၂၁ ရာစုပင်လုံ ညီလာခံသို ့လူမျိုးစု အလိုက်ကိုယ်စားပြုတက်ရောက်ခွင့်ကို သြဂုတ်လလယ်တွင်ကျင်းပမည့် UPDJC အစည်းအဝေးတွင် ဆုံးဖြတ်မည်

၂၁ ရာစုပင်လုံ ညီလာခံသို ့လူမျိုးစု အလိုက်ကိုယ်စားပြုတက်ရောက်ခွင့်ကို သြဂုတ်လလယ်တွင်ကျင်းပမည့် UPDJC အစည်းအဝေးတွင် ဆုံးဖြတ်မည်

နေပြည်တော်၊ သြဂုတ် ၁၀ ။           ။ ၂၁ ရာစု ပင်လုံညီလာခံသို့တိုင်းရင်းသား လူမျိုးစုအလိုက် ကိုယ်စားပြုတက်ရောက်ခွင့် ကိစ္စနှင့် ပတ်သက်၍ ယခုလည်လယ်ပိုင်းတွင် ကျင်းပမည့် UPDJC အစည်းဝေးတွင် ဆုံးဖြတ်မည် ဖြစ်ကြောင်း နိုင်ငံတော်အတိုင်ပင်ခံရုံး ဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဦးကျော်တင့်ဆွေက ပြောသည်။

“ကျွန်တော်တို့အနေနဲ့ပါဝင်သင့်ပါဝင်ထိုက်တဲ့သူတွေ၊ တိုင်းရင်းသားလက်နက်ကိုင် အဖွဲ့အစည်းတွေကော၊ တိုင်း ရင်းသားတွေကိုကော ပါဝင်နိုင်ရေးကို အလေးထားဆောင်ရွက်လျက်ရှိပါတယ်”ဟု ပြည်ထောင်စုဝန်ကြီး ဦးကျော်တင့်ဆွေက ပြောသည်။

UPDJC အစည်းအဝေးတွင် ၂၁ ရာစု ပင်လုံညီလာခံသို့တိုင်းရင်းသား လူမျိုးစု အလိုက် ကိုယ်စားပြုတက်ရောက်ခွင့် ရှိ၊ မရှိ နှင့် မည်ကဲ့သို့စီစဉ်ဖိတ်ကြားမည်၊ မည်ကဲ့သို့ ကျင်းပပြုလုပ်မည် စသည့် ကိစ္စရပ်များကို ဆုံးဖြတ်မည်ဖြစ်ကြောင်း ၎င်းကဆိုသည်။

ဒုတိယအကြိမ် အမျိုးသားလွှတ်တော် ဒုတိယ ပုံမှန် အစည်းအဝေး (၁၂) ရက်မြောက်နေ့တွင် ရှမ်းပြည်နယ် မဲဆန္ဒနယ် အမှတ် (၁၁) မှ အမျိုးသားလွှတ်တော် ကိုယ်စားလှယ် ဦးကျော်နီနိုင်   မေးမြန်းသည့် ပြည်ထောင်စု ငြိမ်းချမ်းရေးညီလာခံ (သို့မဟုတ်) ၂၁ ရာစု ပင်လုံညီလာခံ နှင့် စပ်လျဉ်း၍ သိရှိလိုသည့် မေးခွန်းအပေါ် ပြည်ထောင်စုဝန်ကြီး ကပြန်လည် ဖြေကြားခဲ့ခြင်းဖြစ်သည်။

“ ဒီမေးခွန်းမှာ မေးထားတဲ့ အချက်တွေ နဲ့ပက်သက်၍လည်း (UPDJC) မှာဆုံးဖြတ်ပြီးမှ ပေါ်ထွက်လာမှာဖြစ်တဲ့အတွက် ဘယ်လိုဖြစ်လာမလဲဆိုတာ လတ်တလောကာလမှာ အတိအကျ မပြောနိုင်သေးပါဘူး ” ဟု ပြည်ထောင်စုဝန်ကြီးက ပြောသည်။

ပြည်ေထောင်စု ငြိမ်းချမ်းရေးညီလာခံ (၂၁)ရာစုပင်လုံ သို့တက်ရောက်မည့် ကိုယ်စားလှယ်ပေါင်း ခုနှစ်ရာ ခန့် ရှိမည်ဟုခန့်မှန်းထားသည်ဟုလည်း  ပြည်ထောင်စုဝန်ကြီးက ဆိုသည်။

၂၁ ရာစု ပင်လုံညီလာခံသို့ အစိုးရအဖွဲ့ကိုယ်စားလှယ် (၇၅) ဦး၊ လွှတ်တော်ကိုယ်စားလှယ် (၇၅) ဦး၊ တပ်မတော် ကိုယ်စားလှယ် (၁၅၀) ဦး၊ တိုင်းရင်းသားလက်နက်ကိုင်အဖွဲ့အစည်းများမှကိုယ်စားလှယ် (၁၅၀) ဦး၊ တရားဝင်နိုင်ငံရေးပါတီ မှ (၁၅၀) ဦး ၊ တိုင်းရင်းသားကိုယ်စားလှယ် (၅၀) ဦး၊ အခြားပါဝင်သင့်ပါဝင်ထိုက်သူ (၅၀) ဦးတက်ရောက်မည်ဟု ခန့်မှန်းထားကြောင်း   ပြည်ထောင်စုဝန်ကြီး၏   ပြောကြားချက်အရ သိရသည်။

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly