ဗိုလ်စိန်မှန်ကွင်းတွင် စက်ရုံဝန်ထမ်းများ ဆန္ဒထုတ်မှုနှင့် ပတ်သက်၍ Y.I.G.I ကုမ္ပဏီက ငြင်းဆို

ဗိုလ်စိန်မှန်ကွင်းတွင် စက်ရုံဝန်ထမ်းများ ဆန္ဒထုတ်မှုနှင့် ပတ်သက်၍ Y.I.G.I ကုမ္ပဏီက ငြင်းဆို

ရန်ကုန်၊ သြဂုတ် ၁၀ ။              ။ စက်ရုံမှာ တရားဝင်တင်ဒါဖြင့်ရရှိခဲ့ပြီး စာချုပ်၏ ရည်ရွယ်ချက်အတိုင်း ဆောင်ရွက်နေသည့်အတွက် စည်းကမ်းချက်များ ချိုးဖောက်သည်ဟု စွပ်စွဲ ပြောဆိုချက်များမှာ ဟုတ်မှန်ခြင်းမရှိကြောင်း Yaung Investment Group Industry (Y.I.G.I) ကုမ္ပဏီမှ ဒါရိုက်တာတစ်ဦးဖြစ်သူ ဒေါ်နန်းစောထွေးက မဇ္ဈိမသို့ပြောသည်။

ရန်ကုန်မြို့ ကမ္ဘာအေးဘုရားလမ်းရှိ ဆီဒိုးနားဟိုတယ်၌ သြဂုတ်လ(၁၀)ရက်က ပြုလုပ်သည့် သတင်းစာရှင်းလင်းပွဲတွင် မဇ္ဈိမသို့ ပြောကြားခဲ့ခြင်း ဖြစ်သည်။

"အလုပ်သမားတွေရဲ့ သူတို့ရဲ့ကိုယ်ကျိုးပေါ့၊ ကျနော်တို့နဲ့သက်ဆိုင်တဲ့ ဝန်ထမ်းဦးရေက ၃၈ ဦးပဲရှိတယ်၊ ဒါပေမယ့် ဒီစက်ရုံရဲ့အနောက်မှာ ဝန်ထမ်းအိမ်ရာတွေရှိတယ်၊ ဝန်ထမ်းအိမ်ရာကြီးက သက်ဆိုင်တာကော မသက်ဆိုင်တာကောပေါ့လေ အယောက်ပေါင်း ၁၀၀ ကျော် နေထိုင်နေတဲ့အတွက် သူတို့ ရဲ့လောဘဆိုတာလေးတစ်ခု၊ ဒီနေရာလေးမှာ သူတို့မပြောင်းချင်ဘူးဆိုတဲ့ တစ်ခုပေါ့လေ၊ အဲ့ဒီတစ်ခုကြောင့်သာ ဒီလောက် ဆန္ဒထုတ်ဖော်တဲ့ထိဖြစ်လာတယ်၊ ပြောရရင်တော့ သူတို့ရဲ့ ကိုယ်ကျိုးပေါ့၊ အဲ့ဒီပေါ်မှာမူတည်ပြီးဖြစ်ပေါ်လာတယ်လို့ပဲ ကျနော်တို့က ကောက်ချက်ချပါတယ်" ဟု ဒေါ်နန်းစောထွေးက ပြောသည်။

သြဂုတ်လ ၇ ရက်က ဗိုလ်စိန်မှန်ကွင်းတွင် လယ်ယာသုံးစက်ကိရိယာ ထုတ်လုပ်ရေးစက်ရုံဝန်ထမ်းများက ဆန္ဒထုတ်ဖော်ခဲ့သော အချက်များမှာ မမှန်ကန်ကြောင်း Y.I.G.I ကုမ္ပဏီက ပြန်လည် ရှင်းလင်းခဲ့ခြင်း ဖြစ်သည်။

အလုပ်သမားများ ဆန္ဒပြရသည့်အကြောင်းရင်းမှာ စာချုပ်အရ လယ်ယာသုံး စက်ပစ္စည်းကို အဓိက ထုတ်လုပ်ရမည်ဖြစ်သော်လည်း လက်ရှိတွင် ဆက်သွယ်ရေးလုပ်ငန်း၊ အာမခံလုပ်ငန်း စသည့် လယ်ယာလုပ်ငန်းနှင့် မသက်ဆိုင်သော လုပ်ငန်းများ လုပ်ကိုင်နေပြီး အလုပ်သမားအချို့ကို အလုပ်မှ ထုတ်ပယ်ခဲ့သည့်အတွက်ဟုဆိုကာ ဆန္ဒထုတ်ဖော်ခဲ့ကြခြင်းဖြစ်သည်။

(Y.I.G.I) ကုမ္ပဏီမှာ စိုက်ပျိုးရေးနှင့် ဆည်မြောင်းဝန်ကြီးဌာနပိုင် လယ်ယာသုံးစက်ကိရိယာ ထုတ်လုပ်ရေး စက်ရုံနှင့် အလုပ်သမားများကို စာချုပ်ချုပ်ဆိုပြီး ၂၀၁၃ခုနှစ် ဧပြီလတွင် လွှဲပြောင်းရယူခဲ့ခြင်းဖြစ်သည်။

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly