အမျိုးသမီး ၉၀ ဦးပါသည့် တ.စ.ည ပါတီ၏ အမတ်လောင်းများ အပြီးသတ် ရွေးချယ်

အမျိုးသမီး ၉၀ ဦးပါသည့် တ.စ.ည ပါတီ၏ အမတ်လောင်းများ အပြီးသတ် ရွေးချယ်

ရန်ကုန်၊ ဇူလိုင် ၁၀ ။     ။၂၀၁၅ ခုနှစ် အထွေထွေ ရွေးကောက်ပွဲဝင်ရန် အမျိုးသမီး ၉၀ ဦး ပါဝင်သည့် အမတ်လောင်း ၇၄၉ ဦးကို အပြီးသတ်ရွေးချယ်ပြီးစီးပြီဟု တိုင်းရင်းသားစည်းလုံးညီညွတ်ရေးပါတီ ဗဟို အလုပ်အမှု ဆောင် ဦးထွန်းရီက ဇူလိုင် ၁၀ ရက်တွင် မဇ္ဈိမကို ပြောသည်။

၎င်းက “ပါတီတွေက ဦးရေပါဝင်မှုကို များများလုပ်ပေးနိုင်ရုံပဲ။ သူတို့က မဲဆန္ဒရှင်တွေ၊ အမျိုးသမီးတွေ အောက်ခြေ လူထုနဲ့ထိတွေ လူထုအတွက် လုပ်ပေးဖို့ပဲ။ နိုင်ငံတကာမှာလည်း အမျိုးသမီးပါဝင်မှုများတယ်။ ပြည်တွင်းကဆို ၃၀ ရာခိုင်နှုန်း ပါသင့်တယ်လို့ပြော တာရှိတယ်။ အဲဒီလိုပဲ တ.စ.ည က အမျိုးသမီးနဲ့ လူငယ်တွေကို ဦးစားပေးခဲ့တာပဲ” ဟု ဆိုသည်။

ရွေးကောက်ပွဲ ဝင်ရောက်မည့် အမတ်လောင်းများကို တက္ကသိုလ်ရိပ်သာလမ်းသစ်ရှိ တ.စ.ည ပါတီဌာနချုပ် တွင် ဇူလိုင် ၇ ရက်မှ ၉ ရက်အထိ ပြုလုပ်သည့် ဗဟိုအလုပ်အမှုဆောင်များနှင့် တိုင်း/ပြည်နယ် ဥက္ကဋ္ဌ များ အစည်း အဝေးတွင် အပြီးသတ်ရွေးချယ် သတ်မှတ်ခဲ့ခြင်းဖြစ်သည်။

၂၀၁၅ ခုနှစ် ရွေးကောက်ပွဲတွင် အမျိုးသမီးအမတ်လောင်းအများစု ပါဝင်နိုင်ရေးအတွက် ၂၀၁၀ ပြည့်နှစ် ရွေးကောက်ပွဲ အပြီးက ပင်ပါတီတွင်း အမျိုးသမီးကော်မတီကို သီးသန့်ဖွဲ့စည်းကာ နိုင်ငံရေးတွင် အမျိုးသမီးပါဝင်မှု များပြားလာအောင် ဦးတည်ဆောင်ရွက် ကာ အမတ်လောင်း ရွေးချယ်ရာတွင်လည်း တစ်မြို့နယ် တစ်ယောက် ပါဝင်နိုင်ရေးကို ဦးစားပေးခဲ့သည်ဟု တ.စ.ည ပါတီထံမှ သိရသည်။

ဦးထွန်းရီက “အခုပါတဲ့ အမျိုးသမီးတွေက ဝန်ထမ်းဟောင်း အနည်းငယ်ရယ်၊ အသက် ၂၅ နှစ်နဲ့ ၃၀ အကြား လူငယ်ဘွဲ့ရတွေ အများစုပါတယ်” ဟု ဆိုသည်။

အမျိုးသမီး အမတ်လောင်း ၉၀ အပါအဝင် အမတ်လောင်း ၇၄၉ ဦးတို့က မြို့နယ်ပေါင်း ၂၄၃ နေရာရှိ အမျိုးသားလွှတ်တော် နေရာ ၁၀၁ နေရာ၊ ပြည်သူ့လွှတ်တော်နေရာ ၂၀၂ နေရာ၊ တိုင်း/ပြည်နယ်လွှတ်တော် ၄၃၁ နေရာနှင့် တိုင်းရင်းသားရေးရာ ဝန်ကြီး ၁၅ နေရာတို့ကို ဝင်ရောက်မည်ဟု တ.စ.ည ၏ ဇူလိုင် ၇ ရက်မှ ၉ ရက် အထိ ပြုလုပ်သည့် အစည်းအဝေးက ဆုံးဖြတ်ခဲ့သည်။

၂၀၁၅ ခုနှစ် အထွေထွေ ရွေးကောက်ပွဲအတွက် ကော်မရှင်က မဲဆန္ဒနယ်ပေါင်း ၁,၁၇၁ နေရာ ထိ ရှိကြောင်းထုတ်ပြန်ထားပြီး မကျင်းပနိုင်သည့် မဲဆန္ဒနယ်များကို ရွေးကောက်ပွဲ မကျင်းပမီ တစ်လအတွင်း ထုတ်ပြန်ပေးမည် ဟုပြည်ထောင်စုရွေးကောက် ပွဲကော်မရှင် ပြောရေးဆိုခွင့်ရှိသူ ဦးလှမောင်ချိုက ပြောသည်။

၂၀၁၅ ခုနှစ် အထွေထွေ ရွေးကောက်ပွဲကို နိုဝင်ဘာ ၈ ရက်တွင် ကျင်းပမည်ဖြစ်ပြီး ဝင်ရောက်မည့် ကိုယ်စားလှယ်စာရင်းကို ဇူလိုင်၂၀ မှ သြဂုတ် ၈ ရက်အတွင်း တင်ပြရမည်ဖြစ်ပြီး ဇူလိုင် ၂၁ ရက်တွင် ကိုယ်စားလှယ်လောင်း စိစစ်အတည်ပြု မည်ဖြစ်ကြောင်း ပြည်ထောင်စု ရွေးကောက်ပွဲကော်မရှင်က ဇူလိုင် ၈ ရက်က ထုတ်ပြန်ထားသည်။

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly