ဘဝနှစ်ခုအနက် မည်သည့် ဘဝကို ရွေးချယ် သင့်ကြပါသနည်း

ဘဝနှစ်ခုအနက် မည်သည့် ဘဝကို ရွေးချယ် သင့်ကြပါသနည်း

ကမ္ဘာပေါ်တွင် မကွယ်လွန်သော လူသားရယ်လို့မရှိပါ။ အနိစ္စကို လွန်ဆန်နိုင်သောအရာ ဘယ်ဟာမှ မရှိပါ။ သို့သော် ယဉ်ကျေးမှု ထူထောင်ထားရှိသည့် လူသားတို့သည် အနိစ္စကိုငြင်းဆန် နိုင်သည့် အယူအဆသို့မဟုတ် ယဉ်ကျေးမှုကိုမူ ထူထောင်ထားကြပြန် သည်။

ထို့ကြောင့် လည်း လူသားများသည် အခြားအခြားသော သတ္တဝါများထက်ပိုပြီး ထူးခြားသည့် သတ္တဝါ အမျိုးအစားအဖြစ် သတ်မှတ် ခံရခြင်း ဖြစ်ဟန်တူပါသည်။

ဂျာမန်စာရေးဆရာ ဟာမန်ဟက်စ်က လူသည် မြစ်ထဲကို နှစ်ခါ မဆင်းနိုင်ဟူ၍ သူ၏ သိဒ္ဒတ္ထ စာအုပ်တွင် ရေးခဲ့ဖူးပြန်သည်။

ဒါကတော့ ဗုဒ္ဓ၏ အနိစ္စကို အလှပဆုံး ဥပမာပေးထားသော စာကြောင်း ဖြစ်သည်။ စက္ကန့်မပြတ် ပြောင်းလဲနေသောအဖြစ်ကို သွယ်ဝိုက်သောနည်းဖြင့် တင်စား ပြောဆိုလိုက် ခြင်းဖြစ်သည်။ သို့သော် လူတို့ တီထွင်ထားရှိသည့် စကားပုံတစ်ခုကမူ ဟာမန် ဟက်စ်၏ အယူအဆ ကို ငြင်းပယ်သလို ဖြစ်သည်။ လူတို့က ဆောင်ပုဒ်တစ်ခု တီထွင်ထားကြပြန်သည်။ လူသေသော်လည်း နာမည်မသေဟူ၍ ဖြစ်ပါသည်။

မှန်ပါသည်။ ယင်းကဲ့သို့ ထူးခြားလေးနက်သည့် ယဉ်ကျေးမှု အမျိုးအစားတစ်ခုကို တီထွင် ကြသူ လူသားများသည် လူ့ယဉ်ကျေး မှုမြင့်မားရခြင်း၊ တည်တန့်နေရခြင်း၊ ခိုင်မာရခြင်းကို အာမခံ ပေးသည့် အယူအဆသစ်ကို ရှာကြံကြရင်းမှ ယင်း လူသာသေသော် လည်း နာမည်မသေ ဟူသော တော်လှန်သည့် အယူအဆတစ်ခုကို ရယူလိုက်နိုင်ခြင်းဖြစ်သည်ဟူ၍ ပြောလို့ရမည်ထင် ပါသည်။

လူသားများ ကောင်းကျိုးအတွက် မိမိကိုယ်ကျိုးကို စွန့်ကာ ယုတ်စွအဆုံး အသက်ကိုပင် စွန့်လွှတ်ကာ အနစ်နာခံဆောင်ရွက် ကြသော လူပုဂ္ဂိုလ်များသည် လူ့သဘာဝဓမ္မအတိုင်း ကွယ်လွန် ခြင်းကို မလွန်ဆန်နိုင်ကြပါ။ သို့သော် ထိုသူတို့၏ ကောင်းမြတ်သော စိတ်ထားနှင့် မွန်မြတ်သော အလုပ်ကြောင့် ထိုသူတို့၏ ကြီးမြတ်သော ဂုဏ်ကိုမူ ကျန်လူတို့က မမေ့နိုင်ကြ။ မေ့လည်း မမေ့ကြ။ မေ့ကောင်းသည့်အရာမျိုး မဟုတ်ဟူ၍လည်း အခိုင်အမာ ယုံကြည်ကြပါသည်။ 

သည်တော့ ထိုကြီးမြတ်သော ပုဂ္ဂိုလ်များကို ဂုဏ်ပြုသောအားဖြင့် ထိုကြီးမြတ်သော ပုဂ္ဂိုလ်များကို အတုယူ နမူနာယူကာ နောက် ထပ်ကြီးမြတ်သော ပုဂ္ဂိုလ်များ ပေါ်ပေါက်လာစေရေးအတွက် လူတို့သည် ဆောင်ပုဒ်တစ်ခုကို တီထွင်လိုက်ကြ၏။ ထိုဆောင်ပုဒ် မှာ လူသာသေသော်လည်း နာမည်မသေပါ ဟူသော ဆောင်ပုဒ်ပင် ဖြစ်သည်။

