လိပ်ကျွန်းလူသတ်မှု DNA စစ်ခဲ့သည့် ထိုင်းမှုခင်းဆရာဝန်ကို တရားရုံး အမှုစစ်ဆေး

လိပ်ကျွန်းလူသတ်မှု DNA စစ်ခဲ့သည့် ထိုင်းမှုခင်းဆရာဝန်ကို တရားရုံး အမှုစစ်ဆေး

ချင်းမိုင် (မဇ္ဈိမ) ။ ။ ထိုင်းနိုင်ငံတောင်ပိုင်း ခိုတောင်ကျွန်း(လိပ်ကျွန်း)တွင် ဗြိတိန်နိုင်ငံသား နှစ်ဦး သတ်ဖြတ်ခံရမှုတွင် စွပ်စွဲခံထားရသူ မြန်မာနိုင်ငံသား ကိုဇော်လင်းနှင့် ကိုဝင်းဇော်ထွန်းတို့ အမှုနှင့် ပတ်သက်၍ ကော့စမွေခရိုင် တရားရုံးက DNA စစ်ဆေးခဲ့သော ထိုင်းမှုခင်းရဲဆရာဝန် နှစ်ဦးအား ဇူလိုင်လ ၁၀ ရက် တတိယနေ့တွင် စစ်ဆေးခဲ့သည်ဟု သိရသည်။

“ဒီနေ့ ထိုင်းမှုခင်း ရဲဆရာဝန် နှစ်ယောက်စစ်ပါတယ်။ သူတို့ ထွက်ဆိုချက်ကတော့ ဟန်နာရဲ့ တန်ဆာမှာ နှစ်မျိုးနဲ့ သုတ်ပေါ်မှာ တစ်မျိုး မတူတဲ့ ဒီအန်အေ သုံးမျိုးတွေ့တယ်လို့ ပြောပါတယ်။ ဟန်နာရဲ့ ညာဘက် လက်သူကြွယ်နဲ့ လက်ခလယ်ကြားမှာ တစ်လက်မအရှည်ရှိတဲ့ ဆံပင်အနီရောင် အပျော့လေး တွေ့ပါတယ်ဆိုတာ ပြောပါတယ်။ နောက် ဒဏ်ရာတွေထဲကနေ တစ်ခုဟာ ခုနပြောသလို အရှည်လိုက် မဟုတ်ဘဲနဲ့ ခုံးခုံးလေး ဖြစ်နေတယ်။ သဘောက ပေါက်တူးဒဏ်ရာမဟုတ်ဘူးဆိုတာကိုလည်း ပြောလာတာတွေ့ပါတယ်။ အဲဒါက ထူးခြားချက်ပါပဲ”ဟု ရှေ့နေ ဦးအောင်မျိုးသန့်က မဇ္ဈိမကို ပြောသည်။

“ထွက်ချက်အရ တရားခံ နှစ်ယောက်ဆိုရင် ဒီအန်အေက နှစ်ခုပဲ တွေ့ရမှာ ဒါပေမဲ့ ဒီအန်အေ သုံးခုတွေ့တယ်ဆိုတော့ သေချာပါတယ်။ နောက်တခါ ဆံပင်ကို ဒီအန်အေ ရှိရဲ့သားနဲ့ ဘာဖြစ်လို့ မစစ်သလဲ။ ဆံပင်ကို ဒီအန်အေ စစ်ပြီးတော့ ဒီအန်အေနဲ့ ပတ်သက်တာ ထွက်ချက်ပေးရမယ် ဒါလည်း ထူးခြားပါတယ်”ဟု သူက ပြောသည်။

ဇူလိုင်လ ၉ ရက်က လိပ်ကျွန်းပေါ်ရှိ အနှိပ်သည် ထိုင်းအမျိုးသမီးတစ်ဦးအား စစ်ဆေးခဲ့ရာ အခင်းဖြစ်ပွားခဲ့သည့် ၂၀၁၄ ခုနှစ် စက်တင်ဘာလ ၁၄ ရက်ညက အိမ်အပြန် ကျွန်းပေါ်တွင် ဂစ်တာတီး အင်္ဂလိပ်သီချင်းဆိုနေသည့် လူ ၃ ဦးအား တွေ့မြင်ခဲ့ရသော်လည်း မည်သူများ ဖြစ်သည်ကို မသိခဲ့ရဟု ထွက်ဆိုခဲ့သည်ဟု သူက ဆိုသည်။

