ရွေးကောက်ပွဲ မတိုင်မီ အပစ်ရပ်စာချုပ် လက်မှတ်ရေးထိုးရေး သဘောတူညီပြီးဖြစ်ဟု အဆင့်မြင့် ကိုယ်စားလှယ်အဖွဲ့ဝင် ပြော

ရွေးကောက်ပွဲ မတိုင်မီ အပစ်ရပ်စာချုပ် လက်မှတ်ရေးထိုးရေး သဘောတူညီပြီးဖြစ်ဟု အဆင့်မြင့် ကိုယ်စားလှယ်အဖွဲ့ဝင် ပြော
ပြည်ထောင်စု ငြိမ်းချမ်းရေးဖော်ဆောင်ရေးလုပ်ငန်းကော်မတီ(UPWC) နှင့် တစ်နိုင်ငံလုံး အပစ်အခတ် ရပ်စဲရေးဆိုင်ရာ အဆင့်မြင့် ညှိနှိုင်းရေးကိုယ်စားလှယ်အဖွဲ့ (Senior Delegation-SD )တို့ ဇွန်လ ၄ ရက်က ထိုင်းနိုင်ငံ၊ ချင်းမိုင်မြို့၌ ဆွေးနွေးစဉ်။ ဓာတ်ပုံ - ဖနိဒါ

ရန်ကုန်၊ ဇူလိုင် ၁၀ ။   ။ ၂၀၁၅ ခုနှစ် ရွေးကောက်ပွဲ မတိုင်မီ အပစ်အခတ်ရပ်စဲရေးစာချုပ် NCA လက်မှတ်ရေးထိုး နိုင်ရန် ချင်းမိုင် တွင် ပြုလုပ်ခဲ့သော ဆွေးနွေးပွဲများမှတစ်ဆင့် သဘောတူညီမှု ရရှိပြီးဖြစ်ကာ ဇူလိုင်လ အတွင်း NCA အချောသတ် ရေးဆွဲနိုင်ရေး ဆွေးနွေးတော့မည်ဟု အဆင့်မြင့်ကိုယ်စားလှယ်အဖွဲ့ဝင် ဦးခွန်ဥက္ကာက ပြောကြားလိုက်သည်။

ဇွန်လအတွင်းက ဦးအောင်မင်း ဦးဆောင်သော UPWC အဖွဲ့နှင့် အဆင့်မြင့် ညှိနှိုင်းရေး ကိုယ်စားလှယ်အဖွဲ့ တို့ ချင်းမိုင်မြို့တွင် ကြိုတင်ညှိနှိုင်းတွေ့ဆုံခဲ့ပြီး သဘောတူညီမှု သုံးချက်ရရှိခဲ့ခြင်း ဖြစ်သည်။

ဦးခွန်ဥက္ကာက “ NCA ကို ဒီအစိုးရ သက်တမ်းအတွင်း အပြီးလုပ်မယ်။ NCA က လွဲပြီးဘယ်လို ဦးတည် ချက်မှ မလုပ်ဘူး။ ဘယ်လိုအကြောင်းကြောင့်မှNCAကို အပျက်မခံဘူးဆိုတဲ့အချက်သုံးချက်ကိုချင်းမိုင်မှာ သဘောတူညီခဲ့တဲ့အတွက် ရွေးကောက်ပွဲ မတိုင်ခင် လက်မှတ်ထိုးနိုင်ဖို့ မျှော်မှန်းထားပါတယ်” ဟု ပြောသည်။

သမ္မတ ဦးသိန်းစိန်ကလည်း ရွေးကောက်ပွဲ မတိုင်မီ အပစ်ရပ်စာချုပ် လက်မှတ်ရေးထိုးနိုင်ရေး ကြိုးပမ်း သွားမည်ဟု ၎င်း၏ လစဉ်ပုံမှန် ပြောကြားနေကျ ဇူလိုင်လ မိန့့်ခွန်းတွင် ထည့်သွင်းပြောကြား ထားသည်။

အစိုးရ သက်တမ်းအတွင်း လက်မှတ်ရေးထိုးနိုင်ရေးနှင့် ကြိုးပမ်းမှုနှင့်ပတ်သက်၍ မြန်မာငြိမ်းချမ်းရေး စင်တာမှ အကြီးတန်း အရာရှိ ဦးလှမောင်ရွှေက “လက်ရှိ အစိုးရ သက်တမ်းမှာ NCA ကို လက်မှတ်ရေးထိုးဖို့ ဆိုတာက နဂိုကပဲ ဒီမူနဲ့ ကျွန်တော်တို့ ကြိုးပမ်းနေတာဖြစ်ပါတယ်” ဟု ဆိုသည်။