မကြာမီရက်ပိုင်းအတွင်း အမျိုးသား ခေါင်းဆောင်ကြီး ဗိုလ်ချုပ်အောင်ဆန်းနှင့်တကွသော အမျိုးသားခေါင်းဆောင်များ တိုင်းပြည် အတွက် အသက်ပေးသွားခဲ့ရသော အာဇာနည်နေ့သို့ ရောက်ရှိလာတော့မည် ဖြစ်သည်။

ထိုနေ့သည်ကား လူသေသော်လည်း နာမည်မသေပါဟူသည့် ဆောင်ပုဒ်ကို အထင်ရှားဆုံး ကိုယ်စားပြု သည့်နေ့တစ်နေ့ပင်ဖြစ် သည်။

ဗိုလ်ချုပ်အောင်ဆန်းသည် သေဆုံးသွားခဲ့ရသည်။ မဟတ္တမ ဂန္ဒီသည် သေဆုံးသွားခဲ့ရသည်။ ဂျိုဆေး ရီဇော်သည် သေဆုံးသွားခဲ့ရ သည်။ ဒေါက်တာ မာတင်လူသာကင်းသည် သေဆုံးသွားခဲ့ရ သည်။ သူတို့သည် သာမန် သေဆုံးရခြင်းမျိုးပင် မဟုတ်။

သူတို့ အသက်မရှည်ရေး၊ သူတို့ အလုပ်ဆက် မလုပ်နိုင်ရေးအတွက် မသမာသူတို့၏ သတ်ဖြတ်ခံရမှုကြောင့် သေဆုံးသွားကြ ရခြင်း ဖြစ်သည်။

လူသတ်သမားတို့သည် ထိုခေါင်းဆောင်များကို သေတွင်းသို့ပို့ကာ ခေါင်းဆောင်များကို နိဂုံးချုပ်သွားအောင် လုပ်ခဲ့ကြခြင်းဖြစ် သည်။

သို့သော်ခေါင်းဆောင်များက သေဆုံးမသွား။ ခေါင်းဆောင်တို့၏ အများအကျိုးဆောင်ရွက်ခြင်း အယူအဆက ဆက်လက် အသက် ရှင်နေသည်။ ခေါင်းဆောင်တို့၏ ဂုဏ်သတင်းက ဆက်လက်လျှောက်လှမ်းသွားနေသည်။

ကမ္ဘာ့လူဆိုးစာရင်းဝင် ဟစ်တလာလိုပုဂ္ဂိုလ်များ၊ ဘင်လာဒင်လို အစွန်းရောက်များ၊ ကဒါဖီလို အာဏာရှင်များ သည်လည်းသေဆုံး ကြရပါသည်။

သူတို့သည်လည်း အနိစ္စကို လွန်ဆန်နိုင်ဖို့ သူတို့ မတရားရယူထားသော စည်းစိမ်ဥစ္စာနှင့် အခွင့်အာဏာများကို အသုံးပြုကာ အစွမ်းကုန် ကာကွယ် ကြသည့်တိုင် သူတို့သည် သေဆုံးကြရ၏။ သို့သော် ထူးဆန်းသည့်အချက်မှာ ထိုသို့သောသူတို့သည်မူ မသေဆုံးမီကတည်းက သေဆုံးကြရသူများ ဖြစ်သည်ဟု လူတို့က သတ်မှတ်ယုံကြည်ကြပြန်ပါသည်။

မိမိတို့သည် လူသေသည့်တိုင် နာမည် မသေသည့် ဘဝ၊ လူမသေသေးသည့်တိုင် နာမည်က အရင်သေသည့် ဘဝ ဟူ၍ ဘဝနှစ်ခု နှစ်မျိုးနှစ်စား ရှိသည်ဆိုသည်ကို လက်ခံရပါမည်။ သေဆုံးခြင်း အဓိပ္ပာယ် မတူညီမှုကို လေးနက်ကြရပါမည်။

လေ့လာနှိုင်းယှဉ် မလွဲမသွေ ဆင်ခြင်ကြရပါမည်။ သည်သို့ဆိုလျှင် ယခုလို ဘဝနှစ်ခု ဘဝအမျိုးအစား နှစ်ခုရှိသည့်အနက် မိမိတို့သည် မည်သည့် ဘဝလမ်းကို ရွေးသင့်ပါသနည်း။ စဉ်းစားချင့်ချိန် ရွေးချယ်နိုင်ရေး အကြံပြုတင်ပြလိုက်ရပါသည်။