ထို့ပြင် ပေါက်တူးဖြင့် အမှိုက်လိုက်ကောက်နေသည့် မြန်မာနိုင်ငံသား မောင်အို ဆိုသူအား တရားလိုပြ သက်သေအဖြစ် စစ်ဆေးရန် ဘာသာပြန်သည် ထိုင်းရဲဘက်မှ ကမာဆိုသူ(ကုလား)ကို ခေါ်ယူခဲ့သဖြင့် မသုံးတော့ဘဲ ခတ္တရပ်ထားခဲ့ရသည်ဟု သူက ပြောသည်။

ဇူလိုင်လ ၈ ရက်က ဆရာဝန် တစ်ဦး၊ အမှုစစ်ဆေးခဲ့သော မူခင်း ရဲ တစ်ဦး၊ လိပ်ကျွန်းသူကြီး၏ မြေးနှင့် သူ၏ သူငယ်ချင်းတို့ လေးဦးကို စစ်ဆေးခဲ့ရာ မူခင်းရဲက သက်သေခံပစ္စည်း အချို့ ကော့တောင်းကျွန်းမှ ပို့လာတာကို လက်ခံယူပြီး ကော့စမွေ လေဆိပ်မှတဆင့် ဘန်ကောက်သို့ ပို့သည့် တာဝန်ယူခဲ့ကြောင်း ထွက်ဆိုခဲ့သည်ဟု သိရသည်။ ၎င်းသက်သေပစ္စည်းပြန်စစ်ဆေးရန် တရားခွင်သို့ ရောက်လာခြင်း မရှိသေးသဖြင့် မစစ်ဆေးနိုင်သေးကြောင်း သူက ဆိုသည်။  

တရားလိုပြ သက်သေ ၆၅ ဦးထဲမှ သုံးရက်ကြာ စစ်ဆေးခဲ့သော လူ ၉ ဦးအား စစ်ဆေးမှုများတွင် စွတ်စွဲခံထားရသူ မြန်မာနိုင်ငံသား နှစ်ဦးသည် ပြစ်မှုကျူးလွန်ကြောင်း လုံလောက်သည့် သက်သေ ထွက်ဆိုပေးနိုင်ခြင်း မရှိသေးကြောင်း ရှေ့နေ ဦးအောင်မျိုးသန့်က ပြောသည်။

“သုံးရက်သာမှာ ၉ ယောက်စစ်ပြီးတော့ ကလေးတွေ ပြစ်မှုကျူးလွန်ပါတယ်လို့ တစ်ထစ်ချ ယုံကြည်ရလောက်အောင် ဘယ်သူမှ မထွက်ဆိုနိုင်သေးပါဘူး။ ပြစ်မှုကျူးလွန်တယ်ဆိုတာ ခိုင်လုံတဲ့ သက်သေမျိုးမရှိဘူးဆိုတာဘဲ သုံးသပ်လို့ ရတယ်”ဟု သူက သုံးသပ်သည်။  

အသက် ၂၄ နှစ်ရှိ ဒေးဗစ်မီလာကို သတ်ဖြတ်ခြင်းနှင့် အသက် ၂၃ နှစ်ရှိ ဟန်နာကို အဓမ္မကျင့် သတ်ဖြတ်သည်ဟု စွတ်စွဲခံရသူ မြန်မာနိုင်ငံသား ၂ ဦးကို ပြီးခဲ့သည့် ၂၀၁၄ ခုနှစ် စက်တင်ဘာလ ၁၅ ရက်က ထိုင်းရဲတပ်ဖွဲ့က ဖမ်းဆီးခဲ့ပြီး လူသတ်မှု၊ အဓမ္မပြုကျင့်မှု၊ ပစ္စည်းခိုးမှု၊ လုယက်မှု၊ သတင်းထိန်ချန်မှု၊ တရားမဝင် လာရောက်မှုနှင့် တရားမဝင်နေထိုင်မှု စသည့် စွဲချက် ၇ ချက်ဖြင့် တရားစွဲဆိုထားခြင်း ဖြစ်သည်။

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly

Tags