NCA အချောသတ် ပြင်ဆင်အတည်ပြုရေးအတွက် UPWC နှင့် အဆင့်မြင့် ညှိနှိုင်းရေး ကိုယ်စားလှယ်အဖွ့ဲ တို့ ရန်ကုန်မြို့တွင် ဇူလိုင်လအတွင်း ထပ်မံတွေ့ဆုံရန် သဘောတူညီထားပြီး ဖြစ်သည်ဟုလည်း ၎င်းက ဆိုသည်။

အဆင့်မြင့် ညှိနှိုင်းရေး ကိုယ်စားလှယ်အဖွဲ့သည် NCA အချောသတ်ရေးကို လော်ခီးလာ ညီလာခံ၏ သဘောတူညီချက်များ ပါသော အချက်များဖြင့် အဓိက ဆွေးနွေးမည် ဖြစ်သည်။

လော်ခီးလာညီလာခံက NCA စာချုပ်မူကြမ်းပါ အချက် ၁၂ ချက်ကို ပြင်ဆင်ရန် သဘောတူညီ ခဲ့ပြီး ထိုအချက်များကို ထပ်မံဆွေးနွေးရမည် ဖြစ်သည်။

ဦးခွန်ဥက္ကာက “လော်ခီးလာ ညီလာခံရဲ့ တာဝန်ပေးချက်တွေကို ဆွေးနွေးမှာပေါ့။ အဲဒီမှာလည်း အားလုံး တော့ ပြည်စုံအောင် ညှိနှိုင်းချင်မှ ညှိနှိုင်းနိုင်မှာပေါ့ဗျာ။ သဘောတူတာလည်း ပါမယ်၊ အစည်းအဝေး မှတ်တမ်း အနေနဲ့လည်း ထားရမယ်။ ဆက်ဆွေးနွေးမယ့် အချက်တွေလည်း ပါဦးမှာပေါ့” ဟု ဆိုသည်။  

လော်ခီးလာညီလာခံ သဘောတူညီချက်အရNCCT အဖွဲ့ဝင် လက်နက်ကိုင် တပ်ဖွဲ့အားလုံး NCA တွင် ပါဝင်လက်မှတ်ရေးထိုးရန် သဘောတူညီထားသည်။ သို့သော် အဆင့်မြင့် ကိုယ်စားလှယ် အဖွဲ့နှင့် UPWC တို့၏ ဆွေးနွေးချက်များကို သဘောမတူညီသော လက်နက်ကိုင်အဖွဲ့ရှိပါက လက်မှတ် မထိုးဘဲနေနိုင်သည်ဟု ဦးခွန်ဥက္ကာက ပြောသည်။  

၎င်းက “အဆင့်မြင့်အဖွဲ့ရဲ့ တာဝန်က NCA မူချောထွက်လာဖို့။ ဒီမူချောကလည်း တိုင်းရင်းသားတွေရဲ့ သဘောဆန္ဒနဲ့ အနီးဆုံးဖြစ်အောင် ဆွေးနွေးမှာ ဖြစ်တယ်။ အကယ်၍ သဘောမတူတဲ့အဖွဲ့ ရှိခဲ့ရင်တော့ လက်မှတ် မထိုးဘဲ နေနိုင်တယ်”ဟု ဆိုသည်။

လက်ရှိအခြေအနေအရ ကချင်ပြည်နယ် ဆွမ်ပရာဘွမ်မြို့နယ်တွင်း အစိုးရတပ်များ တိုးချဲ့ချထားပြီး အပစ်အခတ်ရပ်စဲရေးစာချုပ် မခိုင်မာမီကာလအတွင်း စိုးရိမ်စရာ အခြေအနေများ ရှိနေသည်ဟု ကချင်ငြိမ်းချမ်းရေး အကျိုးတော်ဆောင်အဖွဲ့မှ ဦးလမိုင်ဂွန်ဂျာ က ပြောသည်။

ဦးလမိုင်ဂွန်ဂျာက “ဖားကန့်မှာ ဖြစ်လိုက်၊ ဖားကန့်မှာ အေးသွားပြီဆိုတော့ ဆွမ်ပရာဘွမ်ဘက်မှာလည်း အစိုးရဘက်က တပ်ရင်း လေးငါးခု တိုးချထားတယ်။ NCA မြန်မြန် မထိုးနိုင်ဘူးဆိုရင် တိုက်ပွဲတွေ ပိုပြီး ပြင်းထန် လာနိုင်ဖို့ ရှိတယ်” ဟု ပြောသည်။

ဇူလိုင်လ ပထမအပတ်က DKBA နှင့် အစိုးရတပ်တို့ အာရှလမ်းမကြီးပေါ်တွင် ပစ်ခတ်မှုများ ဖြစ်ပွားခဲ့ သည်။ ထို့ပြင် ဇွန်လအတွင်းက ရှမ်းမြောက်ပိုင်းတွင် တအာင်းပလောင် တပ်ဖွဲ့များနှင့် အစိုးရတပ်တို့အကြား တိုက်ပွဲများ ဖြစ်ပွားခဲ့သေးသည်။

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly