို့တောင်းဆိုတာက ခိုင်မျိုးထွန်း ကျန်းကျန်းမာမာရှိပါစေ၊ အမြန်လွတ်မြောက်ပါစေလို့ တောင်းဆိုတာပါ။ ချက်ချင်းလွှတ်ပေးစေချင်ပါတယ်။” ဟု တောင်းဆိုမှုပြုလုပ်ခဲ့သူ ကျောက်ဆိပ်ကျေးရွာမှ ကိုထွန်းလှကပြောသည်။

ခိုင်မျိုးထွန်းမှာ ရခိုင့်သယံဇာတနှင့် သဘာဝပါတ်ဝန်းကျင်ဆိုင်ရာ ကွန်ရက်၏ ဒါရိုက်တာအဖွဲ့ဝင်တစ်ဦးလည်းဖြစ်သည့် အတွက် အမှုနှင့်ပါတ်သက်၍ လိုအပ်ချက်များအား အဆိုပါအဖွဲ့မှ လိုက်ပါဆောင်ရွက်ပေးလျှက်ရှိကြောင်း ဒေါ်ညိုအေးက ပြောသည်။

“အမှုနဲ့ပါတ်သက်ပြီးတော့ သူတို့ ရခိုင်ပြည်လွတ်မြောက်ရေး တပ်မတော်ဘက်က လိုက်ပါဆောင်ရွက်ပေးနေသလို ကျွန်မတို့ ရခိုင့်သယံဇာတနဲ့ သဘာဝပါတ်ဝန်းကျင် ဆိုင်ရာ ကွန်ရက်ကလည်း   ရှေ့နေကိစ္စတွေ၊ အာမခံရရှိရေးကိစ္စတွေကို လိုက်ပြီးတော့ ဆောင်ရွက်ပေးနေတာဖြစ်ပါတယ်။ ဒီနေ့ အမှုစစ်ဆေးတာကတော့ တရားလိုတစ်ယောက်တည်းကိုပဲ စစ်သေးတာပါ။ နောက်တစ်ကြိမ်အဖြစ် ၁၉ ရက်နေ့ကို ထပ်ပြီး ချိန်းလိုက်ပါတယ်။ ဒီနေ့သူ့ကို အားပေးတဲ့ ပြည်သူတွေ လာရောက် တောင်းဆိုမှုပြုလုပ်ကြတဲ့ အတွက် ခိုင်မျိုးထွန်းရဲ့ အမှုအပေါ်မှာ တစ်စုံတစ်ရာ ထိခိုက်မှုမရှိနိုင်ဘူးလို့ သုံးသပ်ပါတယ်။”

တောင်းဆိုမှုပြုလုပ်ခဲ့သူများမှာ တရားရင်ဆိုင်နေရသူ၏ ရုပ်ပုံဖြင့် လူ့အခွင့်အရေးလှုပ်ရှားသူ ခိုင်မျိုးထွန်း စာသားပါ ပိုစတာများကိုင်ဆောင်ထားပြီး ခိုင်မျိုးထွန်းအား ချက်ချင်းလွှတ်စသည့် စာသားပါ တီရှပ်များကို ဝတ်ဆင်ကာ တောင်းဆိုမှုများ ပြုလုပ်ခဲ့ကြောင်း ယင်းသို့ တောင်းဆိုမှုများပြုလုပ်ခဲ့သည့် အတွက်လည်း အမှုမှ လွတ်မြောက်လာရန်ယုံကြည်ကြောင်း ဆန္ဒဖော်ထုတ်သူများက ပြောသည်။

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly